ကလေးတွေအပေါ် မိဘတွေက ကတိမတည်ရင် သူတို့ဘဝအတွက် ဘယ်လိုဆိုးကျိုးတွေ ရစေမလဲ

ကတိစကားက လူကြီးတွေအတွက်သာမက ကလေးတွေအတွက်ပါ အရေးကြီးပါတယ်။ ကလေးတွေကို ပေးထားတဲ့ကတိတွေမတည်တဲ့အခါ မိဘတွေက သူတို့ကို မချစ်ကြောင်း၊ အလေးမထားကြောင်း ထင်သွားတတ်ပါတယ်။ အဲဒါကြောင့် ကလေးတွေအပေါ် ကတိမတည်တဲ့အခါ ကလေးတွေအပေါ် ဘယ်လိုထိခိုက်မှုတွေ ရှိစေလဲဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

ကလေးတွေက သင့်ကို လိမ်တတ်သူလို့ ထင်သွားနိုင်ပါတယ်။

မိဘတွေက ကလေးတွေကို ကတိဆိုတာ တည်ရကြောင်း သင်ပေးတတ်ပါတယ်။ ဒါပေမယ့် မိဘတွေကိုယ်တိုင်က အကြောင်းအမျိုးမျိုးကြောင့် ကလေးတွေအပေါ် ကတိမတည်နိုင်တဲ့ အခိုက်အတန့်တွေလည်း ရှိပါတယ်။

ကလေးတွေအပေါ် ကတိမတည်တော့တဲ့အခါ မိဘတွေက သူတို့အပေါ် ညာသွားတယ်လို့ အထင်ရောက်သွားနိုင်ပါတယ်။ ကလေးတွေက မိဘတွေကို စံပြသတ်မှတ်ထားတာကြောင့် မိဘတွေ ကတိမတည်တဲ့အခါ ကလေးတွေအတွက် ခံစားသွားရပါတယ်။

မိဘတွေအတွက် သူဟာ အဓိပ္ပါယ်မရှိသူလို့ တွေးမိသွားတတ်ပါတယ်။

သင်က ကလေးကို နာကျင်ပါစေဆိုပြီး ကတိမတည်တာ မဟုတ်ပေမယ့် ကလေးအတွက်တော့ နာကျင်သွားရပါတယ်။ မိဘတွေက အရေးတစိုက်မရှိဘူး၊ မချစ်တော့ဘူးလို့ ထင်သွားပါတယ်။ သင်က နောက်ပိုင်း ကတိတွေ ပေးရင်တော့ တည်မှာမဟုတ်ဘူးလို့ မြင်သွားစေပါတယ်။

ကလေးတွေကိုယ်တိုင်လည်း ကတိမတည်တော့ပါဘူး။

ကလေးတွေက မိဘတွေရဲ့အပြုအမူတိုင်းကို အတုယူပါတယ်။ သင်က ကလေးအပေါ် ကတိမတည်ရင် ကလေးကလည်း တခြားသူတွေအပေါ် ကတိမတည်တော့ပါဘူး။ ကတိမတည်လည်း ကိစ္စမရှိဘူးလို့ ထင်သွားလေ့ ရှိကြပါတယ်။ ကတိကို လွယ်လွယ်ပေးပြီး လွယ်လွယ်ပျက်တတ်သူအဖြစ် ကြီးပြင်းသွားတတ်ကြပါတယ်။

မိဘတွေအပေါ် လေးစားစိတ် လျော့ကျသွားစေနိုင်ပါတယ်။

ကတိက မိဘနဲ့ ကလေးအကြား ယုံကြည်မှု၊ လုံခြုံမှုတွေကို တည်ဆောက်ပေးပါတယ်။ မိဘတွေကိုယ်တိုင်က အကြောင်းအမျိုးမျိုးကြောင့် ကတိမတည်နိုင်တဲ့အကြောင်းကို ကလေးတွေအတွက် ဆက်စပ်စဉ်းစားဖို့ ငယ်နေပါသေးတယ်။

သူတို့အတွက်ကတော့ မိဘတွေက ကတိမတည်ဘူးလို့ပဲ မြင်ကြပါတယ်။ သင့်ဘက်က ကတိဖျက်တာ များလာရင် ကလေးက သင့်ကို လေးစားမှုတွေ လျော့ကျသွားပါတယ်။ အဲဒါကြောင့် ကလေးတွေကို ကတိမပေးသင့်ဘူးလို့ မဟုတ်ပါဘူး။

သင့်အတွက် အဆင်မပြေတဲ့အခါ ကလေးကို ကတိအလွယ် မပေးလိုက်သင့်ပါဘူး။ ကလေးတွေအတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ ကတိစကားက အရေးပါပါတယ်။ ကလေးနဲ့ မိဘအကြား ကတိတည်ခြင်းက ကလေးအတွက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments