မှန်ကန်တဲ့ ဝံပုလွေကို အစာကျွေးပါ

အမေရိကန်ဌာနေ တိုင်းရင်းသားတွေရဲ့ ပုံပြင်တပုဒ် ရှိတယ်။ လူတိုင်းရဲ့ ကိုယ်ထဲမှာ ဝံပုလွေ နှစ်ကောင် ရှိတယ်။ အဲဒီ ဝံပုလွေနှစ်ကောင် ကလည်း အမြဲတမ်း တိုက်ခိုက်နေ ကြတာတဲ့။ တကောင်က ဒေါသ၊ ဝန်တိုမှု၊ လောဘ၊ မုန်းတီးမှု၊ မုသား၊ မာနနဲ့ တကိုယ်ကောင်း ဆန်မှုတွေကို ကိုယ်စားပြုပြီး နောက်တကောင် ကတော့ ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှု၊ မေတ္တာတရား၊ ကြင်နာမှု၊ ညှာတာစာနာမှုတွေကို ကိုယ်စားပြုပါတယ်။

ဒီဝံပုလွေ နှစ်ကောင်ကြား တိုက်ပွဲမှာ အနိုင်ရသူက ကိုယ်အစာကျွေးတဲ့ ဝံပုလွေ ပါတဲ့။ ကိုယ့်ရဲ့ တုံ့ပြန်မှု၊ အမူအကျင့် မှန်သမျှနဲ့ ကိုယ် ဘယ်လိုလူလဲ ဆိုတာဟာ ကိုယ့်ရဲ့ ရွေးချယ်မှုအရ ဖြစ်လာတယ်။ လူကောင်းလူဆိုး ကိုယ်ဖြစ်လာ သမျှဟာ ကိုယ့်ရွေးချယ်မှု အရပဲ။

ဝံပုလွေ ပုံပြင်ထဲကလို ဆိုရင် ကိုယ်အစာကျွေးတဲ့ ဝံပုလွေ ကြီးထွား လာတာပဲ။ လူတိုင်းမှာ သူတို့ကို လှုံ့ဆော်တဲ့အကြောင်းအရာ Stimulus နဲ့ အဲဒီ အကြောင်းအရာပေါ် တုံ့ပြန်မှု Response ဆိုတာ ရှိတယ်။ ကိုယ့်နားမှာ ကိုယ့်ဆီမှာ အဖြစ်အပျက်တွေ ဖြစ်လာတာက လှုံ့ဆော်မှု (Stimulus) ဖြစ်ပြီး အဲဒီ အကြောင်းအရာတွေ အပေါ် ကိုယ်ဘယ်လို ဆက်ဆံလိုက်လဲ ဆိုတာက ကိုယ့်ရဲ့ တုံ့ပြန်မှု (Response) ဖြစ်ပါတယ်။

ကိုယ့်နားမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာ တွေကို ဘယ်ဟာက တော့ဖြစ်၊ ဘယ်ဟာကတော့ မဖြစ်နဲ့ ဆိုပြီး ရွေးချယ်လို့ မရပေမယ့် ကိုယ်ဘယ်လို တုံ့ပြန်မယ် ဆိုတာကတော့ ရွေးချယ်နိုင်ခွင့် ရှိတယ်။ ဥပမာ အလုပ်မှာ အဆူခံရတယ် ဆိုပါစို့။ အဆူခံရတယ် ဆိုတာက လှုံ့ဆော်မှုပါ။ အဲဒီ လှုံ့ဆော်မှုကို ဘယ်လို တုံ့ပြန်လိုက်မလဲ ဆိုတာ ကတော့ ကိုယ့်ရဲ့ ရွေးချယ်မှုပါ။

အဆူခံရတာကို ဒေါသတကြီးနဲ့ အော်ဟစ် ပေါက်ကွဲ ငိုယိုပြီး အလုပ်ထွက်လိုက် နိုင်သလို ဘာကြောင့် အဆူခံရ တာလဲ၊ ဘာတွေ မှားနေတာလဲ ဆိုတာကို ပြန်သုံးသပ် ပြင်ဆင်ပြီး အမှားတွေ ကနေ သင်ခန်းစာယူ ဖွံ့ဖြိုး တိုးတက်အောင် လုပ်ယူလို့လည်းရတယ်။

ကိုယ်တုံ့ပြန်ပုံ မူတည်ပြီး ဆက်လက် ဖြစ်လာတဲ့ အဖြစ်အပျက်တွေက ကွဲပြား ခြားနားသွားမယ်၊ ပြီးရင် လူချင်းလည်း ကွဲပြားသွားလိမ့်မယ်။ ကျွန်တော်တို့ လူမျိုးတွေက တုံ့ပြန်မှု မလွန်ကဲသင့်တဲ့ နေရာမှာ တုံ့ပြန်မှု လွန်ကဲတတ်ပြီး တကယ် ထိထိရောက်ရောက် တုံ့ပြန်ရမယ့် အရာတွေ အပေါ်မှာတော့ ပေယျာလကန်ပဲ ထားတတ်တယ်။

အပေါ်က ဥပမာမှာ ဆိုရင် အလုပ်မှာ အဆူခံရလို့ ငါဘာကို တိုးတက် ဖွံ့ဖြိုးအောင် လုပ်ရမလဲလို့ တွေးမိတဲ့သူက အင်မတန်နည်းတဲ့ ရာခိုင်နှုန်းမှာ ရှိပြီး အဆူခံရလို့ ဆိုပြီး ဖေ့ဘွတ်ပေါ် တင်တာ၊ အတင်းပြောတာ၊ အလုပ်ထွက်ပစ် ကြတာတွေ ကတော့ အရမ်း များပါတယ်။

ကိုယ်ဟာ တုံ့ပြန်မှုကို ရွေးချယ်ပိုင်ခွင့် ရှိပေမယ့် ကိုယ့်ရဲ့ တုံ့ပြန်မှုကြောင့် ဆက်ဖြစ်လာတဲ့ အကျိုးဆက်တွေ ကိုတော့ ရွေးချယ်ပိုင်ခွင့် မရှိဘူး။ ဥပမာ ရေနဲ့ ကစားနေတဲ့ ကိုယ့်ကလေးကို မြင်လိုက်တယ် ဆိုတာက လှုံ့ဆော်မှု။ အော်ကြီးဟစ်ကျယ်နဲ့ ဆူပူမာန်မဲ လိုက်ဖို့ ဆုံးဖြတ်တာက ကိုယ့်ရဲ့ တုံ့ပြန်မှု။ ကလေးက ကိုယ့်ကို မုန်းတီး သွားနိုင်တာ၊ စိတ်အနာတရ ဖြစ်သွားနိုင်တာ အစရှိတာတွေက ကိုယ့်တုံ့ပြန်မှုကြောင့် ဆက်ဖြစ်လာတဲ့ အကျိုးဆက်တွေပါ။

ကိုယ်ဟာ ကြိုက်တဲ့ ဝံပုလွေကို အစာကျွေးခွင့် ရှိတယ်။ ဒါပေမယ့် ကိုယ်အစာကျွေးတဲ့ ဝံပုလွေ ကြီးထွားလာပြီး ဖြစ်လာတဲ့အကျိုးဆက် တွေကိုတော့ တားဆီးနိုင်ခွင့် မရှိဘူး။ ကိုယ့်ရွေးချယ်မှုကြောင့် ဖြစ်လာတဲ့ ကိုယ့်အခြေအနေနဲ့ ပတ်သက်လို့ ဘယ်သူ့ကိုမှ အပြစ်တင်စရာ မရှိပါဘူး။

တချို့တွေက "တကယ်လို့သာ ဆိုရင်" ဆိုတာကို အားသန်တယ်။ "ငါဖြစ်နိုင်တယ်" ဆိုတာကို အားမသန်ဘူး။ ဒါကြောင့် သူတို့ရဲ့ ဘဝ အခြေအနေဟာ သူတို့အပေါ် ဖြစ်လာတဲ့ အရာတွေ ကြောင့်လို့ပဲ တထစ်ချ ယူပြီး အပြစ်တင်တယ်။ အကြောင်းအရာတိုင်းအတွက် ရွေးချယ်ပိုင်ခွင့် ရှိသူဟာ ကိုယ်ပါ။ ဆုတ်ယုတ်နိုင်တာလည်း ကိုယ့်ရွေးချယ်မှု၊ တိုးတက်နိုင်စေ တာလည်း ကိုယ့်ရွေးချယ်မှု။

လူတိုင်းဟာ သူတို့ရွေးချယ်တဲ့ အတိုင်းပဲ ဖြစ်လာတယ်။ ဒီသဘောတရားကို ခေါင်းထဲ ထည့်ထားနိုင်ရင် မှန်ကန်တဲ့ ရွေးချယ်မှုတွေ လုပ်ဖို့အတွက် တနည်းအားဖြင့် မှန်ကန်တဲ့ ဝံပုလွေကို အစာကျွေးဖို့ အတွက် အကူအညီ ဖြစ်နိုင်ပါလိမ့်မယ်။ "မင်းဘယ်သူဆိုတာကို မင်းမိဘတွေက ရွေးချယ်ပေးတယ်။ မင်း ဘယ်လိုလူလဲ ဆိုတာကိုတော့ မင်းကသာ ရွေးချယ်ရတယ်"

Crd Moe Peral

Post a Comment

0 Comments