ဆရာငြိမ်း၏ ၂၄.၂.၂၀၂၂ မှ ၂.၃.၂၀၂၂ အထိ ၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

တည်တည်ငြိမ်ငြိမ်နဲ့ အကျိုးပေးတဲ့ ကာလပါပဲ။ အပြောင်းအလဲလုပ်တာ၊ လက်ရှိအနေအထားကနေ တစ်ခုခုကို ရွှေ့လျားဆောင်ရွက်လိုက်တာက အဆိုးကို စတင်ဖြစ်ပေါ်စေပါတယ်။ နေရာထိုင်ခင်း အပြောင်းအလဲတွေလဲ လိုအပ်မှသာ လုပ်သင့်တဲ့ကာလပါပဲ။ လူချစ်လူခင်များမယ်။ လူလွတ်များ စန်းပွင့်မယ်။ ချစ်ရသူကို ဖွင့်ပြောလို့ကောင်း တယ်။ အထက်လူကြီးဆီ တင်ပြပြောဆိုလို့ ကောင်းတယ်။

လက်ထပ်ချင်တဲ့စုံတွဲများ လူကြီးတွေဖွင့်ပြောတာ၊ နားဖောက် တာတွေဆောင်ရွက်လို့ ရပါတယ်။ ငွေကြေးအကူအညီတွေ ရလွယ်တယ်။ မိဘဆီကဖြစ်စေ၊ အလုပ်က ဖြစ်စေ မုန့်ဖိုး ဆိုတာမျိုးတွေရတတ်ပါတယ်။ အလွယ်တွေးရင် အလွယ်ဖြစ်မယ်။ လေးလေးနက်နက်တွေးပြီး ဆောင်ရွက်ခြင်းဖြင့် ဒီကာလမှာ လေးနက်တဲ့ အောင်မြင်မှုတွေ ရလိမ့်မယ်။ ချစ်ရေးဆိုဖို့အကောင်းဆုံးကာလဖြစ်သလို အဖြေပေးခေါင်း ညိတ်ဖို့ အကောင်းဆုံးကာလပါပဲ။

ငွေကြေးကံတွေလဲ မညံ့တော့ပါဘူး။ LDRS တွေ အတွက်တော့ အချစ်ရေး ရှုပ်ထွေးမှုတွေဖြစ်လာနိုင်စရာအကြောင်းရှိပါတယ်။ အခြားတစ်ယောက်နဲ့ စွပ်စွဲပြောဆို ခြင်းခံရနိုင် ဖွယ်ရှိ နေပါတယ်။ကျန်းမာရေးကလဲ ဒီကာလအားနည်းချက် သိပ်မတွေ့ရပါဘူး။ အိမ်ထောင်ရေး က တော့ စီးပွားရေး အပေါ် အားထည့်နေတာကြောင့် သိပ်ပြီး မနွေးထွေးသလိုတော့ ဖြစ်တတ်ပါတယ်။

အကျိုးပေးဂဏန်း ၂ /၉/ ၄

အထူးဟော ချစ်လို့ ခင်လို့ ကူညီမဲ့သူတွေ ပေါများတတ်ပါတယ်.

ယတြာ ဘုရားမှာ ကရေကရာကပ်ပါ။

တနင်္လာ

အနည်းငယ် အခက်အခဲလေးတွေတော့ ရှိနေလိမ့်မယ်။ အဓိကတော့ လုံခြုံရေး ကျိုးပေါက်တဲ့ ကာလဖြစ် တော့ အခိုးခံရတာ၊ အလုခံရတာ၊ အဖမ်းခံရတာမျိုးတွေ ဖြစ်လွယ်တယ်။ တန်ဖိုးကြီးတာတွေ ဝတ်ဆင်ပြီး သွားတာ ဆိုင်ကယ် အကောင်းစားတွေ စီးပြီးသွားတာမျိုးတွေ မလုပ်သင့်သေးပါဘူး။ တတ်နိုင်သမျှ ဒီကာလဟာ အသွားအလာ အပြောအဆို ဆင်ခြင်သင့်ပါတယ်။

မလိုအပ်ဘဲ မိမိအတွင်းရေးတွေကို ဘယ်သူမှ မပြောမိပါစေနဲ့။ လျှို့ဝှက်ချက်တွေ ပေါက်ကြားသွားနိုင်တာကိုတွေ့ရပါတယ်။ လိုင်းပေါ်တင်ပြီး မိမိကို အရှက်ခွဲတာမျိုးတွေ ကြုံရလေ့ရှိတဲ့ကာလ ဖြစ်ပါ တယ်။ ငွေကြေးနဲ့ပတ်သက်ပြီး မလိုအပ်တာတွေ ဝယ်မိနေတတ်ပါတယ်။ ဒီအပတ်ထဲ ရေတွင်းတူးတာမျိုး၊ ရေကန် တည်ဆောက်တာမျိုး ရှောင်စေချင်တယ်။ အဘက်ဘက်က တိုးတတ်မှု ကြန့်ကြာတတ်တဲ့အချိန်ပါပဲ။ လုပ်ငန်းစီးပွား အနေနဲ့ အရောင်းထိုင်းနေတတ်တယ်။

အလုပ်ပါးတတ်တယ်။ ဒါပေမဲ့ လှောင်ကုန်တွေကနေ အကျိုးအမြတ် ပြန်ရ တတ်ပါတယ်။ ဖျားတတ် နာတတ်တဲ့ကာလပါပဲ။ ကျန်းမာရေးကြောင့် ခွင့်ယူရတတ်တယ်။ အချစ်ရေး ခဏမေ့ထား သင့်တဲ့ ကာလပါပဲ။ အိမ်တွင်းရေး အိမ်ထောင်ရေးကတော့ အဆင်ပြေတာ များပါတယ်။ အိမ်တွင်း စီးပွားရေးများလဲ တိုးတတ်လွယ်ပါတယ်။ လူငယ်တွေ ပညာရေးမှာ အားနည်းနေတတ်တယ်။ စိတ်အလိုမကျမှုတွေ၊ ဒေါသဖြစ်စရာ တွေ ကြုံရတတ်တယ်။

အကျိုးပေးဂဏန်း ၃/ ၅ /၉

အထူးဟော အခက်အခဲလေးတွေ ရောပါနေတယ်

ယတြာ စံပယ်ပန်း ဘုရားကပ်လှူလိုက်ပါ

အင်္ဂါ

အကြံအစည်တွေကို ကြိုတင်ကြံစည်ပြီး လုပ်ကိုင်သမျှ လွဲနေပါလိမ့်မယ်။ ဖြစ်လာတဲ့ အခြေအနေကို မီးစင်ပြီး ကတာက ပိုအဆင်ပြေပါလိမ့်မယ်။ ဘာကိစ္စကိုမှ အလျင်စလို မလုပ်မိပါစေနဲ့။ ငွေကြေးနဲ့ပတ်သက်ပြီး ငွေကံ နိမ့်ပါးနေခြင်း၊ အဝင်များပေမဲ့ အထွက်က ပိုများခြင်းတွေ ဖြစ်တတ်ပါတယ်။ ငွေထွက်မဲ့အတူတူ မိမိအတွက်အဖတ် တင်တာတစ်ခုခု ဝယ်ထားတာမျိုးလဲ ဒီကာလမှာ ဆောင်ရွက်နိုင်ပါတယ်။

တတ်နိုင်သမျှ စက်ပစ္စည်းတွေ ပြင်ဆင်မယ် ဆိုရင်တော့ ဒီကာလမှာ မိမိနဲ့သိကျွမ်းတဲ့ ဆိုင်မှာပဲပြင်ပါ။ အခြားဆိုင်တွေမှာ ပြင်မိရင် ထင်ထားသည်ထက် ပိုကုန်တာ မဆိုင်တာတွေ ဖြုတ်လဲခိုင်းတာမျိုးတွေကြောင့် အကုန်အကျ များသွားနိုင်ပါတယ်။ ကျန်းမာရေးကတော့ ညံ့နေရာက နေပြန်ကောင်းလာနိုင်တာကို တွေ့ရပါတယ်။ အလုပ်နဲ့ပတ်သက်တဲ့ အချိတ်အဆက်တွေ ရလာတတ်ပါတယ်။ ကျေးဇူး ပြုဖူးခဲ့တဲ့သူတွေက ပြန်ကျေးဇူးဆပ်တာမျိုးတွေ ကြုံရတတ်ပါတယ်။

ခရီးတို ၊ခရီးရှည်သွားရမည်။ ကောင်းသော ခရီးဖြစ်မည်။ အထောက်အပံ့ အကူအညီတွေရမည်။ မိခင်ကျန်းမာရေး ဂရုစိုက်ပါ။ မိသားစုအရေး ၊ အိမ်တွင်းအရေး ပူပန်ရမည်။ အဝေးကသတင်းကောင်းကြားရမည်။ လူငယ်တွေ အချစ်ရေးကံ ကောင်းနေပါ လိမ့် မယ်။ အချစ်သစ် ရည်းစားသစ်ဆိုတာလဲ ရလွယ်ပါတယ်။ ကျန်းမာရေးလဲ ကောင်းနေမှာပါ။ ဗိုက်အောက်ဗိုက်နာတာ ကလွဲလို့ အခြား အားနည်းချက် သိပ်မတွေ့ပါဘူး။ ပညာရေးနယ်ပယ်မှာတော့ ပညာအသစ်တစ်ခု စတင်သင်ယူလို့ အကောင်းဆုံး အချိန်ပါ။

အကျိုးပေးဂဏန်း ၄/ ၈/ ၆

အထူးဟော ကံသင့်ပါတယ်။

ယတြာ သရက်သီးသနပ် ဘုရားကပ်ပါ။

ဗုဒ္ဓဟူး/ ရာဟု

အခက်အခဲတွေကြားထဲက ရုန်းထွက်အောင်မြင်နိုင်မဲ့ကာလပဲ ဖြစ်ပါတယ်။ မိမိကိုယ်တိုင်က လေးနေ၊နှေးနေ ရင်တော့ ဘာမှဖြစ်ဖြစ်မြောက်မြောက် ဖြစ်လာမယ် မထင်ပါဘူး။ အမှုအခင်းတွေဖြစ်နိုင်ပေမဲ့ ကောင်းစွာကျော်ဖြတ် နိုင်ပါလိမ့်မယ်။ ဖောက်သည်သစ်တိုးခြင်း၊ မိတ်ဆွေကောင်းတွေ ကူညီခြင်းတွေကြောင့် လုပ်ငန်းစီးပွားတွေ တိုးတတ်ဖွယ်ရာ အခြေအနေ ကြုံရပါလိမ့်မယ်။

ကျန်းမာရေးနဲ့ပတ်သက်ပြီး အကူအညီကောင်းတွေ ရလာတတ်ပါတယ်။ အလုပ်အကိုင်နဲ့ပတ်သက်ပြီး ဆိုင်ခွဲဖွင့်တာမျိုးတွေ၊ အလုပ်သစ်စတာမျိုးတွေ ဆောင်ရွက်လို့ကောင်းတဲ့ ကာလပဲဖြစ် ပါတယ်။ သားသမီးကြောင့် စိတ်ချမ်းသာရတာ၊ သားသမီးထံက အကူအညီကောင်းတွေ ရလာမျိုးတွေကြုံရတတ်တဲ့ ကာလလဲ ဖြစ်ပါတယ်။ အိမ်တွင်းစီးပွားရေးမှာတော့ ပြန်လည်ဦးမော့လာတတ်ပါတယ်။

မိသားစုအတွင်း ပြေလည် မှုတွေ ပြန်ရတတ်ပါတယ်။ ငယ်ရွယ်သူများ အချစ်ရေးအထူးစန်းပွင့်နေမည်။ ချစ်ရေးဆိုခြင်း ခံရတတ်သည်။ အိမ်ထောင်ရှင်များ သားသမီးကြောင့်စိတ်ချမ်းမြေ့ရမည်။ အောက်လက်ငယ်သားတွေရဲ့အကူအညီ ရလာတတ်သည်။ ကျန်းမာရေးအနေနဲ့ အစားမှားတတ်သည်။ အစားအသောက် ဆင်ခြင်စေချင်သည်။ အရက်သေစာလဲ လျှော့သောက် သင့်တဲ့ကာလပါပဲ။

အကျိုးပေးဂဏန်း ၅ /၀ /၈

အထူးဟော လုပ်ငန်းကံ ပွင့်လာလိမ့်မယ်

ယတြာ ထောပတ်သီးမှည့် ဘုရားကပ်ပါ

ကြာသပတေး

စိတ်ထဲ လောဘကြီးနေတတ်ပါတယ်။ ဟိုဟာလဲ လုပ်ချင်၊ ဒီဟာလဲ လုပ်ချင်ဆိုတာမျိုးတွေ ဖြစ်နေပါလိမ့် မယ်။ ငွေကြေးအမြောက်အများ ဆုံးရှုံးနိုင်တဲ့ကာလ ဖြစ်တာမို့ ရင်းနှီးမြုပ်နှံမှုတွေ၊ တစ်ခုခုကိုနားမလည်ဘဲ ဝယ်ခြမ်း လိုက်တာမျိုးတွေ ရှောင်လိုက်စေချင်ပါတယ်။ တတ်နိုင်သမျှ မလိုအပ်ဘဲ ခရီးသွားတာမျိုးတွေ ရှောင်ပါ။ ခရီးလမ်း ကြန့်ကြာတာ၊ ခရီးလမ်းမှာ အဆင်မပြေဖြစ်တာမျိုးတွေ ကြုံရတတ်ပါတယ်။

ပညာရေးနဲ့ပတ်သက်သော စီးပွားရေးမှာ ဒီအပတ်အတွင်း အသစ်စလို့ မကောင်းသေးပါဘူး။ ကံကောင်းတာက ငွေနောက်မလိုက်နဲ့။ ကိုယ့်အလုပ် ကို အေးအေးဆေးဆေးလုပ်ပါ။ အလုပ်ကို စိတ်နှစ်ထားတာ အကောင်းဆုံးကိစ္စပါပဲ။ ဘာသာရေးနဲ့ပတ်သက်သော အငြင်း အခုံကိစ္စတွေကို ဒီအပတ်အတွင်း မလုပ်ပါနဲ့။ ချစ်သူရည်စား မရှိသေးသူများ အောင်သွယ်ကောင်းမှုကြောင့် ချစ်သူရ တတ်သည်။

အလုပ်ဝန်ပိတာ ၊မနိုင်ဝန်ထမ်းရတာမျိုးတော့ရှိတတ်ပါတယ်။ အခက်အခဲတွေကြုံပါစေ.... မိတ်ဆွေ သူငယ်ချင်းတွေရဲ့ကူညီမှုတွေကြောင့် ပြေလည်သွားတတ်ပါတယ်။ အလုပ်ပို ၊ကိစ္စပိုတွေကြောင့်ငွေကုန်လူပန်းဖြစ် ရတတ်ပါတယ်။ ကျန်းမာရေးအနည်းငယ် ဂရုစိုက်ပါ။ အရင်ဖြစ်ခဲ့ဖူးတဲ့ ရောဂါဝေဒနာတွေ ပြန်ဖြစ်တတ်ပါတယ်။ လူမျိုးခြား ဘာသာခြားတွေနဲ့ ဆက်စပ်လုပ်ကိုင်ခြင်းများ အညံ့များနေတတ်ပါတယ်။ လူမှုရေးကိစ္စများ အားနည်း ချက် ရှိနေတတ်ပါတယ်။ ပညာရေးကတော့ မိမိကိုယ်တိုင် စိတ်ပါဝင်စားမှု အားနည်းနေပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၁/ ၆/ ၈

အထူးဟော ကံနိမ့်နေတယ်ဗျ

ယတြာ တောင်းရမ်းသူကို တတ်နိုင်သလောက်လှူဒါန်းလိုက်ပါ

သောကြာ

အလှုပ်အရှား အသွားအလာများမဲ့ ကာလပါပဲ။ အငြိမ်မနေရတတ်ပါ။ မထင်မှတ်ဘဲ ခရီးရှည်တွေလဲသွားနေရ တတ်ပါတယ်။ တန်ဖိုးထားစရာ လက်ဆောင်ပစ္စည်းတွေ ရလာတတ်ပါတယ်။ အောက်လက်ငယ်သားတွေကို အားကိုး လို့မရသေးတဲ့ ကာလပါပဲ။ ဒီကာလဟာ လူမှုရေးတစ်ခုပဲ အထူးညံ့နေတယ်။ အိမ်တွင်းမိသားစုနယ်ပယ်၊ အပေါင်း အသင်း မိတ်ဆွေ နယ်ပယ်တွေမှာ စကားများစရာ စိတ်ဝမ်းကွဲစရာ ကြုံလာနိုင်တယ်။

အလုပ်အကိုင်နေရာထိုင်ခင်း အပြောင်းအရွေ့ကြုံရနိင်တယ်။ ကောင်းသောပြောင်းခြင်းပါ။ အိမ်ဝယ်ဖို့ ၊လုပ်ငန်းသစ်စတင်လုပ်ကိုင်ဖို့၊ ဆိုင်းဘုတ် သစ်တင်ဖို့ကိစ္စတွေတော့ မလုပ်သင့်သေးပါဘူး။ ခရီးဝေးသွားရတတ်တယ်။ ဘာသာရေးကိစ္စအလှူကိစ္စတွေအတွက် ခရီးဝေးသွားရမည်။ ငွေကတော့ ဝင်နေပေမဲ့ ထွက်တာကပိုများနေတတ်တယ်။

ပရဟိတအလုပ်၊ လူမှုရေးအသင်း အဖွဲ့တွေမှာ အကူအညီတောင်းခံရခြင်း၊ တာဝန်ပေးခံရခြင်းတွေကြုံရလိမ့်မယ်။ ကျန်းမာရေးကတော့ ဂရုစိုက်ရမဲ့ အနေအထားပါ။ ရောဂါရလွယ်တဲ့ ကာလပါပဲ။ အထူးသဖြင့် သွေးအားနည်းတာမျိုး၊ အကြောအချဉ် တက်တာမျိုး တွေဖြစ်တတ်ပါတယ်။ အိမ်တွင်းရေးမှာ အိမ်ထောင်ဦးစီးကြောင့် စိတ်ညစ်ရတတ်ပါတယ်။ အချစ်ရေးကံကတော့ ချစ်သူနဲ့ အဆင်ပြေချောမွေ့မဲ့ ကာလပါပဲ။ ပညာရေးအားနည်းနေအတွက် ပိုကြိုးစားစေချင်ပါ တယ်။

အကျိုးပေးဂဏန်း ၂/ ဝ/ ၉

အထူးဟော ကျန်းမာရေး ယုတ်လျော့အားနည်းနေပါတယ်

ယတြာ နန်းကြီးသုပ် ဘုရားကပ်လှူပေးပါ

စနေ

ကံမြင့်မားနေချိန်ပါပဲ။ အဓိကအနေနဲ့ အလုပ်အထူးအဆင်ပြေမယ်။ ဝန်ထမ်းဆို နေရာပေးခြင်းခံရမယ်။ အထက်လူကြီးချစ်ခင်မယ်။ ရာထူးနေရာ တိုးတတ်နိုင်တယ်။ အိမ်ဝယ်မဲ့သူတွေ အဆင်အပြေဆုံး ကာလပါ။ အရှုပ် အရှင်း ကင်းမယ်။ ပျော်စရာကြည်နူးစရာတွေ ပြည့်နှက်နေပါလိမ့်မယ်။ လုပ်ငန်းစီးပွား ကောင်းလာမည်။ စိတ် လွတ် လပ် ပေါ့ပါးနေမည်။

အရင်းနှီးဆုံးလူတွေရဲ့ လက်၏ဆောင်မခြင်း၊ နှုတ်၏ဆောင်မခြင်းတွေကြောင့် အဘက်ဘက်က အဆင်ပြေမည်။ အခွင့်ထူးရခြင်း၊ ငွေကြေးအစုလိုက်ဝင်ခြင်းတွေ ကြုံရမှာပါ။ ဘာသာတရားလိုက်စားသူ ၊ပရိတ် ပဌာန်း မပြတ်ရွတ်နေသူတွေဆို အတိတ်ကံရဲ့ ကောင်းကျိုးပေးမှုတွေ အလှည့်ကျမဲ့ အချိန်ပါပဲ။ စက်ပစ္စည်းတွေလဲ ဝင်လာပါ လိမ့်မယ်။ ကျန်းမာရေးလဲ ကောင်းနေပါလိမ့်မယ်။ ကိုယ်ခံအားကောင်းနေမှာပါ။

ကိုယ်ပိုင်လုပ်ငန်းရှင်များ အလုပ်တိုးတတ်မည်။ စက်ပစ္စည်းအသစ်တွေ ဝင်လာတတ်ပါတယ်။ ခရီးတိုလေးတွေလဲ သွားရတတ်ပါတယ်။ အိမ်တွင်းရေးကတော့ သားသမီးတွေကြောင့် ပူပန်ရတတ်ပါတယ်။ လူငယ်တွေကတော့ အချစ်ရေး အထူးကံကောင်းချိန် ပါပဲ။ အချစ်ရေးမှာ ပျော်စရာ၊ စိတ်ချမ်းမြေ့စရာတွေ ကြုံရမှာပါပဲ။ အတန်းပညာထက် ဘာသာရေးနဲ့ပတ်သက် သော ပညာများ သင်ယူသင့်ပါတယ်။

အကျိုးပေးဂဏန်း ၁ /၃ /၇

အထူးဟော ကံမြင့်မားနေမယ်

ယတြာ အုန်းထမင်းဆွမ်း ဘုရားကပ်ပါ။

၇ ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ (ဗေဒင်သုတေသီ)

Post a Comment

0 Comments