ဘဝအတွက် မှတ်သားဖွယ်ရာ ပုံပြင် ၃ ပုဒ်

ပုံပြင် (၁) ရွာတရွာက ကလေးမလေး တယောက် ကျောင်းကို နေ့တိုင်း တယောက်ထဲ အဝေးကြီး သွားသွား တက်ရတယ်။ တနေ့ ညနေ ကျောင်းဆင်းချိန်မှာ မိုးတွေ ရုတ်တရက် အုံ့ဆိုင်းလာပြီး လျှပ်စီးတွေ လက်လာသည်။ အမေ ဖြစ်သူက သမီးကို အရမ်း စိတ်ပူသွားပြီး ကျောင်းက ပြန်လာမယ့် လမ်းအတိုင်း စက်ဘီးနဲ့ အမြန် နင်းသွားရှာသည်။

သူ့သမီးကို လမ်းခုလတ်မှာ တွေ့တဲ့အခါ အမေဖြစ်သူ ကြောင်သွားသည်။ သမီးဖြစ်သူက လျှပ်စီးတခါ လက်တိုင်း လမ်းလျှောက်တာ ရပ်လိုက်ပြီး ကောင်းကင်ကို ခေါင်းမော့ကြည့်တယ်။ ပြီးတော့ ရယ်ပြတယ်။ တော်တော်ကြာ ရပ်ကြည့်နေပြီးမှ အမေက သမီးအနား စက်ဘီး တွန်းသွားရင်း "သမီးလေး သမီး ဘာလုပ်နေတာလဲ" လို့ မေးလိုက်တယ်။ သမီးက ပြန်ဖြေတယ်။ "မိုးပေါ်က နတ်မင်းကြီးက သမီးကို ဓာတ်ပုံ ရိုက်ပေးလို့ ပြုံးပြနေတာ မေမေ"

(လူတွေ အများဆုံး မှားတဲ့ အမှားက မိမိရဲ့ ဦးနှောက်ထဲက အတွေးနဲ့ သူတပါးကို သွားနားလည်တာပဲ။ အရာရာက မိတ်ဆွေရဲ့ အတွေးထဲက အတိုင်းပဲ ဖြစ်မယ် ထင်နေလို့လား။ မိတ်ဆွေ အခု ဒီစာကို မဖတ်သေးခင် အထိ အရာဘယ်နှစ်ခုကို ကိုယ့်အတွေးနဲ့ကိုယ် ဆုံးဖြတ်ပြီး ဘယ်လောက်တောင်မှ လှပတဲ့ အတိတ်တွေကို လက်လွှတ် ဆုံးရှုံးခဲ့သလဲ။ လူ့ဘဝကို အတွေးမလွန်ဘဲ ပေါ့ပေါ့ပါးပါး နေပြီး ပျော်ပျော် ရွှင်ရွှင် ခံစား ဖြတ်သန်းကြည့်ပါ)

ပုံပြင် (၂) အသက် ငယ်ငယ် ရွယ်ရွယ်နှင့် အင်မတန်မှ အောင်မြင် ကျော်ဇောသော သူဌေးသား တယောက်သည် သူ့အဖေကို ခေါ်ပြီး အင်မတန်မှ ဈေးကြီးတဲ့ စားသောက်ဆိုင်မှာ ညစာ သွားစားသည်။ ညစာ စားနေတုန်း နာမည်ကြီး စန္ဒယား ဆရာတယောက်က စင်ပေါ် တက်လာပြီး ဖျော်ဖြေ တင်ဆက်လေသည်။

သားဖြစ်သူက ငယ်ငယ်က စန္ဒယား သင်ခဲ့ဖူးတာကို သွား အမှတ်ရသည်။ အဖေ့ဘက်ကို လှည့်ပြီး ပြောသည်။ "ကျနော်သာ ငယ်ငယ်က စန္ဒယားကို ကောင်းကောင်း သင်ခဲ့ရင် အခုစင်ပေါ်မှာ စန္ဒယား တီးနေတဲ့ သူက သားဖြစ်နေမှာ"

သူ့အဖေက ပြန်ဖြေတယ်။ "ဟုတ်တယ် သား။ ဒါပေမယ့် အဲလိုဆို ဒီညစာ စားပွဲမှာ ထိုင်စားနေတာ သားဖြစ်ချင်မှ ဖြစ်နေမှာ"

(တခါတလေ ကျနော်တို့သည် လက်လွတ်သွားတဲ့ အခွင့်အရေးကို တမြောတသ ဖြစ်ကာ သက်ပြင်းချမိ နေတတ်ပြီး မိမိရောက်ရှိနေတဲ့ နေရာရဲ့ တန်ဖိုးကို သတိမထားမိ တတ်ကြပေ)

ပုံပြင် (၃) အမေနဲ့ သား ဈေးအတူတူ သွားကြသည်။ ကုန်စုံဆိုင် ဆိုင်ရှင်က ကလေးလေးကို တွေ့တာနဲ့ အင်မတန် ချစ်ဖို့ကောင်းတာနဲ့ ဈေးဗန်းထဲက သကြားလုံးကို နှိုက်ယူ ခိုင်းသည်။ ကလေးက တုပ်တုပ်ပင် မလှုပ်ချေ။ အတန်တန် ပြောသော်လည်း မယူသဖြင့် ဆိုင်ရှင်က ပြုံးကာ သကြားလုံးကို တဆုပ်ယူပြီး အိပ်ကပ်ထဲ ထိုးထည့် ပေးလိုက်သည်။

ဈေးက ပြန်လာတော့ အမေဖြစ်သူက သားကို မေးသည်။ "သား သကြားလုံး ကြိုက်တတ်မှန်း သိသားနဲ့ ဒီလောက် ယူခိုင်းနေတာ သားရယ် ဘာဖြစ်လို့ မယူရတာလဲ"

သားက ပိုင်တဲ့ အပြုံးပြုံးပြီး အမေ့ကို ပြန်ဖြေသည်။ "ဘာဖြစ်လို့လဲ ဆိုတော့ သားလက်က ပိုသေးတယ်။ ဆိုင်ရှင် လက်က ပိုကြီးတယ်လေ။ သူ ထည့်ပေးရင် ကျနော် ယူတာထက် ကျိန်းသေ ပိုများမှာ သားသိလို့"

(ဒီကလေးဟာ သူ့ရဲ့ limit ကို သူနားလည်တယ်။ ဒါ့အပြင် သူများက သူ့ထက် သာမှန်း ပိုပြီး နားလည်တယ်။ တခါတလေ ကျနော်တို့သည် အရာရာကို မိမိအားနဲ့ မမျှရင် အခြား ကိုယ့်ထက် အားသာတဲ့ သူအပေါ် အားကိုးသင့် ပါတယ်။ ဒါဟာ အကျိုး ပိုဖြစ်ထွန်းစေတဲ့ လူလည် ကျနည်း တခုပါ)

Crd

Post a Comment

0 Comments