အချိန်တွေကို တန်ဖိုးထားပါ

တခါတုန်းက ကောင်လေးတယောက်ဟာ ပန်းခြံထဲက သစ်ပင်အောက်မှာ သူ့ကောင်မလေး အလာကို မျှော်စောင့် နေတယ်။ အချိန်တွေသာကြာလာတယ် စောင့်နေတဲ့ ကောင်မလေးက ပေါ်မလာရှာဘူး။ ဒါနဲ့ သူ သစ်ပင်အောက်လေးမှာ လှဲအိပ်လိုက်တယ်။ ခဏကြာတော့ အဘိုးကြီး တယောက်လာတယ်။ "သား မင်း အခု ဘာဖြစ်ချင်လဲ " လို့ မေးလိုက်တယ်။

"ကျနော် ကျနော့် ကောင်မလေးကို တွေ့ဖို့ စောင့်နေတာ။ ကျနော် အခု သူ့ကို တွေ့ချင်တယ်" လို့ ကောင်လေးက အဖိုးအိုကို ပြောလိုက်တယ်။ ကောင်လေးမျက်နှာက အခုမှ နည်းနည်းလေး ပြေလျော့သွားသလို စိတ်ကျေနပ်တဲ့ပုံ ပေါ်နေတယ်။ "ရော့ ဒါဆို လူလေး ဒါကို ယူလိုက်။ မင်းတွေ့ချင်တဲ့ ကောင်မလေးနဲ့ တွေ့လို့ရအောင် သူက လုပ်ပေးလိမ့်မယ်။ ဒါက အချိန်လှည့်စက် မင်းလိုချင်တဲ့ အရာကို စိတ်မှန်းပြီး ဒါလေးကို လှည့်လိုက်" ဆိုပြီး ကြယ်သီးလေး တလုံးကို ပေးပြီး ထွက်သွားတယ်။

ကောင်လေးဟာ "အင်း အခု ငါ့ချစ်သူကို ငါတွေ့ချင်လှပြီ" ဆိုပြီး စိတ်မှန်းပြီး ကြယ်သီးလေးကို လှည့်လိုက်တယ် ဆိုရင်ပဲ ကောင်မလေးက သူ့ဆီ လာနေတာကို သူ တွေ့လိုက်ရတယ်။ ဒါနဲ့ပဲ သူတို့ချစ်သူနှစ်ယောက် သစ်ပင်လေး အောက်ထိုင်ပြီး စကားတွေ ပြောကြတာပေါ့။ ကောင်လေးက စကားပြောနေရင်း သူ့ကောင်မလေးနဲ့ အတူ တွေ့ချိန်လေးကို ဆွဲဆန့် ထားချင်တယ်။ စကားတွေလည်း ထပ်ပြောချင်လာတယ်။ ကောင်မလေးကို လက်လွတ်သွားရမှာလည်း ကြောက်လာတယ်။

"ကဲကွာ ငါ့ ချစ်သူကို ငါမခွဲနိုင်ဘူး။ သူနဲ့ လက်ထပ်တဲ့ အချိန်ကို ရောက်စေကွာ" ဆိုပြီး စိတ်ကူးလေးကို အကောင်အထည် ဖော်ဖို့ ချက်ချင်းပဲ ကြယ်သီးလေးကို ထပ်လှည့်လိုက်တယ်။ ခနကြာတော့ သူ့မျက်လုံးတောင် မယုံနိုင်အောင် သူနဲ့ သူ့ကောင်မလေးက လက်ထပ် မင်္ဂလာပွဲလေးထဲမှာ မင်္ဂလာဆောင်နေတဲ့ အချိန် ဖြစ်နေတယ်။ ကောင်လေးက တော်တော် ပျော်သွားတယ်။ ဒါပေမယ့် သိပ်မကြာပါဘူး သူ့စိတ်ထဲ အတွေးတခု ဝင်လာတယ်။

"အင်း ငါ့ချစ်သူနဲ့ အတူတူ ပေါင်းဖက်ရပြီ ဆိုပေမယ့် ငါ သားတွေ သမီးတွေ မွေးပြီး သူတို့လေးတွေ မျက်နှာကို ငါတွေ့ချင်လှပြီ။ ငါ့သားသမီးလေး တွေကို မြင်ရစေ" ဆိုပြီး ကြယ်သီးလေးကို လှည့်လိုက် ပြန်တယ်။ ဒီလိုနဲ့ဘဲ သူ့သားသမီးလေးတွေ မွေးလာတဲ့ အချိန်ကို ရောက်သွားပြန်တယ်။ သူသားသမီးလေးတွေ မျက်နှာမြင်တော့ "အင်း ငါသူတို့လေးတွေ ကြီးလာတာ မြင်ချင်လိုက်တာ" ဆိုတဲ့ အတွေးက ဝင်လာပြန်တယ်။ ဒါနဲ့ဘဲ ထပ်လှည့်လိုက် ပြန်ရော။

ဟပ်ချလောင်းဆို သူမျက်လုံး ဖွင့်လိုက်တာနဲ့ သူ့သားသမီတွေ ကျောင်းတွေ တက္ကသိုလ်တွေ တက်လို့ ဘွဲ့တွေရပြီး ကြီးလာတာကို တွေ့လိုက်ရတယ်။ ကောင်လေးက ဒါနဲ့လည်း စိတ်ထဲ မတင်းတိန်သေးပြန်ဘူး။ ဒီတခါ သူတို့လေးတွေ ဘဝကို တည်တည် ငြိမ်ငြိမ် အလုပ်နဲ့ အကိုင်နဲ့ ဖြစ်စေချင်တယ် ဆိုပြီး ကြယ်သီးလေးကို ထပ်လှည့်လိုက်တယ်။ ဒါနဲ့ မျက်လုံး ဖွင့်လိုက်တော့ ဟုတ်တယ် သူတွေးတဲ့ အတိုင်း သူ့သားသမီးတွေ အခြေတကျ အလုပ်နဲ့ အကိုင်နဲ့ ဖြစ်နေတယ်။

သိပ်မကြာဘူး သူ့သားသမီးတွေ အိမ်ထောင်ရက်သား ကျစေ ပြန်တယ်။ ဒီတခါလည်း လှည့်တယ်။ သူပြောတဲ့ အတိုင်း ဖြစ်လာတယ်။ နောက်ထပ် ငါ့မြေးလေးတွေ ရတာကို ငါမြင်ချင်လိုက်တာ ဆိုပြိး ကြယ်သီးလေးကို လှည့်ပြန်တယ်။ သူ မျက်လုံး ဖွင့်ကြည့် လိုက်တယ်။ " လာ ဖွားဖွား ထမင်းခွံ့ကျွေးမယ်" ဆိုပြီး သူ့မိန်းမက မြေးလေးတွေကို ပြောနေတာ သူလှမ်းတွေ့လိုက်တယ်။ သူ့မျက်နှာ အပြုံးလေးတွေနဲ့။

သူဟာ အိပ်ရာပေါ်ကနေ ပြတင်းပေါက်ကို ငေးကြည့်နေတယ်။ ပြတင်းပေါက်ကနေ မြင်နေရတယ်။ ပန်းပင်လေး တခုမှာ အဖူးအငုံတွေ သီးနေတာကို တွေ့လိုက်တော့ သူ့စိတ်ထဲ အဲဒီပန်းလေးတွေ ပွင့်တာကို မြင်ချင်လာတယ်။ အင်း ဟိုပန်းလေးတွေ ပွင့်စေမယ် ဆိုပြီး ကြယ်သီးလေးကို ထုံးစံအတိုင်း လှည့်လိုက်ပြန်ရော။

ဒီတခါ ကြယ်သီးလေးက လှည့်မရတော့ဘူး။ ဒါနဲ့ဘဲ ရုတ်တရက် သူအရမ်း ကြောက်သွားပြီး သူ့ကိုယ်သူ ငုံကြည့်လိုက်တဲ့အခါ သူက တကယ့်ကို အသက်အရွယ်က တော်တော်ကို အိုမင်း ရင့်ရော်နေပြီး အိပ်ရာထဲမှာ လဲလျောင်းနေတဲ့ အဘိုးကြီးအရွယ် ဖြစ်နေတယ်။ ခြေလက်တွေတောင် ကောင်းကောင်း မသယ်နိုင်တော့ဘူ။ သူသိလိုက်ရတာ ရုတ်တရက် "အား ကြောက်ပါပြီဗျာ" လို့ အသားကုန် အော်လိုက်ပါတယ်။

တကယ်တော့ အဲဒီအချိန်က ကောင်လေးရဲ့ ချစ်သူ ကောင်မလေးက သစ်ပင်အောက်မှာ အိပ်ပျော်နေတဲ့ သူ့ကို လှုပ်နှိုးနေတာ ဖြစ်နေတယ်။ ဒါနဲ့ဘဲ ကောင်လေးဟာ ကောင်မလေးကို စောင့်နေရင်း သစ်ပင်အောက်လေးမှာ အိပ်ပျော်သွားတာကိုး ဆိုတာ တွေးမိသွားတယ်။ "ဟူး၊ ဒါ အိမ်မက် ဖြစ်နေလို့သာပေါ့" လို့ တွေးမိလိုက်ပါတယ်။

ကောင်လေးဟာ နောင် ဘာဖြစ်သွားလဲ ဆိုတော့ သူဟာ စောင့်ရတဲ့ အချိန်တွေကို တန်ဖိုး ထားတတ်လာတယ်။ စောင့်ရတိုင်း မကောင်းတာမဟုတ်ဘူး ဆိုတာ သူသဘောပေါက် လက်ခံ လာတယ်ပေါ့။ ဒီပုံပြင်လေးရဲ့ ရည်ရွယ်ချက် ကတော့ အချိန်ကို စောင့်ရတိုင်း ဆန္ဒ မစောပါနဲ့။ အချိန်တွေကို တန်ဖိုးထားတတ်ပြီး သဘာဝ အလျောက် ကိစ္စရပ်တွေကို မပြုပြင်ပါနဲ့ လို့ ပြောချင်တာပါတဲ့။

Crd

phoomyatchal

Post a Comment

0 Comments