ငါမကုန်ဘူး မင်းကုန်တာ

တခါတုန်းက သူဌေးကြီး တယောက်ဆီမှာ မောင်မြ ဆိုတဲ့ အလုပ်သမား တယောက် ရှိတယ်။ တနေ့တော့ သူဌေးကြီးက အလုပ်သမားကိုခေါ်ပြီး ရိုးသားဖို့ ဆုံးမတယ်။ အဲ့ဒါကို မောင်မြက သူဌေးကြီးကို ကြိမ်းဝါးတယ်။ ဒီသူဌေး ငါလည်တာ သူသိမလားပေါ့။

နောက်နေ့က စပြီး သူဌေးက အလုပ်သမားတွေကို မနက်စာ ပဲပြုတ်ထမင်း ကျွေးရာမှာ သူက တမင်သက်သက် ပိုစားပစ်တယ်။ အဲ့လိုနဲ့ ပိုပိုစားလာ လိုက်တာ ၃ - ၄ ပန်းကန် စားနိုင်တော့ ဝမ်းသာတယ်။ သူဌေးကြီး တနေ့တော့ ဘေးက ဖြတ်သွားရင်း ပြောတယ်။ "ငါမကုန်ဘူး၊ မင်းကုန်မှာ" တဲ့။

အဲ့ဒါနဲ့ မောင်မြက အလုပ်သမားတွေ ဝါးဖို့ ထားတဲ့ ကွမ်းကို တနေ့လုံး မပြတ် ဝါးတယ်။ သူဌေးကြီးက သိတယ် ဘာမှမပြောဘူး။ မောင်မြက သူဌေးပိုက်ဆံ ပိုကုန်မယ့် နည်းလမ်း ရှာတယ်။ နေ့လည်နဲ့ ညစာကို ၃ - ၄ ပန်းကန် စားပစ်တယ်။ သူဌေးကို ကျန် အလုပ်သမားတွေက တိုင်ကြတယ်။ သူဌေးက "ငါမကုန်ဘူး။ သူကုန်မှာ" လို့ ပြောတော့ ကျန်တဲ့ သူတွေက နားမလည်ဘူး။

ဒါတင် အားမရတော့ မောင်မြက ဧည့်သည်တည်တဲ့ ဆေးပေါ့လိပ်ကို ယူသောက်တယ်။ သောက်တာမှ တနေ့လုံး တဟွတ်ဟွတ်နဲ့ ဖွာတာ။ နောက်ဆုံး အလုပ်သမားတွေ သောက်တဲ့ အကြမ်းအိုးထဲ မှာတောင် လက်ဖက်ခြောက်ကို တနေ့ထက် တနေ့ ပိုတိုးတိုးပြီး ခတ်တယ်။ ကျန်တဲ့ သူတွေက သူနဲ့ မသောက်နိုင်လို့ သူ့အတွက် အကြမ်းအိုး သပ်သပ် ထားရတယ်။ သူဌေးကြီးက "မောင်မြ ငါ မကုန်ဘူး။ မင်းကုန်မှာ" လို့ ပြောတယ်။ မောင်မြက ဒီသူဌေး သူ ကုန်နေတာတောင် မသိဘူး။ အရူးလို့ ရယ်တယ်။

အဲ့ဒီလိုနဲ့ နှစ်အနည်းငယ် အကြာမှာ အလုပ်ထဲမှာပါ အချောင်ခို ကျန်အလုပ်သမား တွေကိုပါ ပျက်စီးအောင် လုပ်လာတော့ သူဌေးကြီးကမောင်မြကို အလုပ် ထုတ်လိုက်ရတယ်။ အဲ့ဒီမှာ မောင်မြ ပြဿနာ တက်တာပဲ။ ၁- ဒီလိုသူဌေးကောင်းဆီမှာ သူလုပ်ခဲ့တဲ့ လုပ်ရပ် သတင်းပြန့်သွားလို့ သူ့ကို ဘယ်သူမှ အလုပ်မပေးဘူး။ ၂- မနက် နေ့လည် ညစာကို ထမင်း ၃ ၄ ပန်းကန်မှ မစားရရင် မတင်းတိမ်ဘူး။ အလုပ် မရှိရတဲ့ အထဲ တနေ့လုံး ဗိုက်က ဆာနေတော့တာ။

၃- ကွမ်းနဲ့ ဆေးလိပ် ကလည်း အဆက်မပြတ် မဝါးရ၊ မသောက်ရရင် မနေနိုင်တော့ဘူး။ ခံတွင်းချဉ်တာ တနေ့လုံး ဘယ်လိုမှ နေလို့မရဘူး။ ၄- ဆန် မရှိရတဲ့ အထဲ ရေပါသောက်လို့ အဆင်မပြေဘူး။ လက်ဖက်ခြောက် လက်တဆုပ် နှစ်ဆုပ်မှ မခတ်ရရင် ရေနွေးတောင် သောက်ရတာ အရသာ မရှိတော့ဘူး။ ၅- အဆိုးဆုံးက ကွမ်း၊ ဆေးလိပ်နဲ့ ထမင်းကို တနင့်တပိုး နှစ်နဲ့ချီ စားထားတော့ ရောဂါဖြစ်တာ။ အဲ့ဒီတော့မှ မောင်မြက ကိုယ့်လုပ်ရပ်ရဲ့ အကျိုးဆက်ကို ကိုယ်ပြန်မြင်ပြီး "ငါမကုန်ဘူး။ မင်းကုန်မှာ" ဆိုတာကို သဘောပေါက်သွားတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ဆရာတော် တပါးက ကျောင်းမှာပန်းရံနဲ့ လက်သမားအဖွဲ့ကို ကျောင်းလာရင် ဆွမ်းဟင်းအပိုနဲ့ ထမင်းကျွေးလေ့ရှိတယ်။ တညနေတော့ ဆရာတော်က ထမင်းအတွက် စီစဉ်ပေးပြီးတော့ အဲ့ဒီအဖွဲ့ ပြန်သွားတဲ့အခါမှာ ဝတ္တုငွေသိမ်းဖို့ ကြည့်လိုက်တော့ မတွေ့တော့ဘူး။ စောစောက ဒကာတယောက် လာလှူသွားတဲ့ ငွေ ၄ သောင်းလောက် ပါသွားတယ်။ ဆရာတော်က ခေါ်မေးတော့ သူတို့ မယူပါဘူးပေါ့။

ဆရာတော်က "ဒကာ ပြန်တာနဲ့ မင်းတို့အဖွဲ့ လာတယ်။ မင်တို့ပြန်တာနဲ့ ဝတ္တုငွေ စာအိတ်က ရှာမတွေ့တော့ဘူး။ မင်းတို့သိအောင် ပြောပြမယ်။ ကိုယ့်ကို ပံ့ပိုး ကျွေးမွေးနေတဲ့ လူတွေဆီက မခိုးမလိမ်နဲ့။ အဲ့လိုလုပ်ခဲ့ရင် သံသရာ တခုလုံး မကြီးပွားဘူး။ ငါမကုန်ဘူး။ ဒကာလည်း မကုန်ဘူး။ ဒကာကလည်း လှူကတည်းက စိတ်ပြတ်သားပြီးသား။ ငါတို့မကုန်ဘူး၊ မင်းတို့ကုန်မှာ" လို့ ဆရာတော်က ဆုံးမတယ်။

မနေ့ကလည်း ထောက်ပံ့နေတဲ့ အမတွေဆီက လိမ်တဲ့ အသံတွေ ကြားရတယ်။ တယောက်တည်းဆီက ကြားရတာ မဟုတ်ဘူး။ ကြားရတာ ၃ - ၄ ယောက် ရှိပြီ။ ထောက်ပံ့ အလှူငွေ ပေးနေတဲ့ သူတွေက အစကတည်းက စိတ်ပြတ်သားလို့ ရေစက် ချစရာမလို၊ နောင်ဘဝ မျှော်ကိုးတာမျိုး မလုပ်ပဲ စိတ်စေတနာနဲ့ မင်းတို့အတွက် လှူနေတာ။ ဒါကိုလိမ်ရင် ထောက်ပံ့ နေတဲ့သူတွေ မကုန်မခမ်းဘူး။ မင်းတို့ပဲ ကုန်မှာ။

လိမ်မှစားရရင် တသက်လုံး လိမ်မှ ထမင်းဝ တတ်တယ်။ အကျင့်နဲ့ ကြမ္မာက ရောင်ပြန်ဟပ်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လုပ်စရာရှိတာ လုပ်နေတဲ့ သူတွေ ကိုတော့ ချီးကျူးပါတယ်။ အားလုံး သေချာ စိစစ်ကြဖို့လည်း တိုက်တွန်းပါတယ်။

အဓိက ပြောချင်တာက မိမိကို အထောက်အပံ့ ဖြစ်စေတဲ့ မည်သူ့ကို မဆို မလိမ်နဲ့ မခိုးမဝှက်ပါနဲ့။ ယုံကြည်လို့ ငွေချေးတာ မျိုးကိုလည်း ပြန်မပေးပဲ မနေကြပါနဲ့။ ပိုဆင်းရဲ တတ်ပါတယ်။ ယုံကြည်မှုကို အလွဲသုံးစား မလုပ်ပါနဲ့။ ယုံကြည်မှု တသက်လုံး ဆုံးရှုံးတတ် ပါတယ်။ အဲ့လို လိမ်လည် ခိုးဝှက်ခဲ့ရင် ဘယ်တော့မှ ထမင်းမဝပါဘူး။ ငါမကုန်ဘူး၊ မင်းကုန်တာ။

Richard Myo Thant

Post a Comment

0 Comments