လူသိနည်းတဲ့ မြေဖြူရဲ့အသုံးဝင်ပုံ (၈) ချက်

မြေဖြူက လူတိုင်းနဲ့ ငယ်စဉ်ကတည်းက ရင်းနှီးခဲ့တဲ့ သူငယ်ချင်းဟောင်းတစ်ယောက်ပါပဲ။ မြေဖြူဟာ သင်ပုန်းပေါ်မှာ စာရေးဖို့ အသုံးဝင်ရုံသာမက အခြားနေရာတွေမှာလည်း အသုံးဝင်ပါသေးတယ်။ မြေဖြူက လူတိုင်းရဲ့နေ့စဉ်ဘဝမှာ ဘယ်လိုကူညီပေးနိုင်လဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ဆီစွန်းများကို ဖယ်ရှားပေးခြင်း

အင်္ကျီတွေမှာ ဟင်းတွေရဲ့ဆီတွေ ပေကျံနေရင် ချွတ်ရခက်ပါတယ်။ တစ်ခါတရံ ဆီစွန်းတွေကို ချွတ်လို့မရဘဲ အင်္ကျီမှာ စွဲသွားတတ်ပါတယ်။ ဆီစွန်းနေတဲ့အင်္ကျီတွေကို မလျှော်ခင်မှာ ၁၀မိနစ်ခန့် မြေဖြူနဲ့ ပွတ်တိုက်ပေးပါ။ ပြီးမှ ပုံမှန်လျှော်နေကျအတိုင်း လျှော်လို့ရပါတယ်။ မြေဖြူက ဆီတွေကို လွယ်လွယ်ကူကူ စုပ်ယူပေးနိုင်ပါတယ်။

၂။ ငွေထည်ပစ္စည်းများကို တောက်ပစေခြင်း

ငွေဇွန်း၊ ငွေပန်းကန်တွေက အချိန်ကြာလာရင် အရောင်လွင့်ပြီး မည်းလာပါတယ်။ အဲဒီလိုမမည်းသွားစေဖို့ ငွေဇွန်း၊ ငွေပန်းကန်တွေ ထည့်ထားတဲ့ဗီရိုထဲမှာ မြေဖြူလေးတွေကို ထည့်ထားပေးရုံပါပဲ။ အစိုဓာတ်ကြောင့် ငွေထည်ပစ္စည်းတွေက မည်းသွားတတ်ပါတယ်။ မြေဖြူက အစိုဓာတ်ကို စုပ်ယူပေးနိုင်တာ ငွေထည်တွေ မမည်းသွားအောင် ကူညီပေးနိုင်ပါတယ်။ ငွေထည်လက်ဝတ်ရတနာတွေ မမည်းသွားစေဖို့ မြေဖြူခဲလေးတွေကို လက်ဝတ်ရတနာဘူးထဲမှာ ထည့်ထားလို့ရပါတယ်။

၃။ အဝတ်အစားတွေ အောက်သိုးသိုးအနံ့မထွက်အောင် ကူညီပေးနိုင်ခြင်း

အဝတ်အစားတွေကို အချိန်အကြာကြီး သိမ်းထားပြီးတဲ့အခါ အောက်သိုးသိုးအနံ့၊ မှိုနံ့တွေ ထွက်လာတတ်ပါတယ်။ အဲဒီလိုအနံ့တွေ ထွက်မလာအောင် မြေဖြူက ကူညီပေးနိုင်ပါတယ်။ ဗီရိုထဲမှာ မြေဖြူခဲလေးတွေကို ထည့်ထားလိုက်ပါ။ မြေဖြူခဲလေးတွေက မကောင်းတဲ့အနံ့အသက်တွေကို စုပ်ယူပေးနိုင်ပါတယ်။ ဖိနပ်တွေ အနံ့အသက် မကောင်းတဲ့အခါမှာလည်း ဖိနပ်ဘူးတွေထဲမှာ မြေဖြူခဲကို ထည့်ထားလို့ရပါတယ်။

၄။ သံချေးမတက်အောင် ကာကွယ်ပေးခြင်း

သံထည်တွေက ရေ၊ ရေငွေ့နဲ့ ထိတွေ့တဲ့အခါ သံချေးတက်သွားပြီး အလကားဖြစ်သွားတတ်ပါတယ်။ အဲဒီလိုမဖြစ်ရလေအောင် မြေဖြူခဲလေးတွေကို သံပစ္စည်းတွေထည့်တဲ့ဘူး၊ သေတ္တာထဲ ရောထည့်ထားလိုက်ပါ။ မြေဖြူခဲက လေထဲက အစိုဓာတ်တွေကို စုပ်ယူပေးပါတယ်။ ကျောက်လှည့်ရဲ့အစွန်းတွေကို မြေဖြူခဲနဲ့ ပွတ်တိုက်ပေးရင် နဂိုထက် လှည့်ရတာ ပိုသွက်လာစေပါတယ်။

၅။ ပိုးမွှားတိရစ္ဆာန်တွေကို ကာကွယ်ပေးခြင်း

ပုရွက်ဆိတ်တွေက ရောဂါပိုးတွေကို သယ်ဆောင်လာတတ်ပါတယ်။ ပုရွက်ဆိတ်တွေက အစားအစာတွေ၊ အဝတ်အစားတွေထဲကို ဝင်နေတတ်တာကြောင့် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပါတယ်။ ဒါပေမယ့် မြေဖြူရှိနေရင် စိတ်ညစ်စရာ မလိုတော့ပါဘူး။ ပုရွက်ဆိတ်တွေ ဝင်မလာစေအောင် တံခါးပေါက်၊ ပြူတင်းပေါက်၊ မီးဖိုခန်းနားတွေမှာ မြေဖြူနဲ့ မျဉ်းဆွဲထားလိုက်ပါ။

၆။ အင်္ကျီက အဝါစွန်းတွေကို ကင်းစင်စေခြင်း

အင်္ကျီမှာ ကြာရှည်စွဲနေတတ်တဲ့ အဝါစွန်းတွေက လျှော်ရခက်ပါတယ်။ အကြိမ်ကြိမ်အခါခါ ပွတ်တိုက်ပေမယ့် ပျောက်မသွားတတ်ပါဘူး။ အင်္ကျီမှာ အဝါစွန်းတွေ ရှိနေတဲ့နေရာတွေပေါ်ကို မြေဖြူနဲ့ ပွတ်တိုက်ပေးပါ။ ပွတ်တိုက်ပြီး ၁၀မိနစ်ခန့် ထားပြီးနောက် ပုံမှန်အတိုင်းလျှောက်လိုက်လို့ရပါပြီ။

၇။ နံရံပေါ်က အစွန်းတွေကို လျင်လျင်မြန်မြန်ဖယ်ရှားပေးခြင်း

နံရံတွေပေါ်မှာ ကလေးတွေက အရုပ်တွေ ဆွဲထားတဲ့အခါ၊ ဟင်းချက်တဲ့ရင် ဆီတွေက နံရံတွေပေါ်မှာ ပေကျံနေတဲ့အခါ ဖယ်ရှားဖို့ခက်ပါတယ်။ အဲဒီအခါ မြေဖြူအမှုန့်နဲ့ ကြိုက်နှစ်သက်ရာ အရောင်တစ်မျိုးမျိုးကို ရောစပ်ပြီး နံရံပေါ်မှာ သုတ်လိမ်းလိုက်လို့ ရပါတယ်။ ဒါမှမဟုတ် နံရံပေါ်က ပေနေတဲ့ဆီကွက်တွေပေါ်မှာ မြေဖြူကို ပွတ်တိုက်ပေးရုံနဲ့လည်း ပြောင်သွားတတ်ပါတယ်။

၈။ လက်သည်းကျန်းမာရေး

မြေဖြူကို လက်သည်းအလှအပအတွက်လည်း အသုံးပြုလည်း ရပါတယ်။ မြေဖြူမှုန့်လေးကို သွားတိုက်တံနဲ့ ယူပြီး လက်သည်းပေါ်မှာ ပွတ်တိုက်ပေးရုံပါပဲ။ မြေဖြူမှုန့်က လက်သည်းတွေကို တောက်ပလာစေပါတယ်။ ခြေသည်းတွေကိုလည်း ဒီနည်းအတိုင်း အသုံးပြုနိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments