သင့်ကလေး လေနာတဲ့အခါ အမြန်ဆုံးသက်သာစေမယ့် နည်းလမ်းများ

ကလေးတွေဟာ အစာကျွေးခြင်း၊ နို့စို့ခြင်းတို့ကြောင့် ဗိုက်ထဲမှာ လေတွေခံနေတတ်ပါတယ်။ ခဏခဏငိုတာကလည်း ဗိုက်ထဲမှာ လေတွေပြည့်နေစေတတ်ပါတယ်။ ဒီလို လေတွေခံနေရင် ကလေးတွေအတွက် နေရထိုင်ရတာ မကောင်းစေပဲနဲ့ ဗိုက်တွေ နာနေတတ်ပါတယ်။ ဒါကြောင့် သင့်ကလေးကို လေနာတာ သက်သာအောင် မိဘတွေက ဘယ်လိုလုပ်ပေးရမလဲ ဆိုတာကို love media ကနေ ပြောပြပေးချင်ပါတယ်။

၁။ ခြေထောက်တွေကို စက်ဝိုင်းပုံစံ လှည့်ပေးပါ။

သင့်ကလေးကို ကြမ်းပြင်ပေါ်မှာ လှဲခိုင်းပြီးတော့ ခြေထောက်တွေကို စက်ဝိုင်းပုံစံ လှည့်ပေးလိုက်ပါ။ ဒီလှုပ်ရှားမှုက သင့်ကလေး ဝမ်းချုပ်ရင် အစာချေဖျက်နိုင်စေဖို့ ကူညီပေးပါတယ်။

၂။ ဗိုက်ကို နှိပ်ပေးပါ။

ဗိုက်ကို နှိပ်ပေးတာက သင့်ကလေးရဲ့ အူအတွင်းမှာ ရှိတဲ့လေကို အူလမ်းကြောင်းဆီသို့ ရောက်သွားစေတာကြောင့် ဗိုက်ထဲမှာ ပိတ်မိနေတဲ့လေတွေကို ထွက်သွားစေနိုင်ပါတယ်။ သင်က ဒီလိုနှိပ်ပေးမယ်ဆိုရင်တော့ ကလေးအထူးကုနဲ့ အရင်တိုင်ပင်တာကောင်းပါတယ်။ ဒါမှ နည်းနာတွေကို သိမှာဖြစ်ပြီး ကလေးကိုလည်း မထိခိုက်စေမှာပဲ ဖြစ်ပါတယ်။

ပြီးတော့ နှိပ်ပေးနေတဲ့အချိန်မှာလည်း ကလေး ပျော်ရွှင်နေတာကိုပဲဖြစ်ဖြစ်၊ ပြုံးရွှင်နေတာကိုပဲဖြစ်ဖြစ် စောင့်ကြည့်ပါ။ တကယ်လို့ သူ့မျက်နှာက နာကျင်နေတဲ့ပုံ ဖြစ်နေရင်တော့ ရပ်လိုက်တာ အကောင်းဆုံးပါပဲ။ နှိပ်ပေးတဲ့အချိန်မှာ စားထားတာတွေ အန်ထွက်မလာစေဖို့ ၄၅ မိနစ်လောက် ခြားပြီးမှ နှိပ်ပေးသင့်ပါတယ်။

နှိပ်နယ်နေတဲ့အချိန်မှာ မျက်လုံးချင်းဆုံအောင် ထားပါ။ ပြီးတော့ ညင်ညင်သာသာလေးပဲ နှိပ်ပေးပါ။ သင့်ကလေးက ပျော်နေတဲ့ပုံ ဖြစ်နေရင်တော့ နည်းနည်းလေး အားထည့်ပြီးတော့ နှိပ်ပေးပါ။

နာရီလက်တံပုံစံ လှည့်ပေးပါ

သင့်ကလေးရဲ့ ဗိုက်ကို နာရီတစ်ခုလို မြင်ယောင်ကြည့်ပါ။ ၇ နာရီ ဒါမှမဟုတ် ၈ နာရီလောက်မှာ လက်ကိုတင်ထားပြီးတော့ စက်ဝိုင်းပုံသဏ္ဍာန်နဲ့ ဘယ်ကနေညာကို နှိပ်ပြီး လျှောချပါ။ နှိပ်တဲ့အခါမှာလည်း လက်နှစ်ဖက်လုံးကို အသုံးပြုပေးပါ။

အောက်ကို ဆွဲချပါ။

သင့်ရဲ့ လက်နှစ်ဖက်စလုံးကို ကလေးရဲ့ ဗိုက်ပေါ်တင်ပြီးတော့ အောက်ကို ဖြေးဖြေးချင်း ဆွဲချပေးပါ။ နံရိုးနားရောက်ရင်တော့ အားနည်းနည်းလျှော့လိုက်ပါ။ ကလေးအရွယ်က အရမ်းနုနယ်သေးတာကြောင့် ထိခိုက်နိုင်ပါတယ်။

ဘေးကို ဆွဲချပါ။

သင့်လက်မကို ကလေးရဲ့ ဝမ်းဗိုက်တစ်ဖက်စီမှာ တင်ထားပါ။ ပြီးတော့ အားနည်းနည်းစိုက်ပြီးတော့ တစ်ဖက်စီကို ဆွဲချပါ။

I love you ဆိုတဲ့ စာလေးရေးပါ။

- အရင်ဆုံး သင့်ကလေးရဲ့ ဗိုက်ညာဘက်နားမှာ I ဆိုတဲ့ စာလေးရေးပါ

- စာလုံး "L" ကို ဘေးတိုက်ဆွဲပါ။ ဗိုက်ရဲ့ ဘယ်ဘက်အပေါ်ထောင့်ကနေ ညာဘက်ခြမ်းကိုဖြတ်ပြီး အောက်ကို ရွှေ့ပါ။

- နောက်ဆုံးမှာ “U” ဆိုတဲ့ စာလုံးကိုရေးပါ။ ဘယ်လိုရေးရမလဲ ဆိုရင် ကလေးရဲ့ဗိုက် ဘယ်ဘက်အောက်ခြေထောင့်မှာ စရေးပြီး အပေါ်တက်ပါ။ ပြီးတော့ ခန္ဓာကိုယ်ကိုဖြတ်ပြီး ညာဘက်ကို ပြန်ဆင်းပါ။

လပေါ်မှာ လမ်းလျှောက်သလို နှိပ်ပေးပါ။

သင့်လက်ညှိုးနှင့် လက်ခလယ်တို့ကို သင့်ကလေးဝမ်းဗိုက်ရဲ့ ဘယ်ဘက်ခြမ်း၊ ချက်အထက် ညာဘက်မှာထားပါ။ ပြီးတော့ လက်နှစ်ချောင်းနဲ့ ဖွဖွလေးနင်းပေးပြီးတော့ ခန္ဓာကိုယ်အနှံ့ ပွတ်ဆွဲပြီး ညာဘက်ကို သွားပါ။

၃။ လေတက်အောင် လုပ်ပေးပါ။

ကလေးက လေမလည်ဘူးဆိုရင် လေတက်တဲ့နည်းနဲ့ ဗိုက်ထဲမှာ ရှိတဲ့ လေတွေကို ထုတ်နိုင်ပါတယ်။ ဒီလို လုပ်ပေးမယ်ဆိုရင်တော့ သင့်ဘက်က လုပ်စရာအချက်တချို့ရှိပါတယ်။

- တံတွေးတွေ ထွက်လာရင် ကလေးရဲ့ မေးစေ့ရော၊ သင့်ပုခုံးတွေပါ ပေနိုင်တာကြောင့် လက်ကိုင်ပုဝါလေးတစ်ခုကို သင့်ပုခုံးပေါ်ကို တင်ထားပါ။

- သင့်ကလေးရဲ့ နောက်ကျောကို ပွတ်ပေးပါ။ သင့်လက်ဖဝါးကို ပြားပြားချထားတာက သင့်ကလေးကို ခံစားရပိုကောင်းစေပါတယ်။

- အစာကျွေးနေတဲ့အချိန်နဲ့ အစာစားပြီးတိုင်း လုပ်ပေးလို့ရပါတယ်။

နည်းလမ်း ၁

အရင်ဆုံး ထိုင်ပြီး သင့်ကလေးကို ရင်ဘတ်ပေါ် မတ်မတ်ထားပြီး သူရဲ့ မေးစေ့ကို သင့်ပခုံးပေါ်မှာ တင်ထားပါ။ သင့်ကလေးကို အခြားလက်တစ်ဖက်နှင့် ကျောကို ညင်သာစွာ ပွတ်သပ်နေတဲ့အချိန်မှာ သင့်လက်တစ်ဖက်နှင့် ကလေးကို ထိန်းထားပါ။

နည်းလမ်း ၂

သင့်ကလေးကို ပေါင်ပေါ်တင်ထားပြီး ဒူးနှစ်ဖက်ပေါ်မှာ ထိုင်ခိုင်းပါ။ လက်တစ်ဖက်က သူ့ရဲ့ ရင်ဘတ်နှင့် ဦးခေါင်းကို ထိန်းထားပါ။ သင့်ကလေးရဲ့ မေးစေ့ကို လက်ဖဝါးနဲ့ ကိုင်ထားပြီး သင့်လက်ဖနောင့်ကို ကလေးရဲ့ ရင်ဘတ်ပေါ်မှာ တင်ထားပါ။ ပြီးတော့ နောက်လက်တစ်ဖက်က သင့်ကလေးရဲ့ကျောကို ပွတ်ပေးပါ။

နည်းလမ်း ၃

သင့်ကလေးကို သင့်ရဲ့ ပေါင်ပေါ်မှာ လှဲခိုင်းထားပါ။ ဒါပေမယ့် ခေါင်းကို ရင်ဘတ်ထက်မြင့်နေအောင် ဂရုစိုက်ပါ။ ပြီးတော့ ကျောကို ညင်သာစွာ ပွတ်ပေးပါ။

Zombie (lovemedia)

Post a Comment

0 Comments