သင့်ကလေးမှာ တစ်ကိုယ်ကောင်းဆန်ဘဝင်မြင့်တတ်တဲ့အကျင့်ပျောက်စေဖို့ ဒီအချက် (၈) ချက်ကို ပြောပြပေးပါ

တစ်ကိုယ်ကောင်းဆန်တတ်တဲ့အကျင့်က ငယ်စဉ်ကတည်းက ကလေးတွေမှာ ရှိနေတတ်ပါတယ်။ တစ်ကိုယ်ကောင်းဆန်တတ်တဲ့အကျင့်က ပြုပြင်ရခက်တဲ့ အကျင့်တွေထဲက တစ်ခုပါပဲ။ အဲဒီအကျင့်ဟာ သင့်ကလေးမှာ ရှိနေတာကို သတိထားမိရင် အခုဖော်ပြမယ့် အချက်လေးတွေနဲ့ ပြုပြင်ပေးနိုင်ပါတယ်။

ကိုယ့်ကိုယ့်ကိုယ် အတော်ဆုံးအတတ်ဆုံးလို့ ထင်တာနဲ့ ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုရှိတာက ကွဲပြားပါတယ်။ ကိုယ့်ကိုယ်ကိုယ် အတော်ဆုံးအတတ်ဆုံးလို့ အထင်ရောက်တတ်တဲ့စိတ်၊ ဘဝမြင့်စိတ်ကြီးဝင်တတ်တဲ့စိတ်၊ တစ်ကိုယ်ကောင်းဆန် အတ္တကြီးတတ်တဲ့စိတ်က ဘဝတစ်ခုလုံးကို ကပြောင်းကပြန် ဖြစ်သွားစေတဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။

၁။ စာနာတတ်မှု

တစ်ကိုယ်ကောင်းဆန်သူတွေက သူများအတွက် နည်းနည်းလေးပဲ စဉ်းစားပေးပြီး သူတို့ပဲ အရေးပါတယ်လို့ ထင်တတ်ကြပါတယ်။ အဲဒါကြောင့် သင့်ကလေးကို စာနာတတ်အောင် သင်ကြားပေးဖို့လိုပါတယ်။ အခြားသူတွေရဲ့ခံစားချက်ကို ကိုယ်ချင်းစာပေးတတ်အောင်၊ ကူညီပေးတတ်အောင် ပုံပြင်လေးတွေနဲ့ ပျိုးထောင်ပေးလို့ ရပါတယ်။ မိဘက ကလေးတွေရဲ့စံပြ ဖြစ်တာကြောင့် သင်ဟာ ကြင်နာတတ်သူအဖြစ် နေထိုင်ပြတဲ့အခါ ကလေးက သင့်ကို အတုယူမှာပါ။

၂။ စိတ်ဝင်စားတဲ့အရာ

ကလေးတွေမှာ သူတို့စိတ်ဝင်စားတဲ့ အရာများစွာ ရှိနေတတ်ပါတယ်။ သူတို့စိတ်ဝင်စားတဲ့အရာတွေကို ပိုပြီးလုပ်နိုင်စေဖို့ ကူညီပေးပါ။ အသင်းအဖွဲ့နဲ့ ကစားရတဲ့ ကစားနည်းတွေမှာ ပါဝင်ကစားရင် ကလေးအတွက် လူမှုဆက်ဆံရေးလည်း ကောင်းလာစေသလို ကောင်းမွန်တဲ့ ဝါသနာကို တည်ဆောက်ပြီးသားလည်း ဖြစ်စေပါတယ်။

၃။ တာဝန်သိတတ်မှု

အတ္တကြီးတဲ့သူသတွေက သူတို့ရဲ့အပြုအမူနဲ့ နောက်ဆက်တွဲ အရာတွေကို တာဝန်ယူလေ့ မရှိပါဘူး။ အဲဒါကြောင့် သင့်ကလေးကို အမှားတွေကို လက်ခံတတ်အောင်၊ မကောင်းတဲ့ အပြုအမူကို နားလည်အောင်၊ မိမိရဲ့လုပ်ရပ်အပေါ် တာဝန်ယူတတ်အောင် ငယ်စဉ်ကတည်းက သင်ကြားပေးသင့်ပါတယ်။

၄။ အထင်သေးတဲ့စိတ်

တစ်ကိုယ်ကောင်းဆန်သူတွေက သူတစ်ပါးကို အရမ်းအထင်သေး တတ်ကြပါတယ်။ သူတို့ပဲ လုပ်နိုင်တယ်၊ တွေးခေါ်နိုင်တယ်လို့ အထင်ရောက်တတ်ကြပါတယ်။ အဲဒီအကျင့်ကို ပျောက်သွားစေဖို့ စိန်ခေါ်တဲ့ ကစားနည်းတွေကို ကစားခိုင်းပါ။ စိန်ခေါ်တဲ့ ကစားနည်းတွေမှာ ကန့်သတ်ချက်တွေရှိပြီး အဖြေတွေအားလုံးကို တစ်ချိန်တည်းမှာ မရနိုင်ကြောင်း နားလည်သွားပါလိမ့်မယ်။

၅။ ချီးကျူးတဲ့စကား

ကလေးတွေရဲ့ ကြိုးစားအားထုတ်မှုအတွက် ချီးကျူးတဲ့စကားက မဖြစ်မနေ လိုအပ်ပါတယ်။ ချီးကျူးစကားက ကလေးရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးတက်စေဖို့အတွက် အရေးပါပါတယ်။ ဒါပေမယ့် ချီးကျူးစကားကို ပါးပါးနပ်နပ်ပြောတတ်ဖို့လည်း လိုပါသေးတယ်။ ကလေးကို မလိုအပ်ဘဲ တစ်ချိန်လုံး ချီးကျူးနေရင် ဖြစ်ချင်တာနဲ့ ဖြစ်လာတာနဲ့ တခြားစီ ဖြစ်သွားတတ်ပါတယ်။

၆။ အကန့်အသတ်

တစ်ကိုယ်ကောင်းဆန်သူတွေက သူတို့လိုချင်တာ၊ ဖြစ်ချင်တာ၊ လုပ်ချင်တာကိုပဲ သိကြပါတယ်။ အဲဒါကြောင့် မိဘတွေက ကလေးတွေကို သူတို့ရဲ့လွတ်လပ်ခွင့်၊ အတွေးအမြင်တွေကို မထိခိုက်စေမယ့် အကန့်အသတ်တွေ ထားပေးသင့်ပါတဘ်။ ဥပမာ ထမင်းစားချိန်၊ ကစားချိန်၊ စာဖတ်ချိန်တွေကို သူ့အချိန်နဲ့သူ သတ်မှတ်ထားပေးပါ။ အချိန်နဲ့ အလုပ်လုပ်တတ်တာက ကလေးတွေကို ရင့်ကျက်စေပြီး သူတို့အတွက် စိတ်ရှည်မှုကိုလည်း သင်ပေးပြီးသားဖြစ်စေပါတယ်။

၇။ နှိုင်းယှဉ်ခြင်း

ကလေးတွေအတွက် အောင်မြင်မှုနဲ့ ကျရှုံးမှုဆိုတာ သူတို့ရဲ့ကြိုးစားအားထုတ်မှုအပေါ်မှာ မူတည်ကြောင်း သင်ကြားပေးပါ။ သင့်ကလေးကို အခြားကလေးနဲ့ နှိုင်းယှဉ်ပြီး မခံချင်စိတ်ဖြစ်လာအောင် ပြောတာက ကလေးတွေအတွက် ကောင်းကျိုးထက် ဆိုးကျိုးပဲ ဖြစ်စေတာပါ။

၈။ ချစ်ခြင်းမေတ္တာ

ချစ်ခြင်းမေတ္တာကို အပြည့်အဝ မရရှိတဲ့ ကလေးတွေဟာလည်း တစ်ကိုယ်ကောင်းဆန် သွားတတ်ကြပါတယ်။ အဲဒါကြောင့် သူတို့အတွက် မိဘတွေက အဆင်သင့်ရှိကြောင်း၊ မိဘတွေက ချစ်ကြောင်းကို ကလေးတွေ သိအောင်ထုတ်ဖော်ပြပေးပါ။ ချစ်ခြင်းမေတ္တာကို နားလည်တတ်တဲ့ကလေးက တခြားသူတွေအပေါ်မှာလည်း မေတ္တာတွေကို မျှဝေတတ်သွားပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments