ပဲ့တင်သံ

တခါတုန်းက ဖခင်နဲ့ သားဖြစ်သူ တို့ဟာ တောင်တန်းတွေပေါ် လမ်းလျှောက် နေကြတဲ့ အချိန်မှာ သားဖြစ်သူက ရုတ်တရက် ချော်လဲသွားတယ်။ သားဖြစ်သူက နာသွား တာကြောင့် "အား" လို့ အော်လိုက်တယ်။

တောင်တန်းတွေ ကြားထဲ ကနေ သူအော်တဲ့ အသံအတိုင်း "အား" လို့ တယောက်ယောက်က နောက်ကနေ လိုက်အော်သံကို ကြားလိုက်ရတော့ သူအရမ်း အံ့သြသွားတယ်။

သူက စူးစမ်းလိုစိတ်နဲ့ "မင်းဘယ်သူလဲ" လို့ အော်ပြီး မေးလိုက်တယ်။ "မင်းဘယ်သူလဲ" ဆိုပြီး သူ့ကို ပြန်ဖြေသံကို သူကြားလိုက်ရ ပြန်တယ်။ ဒါနဲ့ သူက တောင်တန်းကြီးကို "မင်းကို ငါချစ်တယ်" လို့ အော်ပြော လိုက်တယ်။ "မင်းကို ငါချစ်တယ်" ဆိုတဲ့ အသံကို သူပြန် ကြားလိုက် ရတယ်။

သူ ပြောတဲ့အတိုင်း သူ့ကို ပြန်ပြန် ပြောနေတော့ သူက စိတ်ဆိုးမာန်ဆိုးနဲ့ "ငကြောက်" ဆိုပြီး အော်ပြော လိုက်တော့ "ငကြောက်" ဆိုပြီး သူ့ကို ပြန်ပြောသံကို သူကြားလိုက်ရ ပြန်တယ်။

ဒါနဲ့ သူက သူ့အဖေကို ကြည့်ပြီး "ဘယ်လိုဖြစ်တာလဲ ဖေဖေ" လို့ မေးလိုက်တယ်။ သူ့အဖေက ပြုံးပြီးတော့ "ဒီမှာသား၊ သေချာလေးနားထောင်ကြည့်" လို့ သားဖြစ်သူကို ပြောတယ်။ ပြီးတော့ အဖေလုပ်သူက "မင်းက ချန်ပီယံ တယောက်ပဲ" လို့ အော်ပြောလိုက်တယ်။

ထိုအခါ အနောက်ကနေ "မင်းက ချန်ပီယံ တယောက်ပဲ" လို့ ပြန်ပြောသံကို ကြားရ လိုက်တယ်။ သားဖြစ်သူ ကတော့ အံ့သြနေပြီး ဘာတွေမှန်းလည်း နားမလည်နိုင်ဘူး ဖြစ်နေတယ်။

အဲဒါနဲ့ ဖခင်ဖြစ်သူက "လူတွေက အဲဒါကို ပဲ့တင်သံ လို့ ခေါ်တယ်သား။ တကယ်တော့ အဲဒါ ဘဝပါပဲ။ မင်းပြောသလို၊ မင်းလုပ်သလိုပဲ မင်းကို ပြန်ပြီး တုန့်ပြန်တယ်လေ။ ဘဝ ဆိုတာလည်း ဒီလိုပါပဲ။ ချစ်ခြင်းမေတ္တာကို ခံယူချင်တယ် ဆိုရင် ကိုယ့်ရဲ့ နှလုံးသားထဲမှာ ချစ်ခြင်းမေတ္တာ တည်ရှိနေဖို့ လိုတယ်။

မိမိ အသင်းအဖွဲ့ကို ကျွမ်းကျင် စေချင်တယ် ဆိုရင် ကိုယ့်ရဲ့ ကိုယ်ပိုင် အရည်အချင်းနဲ့ ကျွမ်းကျင်မှု ဟာလည်း တိုးတက်ဖို့ လိုအပ်တယ်။ ဒီသဘောတရားက ဘဝရဲ့ ဘယ်လို ဆက်ဆံရေး၊ ဘယ်လို အခြေအနေမျိုး မှာမဆို အရေးပါတယ်။ ကိုယ်ပေးလိုက်တဲ့ အတိုင်း ဘဝမှာ ကိုယ်ပြန်ရမှာလေ သားရဲ့" လို့ သားဖြစ်သူကို ရှင်းပြ လိုက်ပါတယ်။

ဒါကြောင့် ကျနော်တို့ ဘဝမှာလည်း အကောင်းဆုံးသော၊ အပျော်ရွှင် ဆုံးသော၊ စိတ်ချမ်းသာစရာ ကောင်းသော ဘဝကို ရယူ ပိုင်ဆိုင်နိုင်ဖို့ ဆိုရင် ကိုယ်ကရော သူတပါး အပေါ်ကို ဘယ်လို ဆက်ဆံနေလဲ ဆိုတာကို ပြန်ပြီး ဆန်းစစ်ဖို့ လိုအပ်ပါတယ်။

"ကိုယ်ပေးတဲ့ အတိုင်းသာ ကိုယ်ပြန်ရနိုင်မှာ ဖြစ်တယ်" ဆိုတဲ့ သဘောတရားကို မှတ်ထားပြီး အကောင်းဆုံး ပေးလိုက်ကြရအောင်ပါ။

Snow, phoomyatchal

Post a Comment

0 Comments