သင့်ကလေးကို ရင့်ကျက်သူအဖြစ် ကြီးပြင်းလာစေဖို့ ဒီအချက် (၁၀) ချက်ကို ခွင့်ပြုပေးပါ

ကလေးတွေအတွက် ငယ်စဉ်ကတည်းက အတွေးအခေါ်၊ အပြုအမူ၊ လူမှုဆက်ဆံရေး၊ အသိပညာ စတဲ့နေရာတွေမှာ ရင့်ကျက်စေဖို့ ပျိုးထောင်ပေးသင့်ပါတယ်။ အသက်ကြီးလာပေမယ့် ရင့်ကျက်မှု မရှိလာဘူးဆိုရင် အရမ်းကို အခက်တွေ့နိုင်ပါတယ်။ အဲဒါကြောင့် ကလေးတွေကို ရင့်ကျက်တတ်သူအဖြစ် ကြီးပြင်းစေဖို့ ဘယ်လိုအချက်တွေက အရေးပါလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ မိမိကိုယ်ကိုယ် အားကိုးတတ်အောင် သင်ကြားပေးခြင်း

ကလေးတွေ မလုပ်တတ်တဲ့ အရာတွေကို နေရာတကာ လိုက်လုပ်ပေးတာထက် သူတို့လုပ်တတ်သွားအောင် သင်ပြပေးတာ၊ လုပ်ခွင့်ပြုပေးတာက အကောင်းဆုံးပါပဲ။ တချို့အရာတွေကို မိဘတွေလိုက်လုပ်ပေးရင် မြန်ပေမယ့် ကလေးတွေ လုပ်တတ်သွားဖို့ စိတ်ရှည်ပေးဖို့၊ စောင့်ပေးဖို့တော့ လိုပါတယ်။ အဲဒီအခါ မိမိကိုယ်ကို အားကိုးတတ်တဲ့ အလေ့အကျင့်က စွဲပါသွားမှာပါ။

၂။ သူတို့စိတ်ကြိုက် ရွေးချယ်နိုင်အောင် ခွင့်ပြုခြင်း

အရုပ်၊ အဝတ်အစား၊ ဝါသနာစတဲ့ အရာတွေကို ကလေးတွေစိတ်ကြိုက် ရွေးချယ်နိုင်အောင် ခွင့်ပြုပေးပါ။ သူတို့အကြိုက်နဲ့ပတ်သက်ပြီး သင့်ကို တိုင်ပင်တဲ့အခါ အကြံဉာဏ်ပေးလို့ ရပါတယ်။ နောက်ပိုင်းမှာ ကောင်းတာ၊ မကောင်းတာကို ကလေးတွေကိုယ်တိုင် ခွဲခြားတတ်လာပါတယ်။

၃။ ကလေးကို တစ်ယောက်တည်း သွားလာတတ်အောင် ခွင့်ပြုခြင်း

ကလေးသွားတဲ့နောက်ကို တစ်ကောက်ကောက်လိုက်နေဖို့ မလိုပါဘူး။ ဒါပေမယ့် အန္တရာယ်တွေကို သတိထားနိုင်အောင် ပြောပြပေးထားဖို့တော့ အရေးကြီးပါတယ်။ ဥပမာ ကလေးကို ကျောင်းသွားတဲ့အခါ လိုက်မပို့ဘဲ တစ်ယောက်တည်းလွှတ်လိုက်ရင် ကလေးအတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု တိုးစေပါတယ်။

၄။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်တတ်အောင် သင်ပေးခြင်း

ကလေးတွေက စိတ်ခံစားလွယ်ပါတယ်။ စိတ်ဆိုးလွယ်၊ စိတ်ကောက်လွယ်ပါတယ်။ သူတို့လိုချင်တာမရရင် လူကြားထဲမှာလည်း ဂျီကျပြီး အော်ငိုချင်လည်း အော်ငိုနေမှာပါ။ အဲဒါကြောင့် ကလေးကို စိတ်ခံစားချက်ကို ထိန်းချုပ်တတ်အောင် စိတ်ရှည်ရှည်နဲ့ ပြောပြပေးပါ။ ကလေးက ဂျီကျတိုင်း မိဘကလည်း အပြိုင်အော်နေရင် စိတ်ခံစားချက်ကို မထိန်းချုပ်တတ်တဲ့အကျင့်က ပါသွားနိုင်ပါတယ်။

၅။ စည်းကမ်းချမှတ်တတ်အောင် သင်ကြားပေးခြင်း

ကလေးတွေအတွက် စည်းကမ်းကို လိုက်နာဖို့အရေးကြီးသလို မိမိကိုယ်ကိုယ် စည်းကမ်းတွေ သတ်မှတ်တတ်ဖို့ကလည်း အရေးကြီးပါတယ်။ အိပ်ရာမဝင်ခင် သွားတိုက်တာ၊ အရုပ်တွေကို ဆော့ပြီးရင်သိမ်းတာ၊ အိမ်စာတွေကို အချိန်မှန်လုပ်တာ စတဲ့အရာတွေမှာ ကလေးကိုယ်တိုင် စည်းကမ်းချမှတ်တတ်အောင် သင်ကြားပေးပါ။ ကိုယ်တိုင် စည်းကမ်းချမှတ်ပြီး ကိုယ်တိုင်လိုက်နာတာက ကိုယ့်ကိုယ်ကိုယ် လေးစားမှု တိုးစေပါတယ်။

၆။ ရဲရဲရင့်ရင့် ပြောဆိုခွင့်ပေးခြင်း

ကလေးကို ပြောရဲဆိုရဲရှိအောင် ခွင့်ပြုပေးဖို့ကလည်း အရေးပါတဲ့ အချက်ပါပဲ။ ပြောသင့်ပြောထိုက်တာကို ပြောရဲသွားရင် လူမှုပေါင်းသင်းဆက်ဆံရေးလည်း တိုးတက်လာမှာပါ။ သင့်ကလေးက တခြားသူနဲ့ စကားပြောရမှာ ကြောက်လန့်မနေသင့်ပါဘူး။

၇။ အကြောင်းကြောင့် အကျိုးဖြစ်တာကို ရှင်းပြခြင်း

ကလေးက အမှားတစ်ခုခု လုပ်မိရင် ဆူပူအော်ဟစ်မယ့်အစား အကြောင်းကြောင့် အကျိုးဖြစ်လာတာကို စိတ်ရှည်ရှည် ရှင်းပြပေးပါ။ သူတို့ရဲ့အမှားကို သူတို့ကိုယ်တိုင် နားလည်လက်ခံသွားဖို့ လိုအပ်ပါတယ်။ အဲဒီအခါ နောက်ထပ်ဆင်တူအမှားမျိုး လုပ်နိုင်ဖို့ နည်းသွားပါလိမ့်မယ်။

၈။ မှားခွင့်ပြုခြင်း

ကလေးတွေကို မှားခွင့်ပေးပါ။ ပြီးရင် အမှားကို ရှင်းပြပြီး အမှားကနေ သင်ခန်းစာ ယူတတ်အောင် သင်ကြားပေးပါ။ အမှားတွေက အနာဂတ်မှာလည်း အသုံးဝင်တဲ့အရာတွေ ဖြစ်လာနိုင်ပါတယ်။

၉။ ကလေးတွေရဲ့အတွေးတွေကို တည့်မှတ်ပေးခြင်း

ကလေးတွေကို ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားတတ်အောင် ခွင့်ပြုပေးပါ။ သူတို့ရဲ့ အတွေးအခေါ် အယူအဆတွေ လမ်းလွဲနေရင် ပြုပြင်ပေးဖို့ပဲ လိုပါတယ်။ သူတို့ရဲ့အတွေးတွေကို လွတ်လွတ်လပ်လပ် ဖော်ပြခွင့်ပေးပါ။ အဲဒီအခါ အသက်ကြီးလာတာနဲ့အမျှ တစ်ပါးသူပြောတိုင်း နားမယောင်ဘဲ ကိုယ်တိုင်စဉ်းစားတတ်လာပါတယ်။

၁၀။ ကလေးတွေကို ဦးစားပေးပါ။

သင့်ကလေးက ၅ နှစ်အရွယ်ဆိုရင် ၅ နှစ်နဲ့ ကိုက်ညီတဲ့ တာဝန်တွေကို ချပေးလို့ရပါပြီ။ တစ်ချိန်လုံး ကလေးလို့ပဲမြင်ပြီး အကုန်လိုက်လုပ်ပေးနေရင် သူတစ်ပါးအပေါ်ပဲ အားကိုးသွားနိုင်ပါတယ်။ ဒါ့အပြင် သူတစ်ပါးကို ကူညီတတ်ဖို့၊ သူတစ်ပါးရဲ့အလုပ်ကို လေးစားတတ်ဖို့လည်း သင်ကြားပေးပါ။

Zombie (lovemedia)

Post a Comment

0 Comments