အောင်မြင်သူနှင့် ကျရှုံးသူ၏ ကွာခြားချက်

တခါတုန်းက အရမ်းကို ဆင်းရဲတဲ့ လူတယောက် ရှိတယ်။ သူ့ကို အရမ်း ချမ်းသာတဲ့ လူတယောက်က တွေ့တော့ သနားပြီး သူ့ကို ကြီးပွားလာအောင် ကူညီချင် စိတ်တွေ ပေါ်လာတယ်။ သူဌေးက သူ့ကို နွားတကောင် လက်ဆောင် ပေးခဲ့တယ်။ သူ့ကို လယ်ယာ ထွန်ယက်ဖို့ သေချာ မှာခဲ့တယ်။

အခုချိန် မျိုးစေ့ ကြဲထားပြီး ကောင်းကောင်း ထွန်ယက်ရင် ဒီနှစ် အကုန်မှာ ဆင်းရဲတယ် ဆိုတဲ့ စကားလုံးနဲ့ ဝေးဝေး ခွာနိုင်တော့ မှာပါလို့ ပြောခဲ့တယ်။ သူဆင်းရဲလေး ကတော့ အစပိုင်းမှာ မျှော်လင့်ချက် အပြည့်နဲ့ တက်တက်ကြွကြွ လုပ်ရှာတယ်။

ဒါပေမဲ့ ဘယ်လောက်မှ မကြာလိုက်ဘူး။ နွားက မြက်စားတယ်၊ လူက ထမင်း စားတယ်။ ဖြတ်သန်းရတဲ့ ဘဝက အရင်က ထက်တောင် ခက်ခဲ နေသေးတယ်။ သူဆင်းရဲလေးက ပြန်စဉ်းစားတယ်။

နွားကို ရောင်းလိုက်ပြီး ဆိတ်တချို့ ဝယ်လိုက်ရင် ကောင်းမယ်။ တကောင်ကို အရင် သတ်စား လိုက်ပြီး ကျန်တာတွေကို ဆက်မွေး ထားလိုက်မယ်။ ဆိတ်ကလေးတွေ မွေးလာလို့ ကြီးလာရင် ပြန်ရောင်းစားလို့ ရတယ်။ ဒါလည်း တော်တော်လေး အမြတ် ရနိုင်တယ်။

သူဆင်းရဲလေးရဲ့ အစီအစဉ် ကလည်း အထမြောက် လိုက်ပါတယ်။ ဆိတ်တစ်ကောင်ဘဲ သတ်စား လိုက်တယ်။ နောက်ပိုင်းမှာ ဆိတ်ကလည်း တော်တော်နဲ့ ကလေး မမွေးနိုင် တာနဲ့ မအောင့်နိုင်ဘဲ ဆိတ် နောက်တကောင် သတ်စား လိုက်တယ်။

သူ ပြန်စဉ်းစားတယ်။ ဒီတိုင်းဆို မဖြစ်တော့ဘူး။ ဆိတ်ကိုလည်း ရောင်းပစ်လိုက်ပြီး ကြက်ဝယ်လိုက်ရင် ကောင်းမယ်။ ကြက်က ဥ ဥတာ ပိုမြန်တယ်။ ကြက်ဥ ကနေ ဝင်ငွေ ချက်ချင်း ရနိုင်တယ်။ ဒါဆိုရင် ငါလည်း နည်းနည်း ချောင်သွားလိမ့်မယ်။ သူ စီစဉ်ထားတဲ့ အတိုင်း အထမြောက် သွားပြန်တယ်။ ဒါပေမဲ့ သူ့ရဲ့ ဘဝက ပြောင်းလဲမှု မရှိဘူး။ ခက်ခဲ လာပြန်ပြီ။

နောက်ဆုံးတော့လည်း မနေနိုင်ဘဲ တကောင် သတ်မိပြန်တယ်။ ဒီလိုနဲ့နောက်ဆုံး ကြက်တကောင်ဘဲ ကျန်တဲ့ အချိန်မှာ သူတော်တော်လေး စိတ်ဓာတ် ကျသွားတယ်။ သူ ပြန်စဉ်းစားတယ်။ ကြီးပွားဖို့ဆိုတာ မဖြစ်နိုင်တော့ ပါဘူး။ ကြက်ကို ရောင်းပြီး အရက် ဝယ်သောက်တာပဲ ကောင်းပါတယ်။ ဗိုက်ထဲ အရက် ဝင်သွားရင် အတွေးထဲကို အနှောက်အယှက် မဝင်တော့ ပါဘူးလေ။

နှစ်ကုန်လို့ သူ့ကို ကူညီခဲ့တဲ့ သူဌေးက သူ့ဆီကို ပြန်ရောက်လာတယ်။ ပြန်တွေ့လိုက်တာ ကတော့ အရက်လေး တမြမြနဲ့ မူးနေတဲ့ သူကိုတွေ့လိုက်တယ်။ နွားကလည်း မရှိတာ ကြာရောပေါ့။ အိမ်ကလည်း စုတ်ပြတ်မြဲ စုတ်ပြတ်နေတယ်။ သူဌေးက သူ့ရှေ့မှာ ရှိတဲ့ မြင်ကွင်းကို တွေ့တော့ သက်ပြင်း ချလိုက်ပြီး ဘာမှ ပြန်မပြောဘဲ လှည့်ထွက် သွားလိုက်တယ်။ သူဆင်းရဲလေး ကတော့ ဆင်းရဲမြဲ ဆင်းရဲ နေတယ်။

ဆင်းရဲတဲ့ လူ အများစုမှာလည်း အိပ်မက် ဆိုတာ ရှိခဲ့ပါတယ်။ အခွင့်အရေး ဆိုတာလဲ ကြုံခဲ့တယ်။ ကြိုးလည်း ကြိုးစားခဲ့တယ်။ ဒါပေမဲ့ တစိုက်မက်မက် လုပ်ဖို့ဆိုတာ ခက်ခဲလာတယ်။ စီးပွားရေး လုပ်ငန်းရှင်ကြီး တယောက် သူအောင်မြင်တဲ့ လျှို့ဝှက်ချက်ကို ပြောခဲ့ဖူးတယ်။

"ပိုက်ဆံ မရှိတဲ့ အချိန် ဘယ်လောက်ထိ ခက်ခဲနေပါစေ ရင်းနှီးထားတဲ့ ငွေနဲ့ စုထားတဲ့ ငွေကို မထိမိ ပါစေနဲ့။ ဖိအားက မင်းကို ငွေရှာဖို့ နည်းလမ်းသစ်တွေ ပေးနိုင်တယ်။ အကြွေးရှင်းဖို့ တွန်းအား ပေးနိုင်တယ်။ ဒါဟာ ကောင်းတဲ့ အကျင့်လေး တခုပါ" တဲ့။

စရိုက်က အကျင့်တခု ဖြစ်စေတယ်။ အဲဒီအကျင့်က အောင်မြင်မှုကို ဆုံးဖြတ်ပေးတယ်။ အောင်မြင်တဲ့သူနဲ့ ကျရှုံးတဲ့သူရဲ့ အဓိက ကွားခြားတဲ့နေရာ ကတော့ အောင်မြင်တဲ့ သူမှာ ပန်းတိုင်ကို သတ်မှတ် ထားပြီးရင် ရဲရဲ ချီတက်တယ်။ အခက်အခဲ တွေ့ရင် နည်းလမ်းကို ပြောင်းပြီး ထပ်ကြိုးစားတယ်။ ရှုံးနိမ့်တဲ့သူ ကတော့ ပန်းတိုင်ကို သတ်မှတ်ပြီးရင် အခက်အခဲ တွေ့တာနဲ့ ပန်းတိုင်ကို ပြောင်းပစ်တယ်။ လမ်းကြောင်းကို ပြောင်းပစ် တတ်ကြတယ်။

Zane

Post a Comment

0 Comments