မြည်းရဲ့ နာသုံးနာ

တခါတုန်းက လူတယောက်ဟာ မြို့ပြတွေ ဆီကို ခရီးထွက်လာသတဲ့။ ဝေးကွာ ကြမ်းတမ်း လွန်းတဲ့ ခရီးရှည် ဖြစ်တာကြောင့် သူဟာ မောပန်း နွမ်းနယ်နေတာပေါ့။ တနေ့တော့ တောလမ်း တနေရာ အရောက် အေးအေးလူလူ နဲ့ စိမ်းစိုလှတဲ့ မြက်တွေကို စားသောက်နေတဲ့ မြည်းတကောင်ကို သူတွေ့ပါသတဲ့။

သူဟာ အကြံတခု ရုတ်တရက် ရလိုက်တယ်။ "ဒီမြည်းကသာ ငါ့ကို ကျောပိုး သယ်ယူသွားရင်တော့ ငါ သက်သာမယ်" ဆိုတဲ့ အကြံနဲ့ပဲ သူဟာ မြည်းကို စကား စပြောလိုက်တာပေါ့။ "အို လှပါပေ့ ခန့်ညားပါပေ့၊ ဘယ်လို သတ္တဝါမျိုး ပါလိမ့်" လို့ အသံ ထွက်ပြီး ရွက်ဆိုသတဲ့။

မြည်းဟာ တချက် လှမ်းကြည့်တယ်။ ပြီးတော့ မြက်တွေကိုပဲ ဆက်စားနေသတဲ့။ လူက ဆက်ပြောတယ်။ "အင်း ငါလည်း ဆရာရှာ ထွက်လာတာ မောလှပြီ ဒီလောက် ခန့်ညားတဲ့ ဥပဓိရုပ် ရှိတဲ့သူ မတွေ့ဖူးသေးပါဘူး"

မြည်းဟာ တချက်တော့ တွေသွားတယ်။ "ဆရာတဲ့၊ ဆရာဆိုတာ ဘာကြီးပါလိမ့်။ သူအပင်ပန်းခံ ရှာနေပုံ ထောက်လျှင် ဆရာ ဆိုတာ ဟောဒီငါစားနေတဲ့ မြက်နုနု လေးတွေထက် ပိုကောင်းမယ် ထင်တယ်" လို့ တွေးသတဲ့။ မြည်းက မြက်စားနေတာကို ခဏနားရင်း မေးတော့တာပေါ့။ "နေပါဦး၊ ဆရာ ဆိုတာ ဘာကိုခေါ်တာတုန်း"

ထွင်ထားတဲ့ ခြုံနဲ့ ဝင်လာတဲ့ယုန်၊ အဲ မြည်းနဲ့တော့ ကွက်တိ ပါပဲ။ လူက "ဒီလိုဗျ၊ ဆရာ ဆိုတာ အားလုံးထက် မြင့်မြတ်တဲ့ နေရာမှာ ရှိတာ ပြီးတော့ ဦးဦး ဖြားဖြား အားလုံး သူပဲ စားသောက်ရတာပဲ။ ပြီးတော့ ခိုင်းချင်ရာ ခိုင်းလို့ရတဲ့ တပည့်လည်း မွေးလို့ ရသေးတာ" လို့ ဆိုလိုက်သတဲ့။

မြည်းက "ဒီလိုဆို ဆရာ လုပ်ရတာ ကောင်းတာ့ပေါ့။ ခင်ဗျားက ဆရာ ရှာနေတာဆို" လို့ သူ့ကို ပြန်မေးတယ်။ လူကလည်း "အဲဒါ ပြောချင်တာပေါ့။ ခင်ဗျားကို မြင်တော့ အလိုလို ဆရာတော် ချင်လာတာ။ ဒီလိုလုပ်ဗျာ ကိုမြည်းက ဆရာလုပ် ကျုပ်က တပည့်လုပ်မယ် ဘယ့်နှယ့်လဲ။ ခင်ဗျားလောက် ခန့်ငြား ထည်ဝါတဲ့ ဥပဓိရုပ်မျိုး မတွေ့ဘူးသေးဘူး"

မြည်းဟာ အချိန်မဆိုင်းပဲ ဆရာအဖြစ် လက်ခံလိုက်တော့ တာပေါ့။ ဆရာလုပ်ရတာ ဇိမ်ပဲ မဟုတ်လား။ မြည်းဟာ ဆရာ ဖြစ်သွားတယ်။ အကြံနဲ့ လူက ခဏကြာတော့ မြည်းကို တွေးတွေးဆဆ ပြောဟန်နဲ့ စကား စလာတော့တာပေါ့။ "ဆရာရေ အခု ကျနော်တို့ မြို့ကို သွားရမယ်ဗျ။ အဲဒီမှာ ဆရာ့အဆင့်နဲ့ ညီမယ့် အစားအသောက်တွေ နေစရာတွေ ပေါမှပေါဗျာ။ ဆရာ့အတွက် ပြောတာပါ"

မြည်းကလည်း ပူပူနွေးနွေး ဆရာဖြစ်ခါစ ဆိုတော့ "ဟား၊ ဒီလိုဆို သွားကြမယ်။ တော်လိုက်တဲ့ ငါ့တပည့်" ဟု ဆိုကာ ခရီဆက်ကြသတဲ့။ သွားရင်း သွားရင်းနဲ့ ခရီးနဲနဲ ပေါက်လာတော့ လူဟာ သူအကြံ အတိုင်း အကောင်အထည် ဖော်တော့တာပေါ့။

"ဆရာရေ တပည့်ကြီးတော့ မလျှောက်နိုင်တာ့ဘူး။ ဒီနေရာမှာပဲ ထားခဲ့လိုက် ပါတော့။ ဆရာ့အတွက် တပည့်ကောင်း မလုပ်နိုင်တော့တာ ခွင့်လွှတ်ပါ ဆရာ။ ဆရာအတွက် တပည့် မရှားပါဘူး။ လိုက်ချင်ပါလျက် ဝမ်းနည်းစွာနဲ့ နေခဲ့ရပါတော့မယ်။ ဟောဒီ အသုံးမကျတဲ့ ကျုပ်ခြေထောက်ကို ရိုက်ချိုးဖို့ပဲ ကောင်းတော့တယ်"

ပြောပြောဆိုဆို သူခြေထောက်သူ မာန်ပါပါ ထုရိုက်နေ တော့သတဲ့။ "အိုး ဒီလိုတော့ မလုပ်ပါနဲ့ တပည့်ရယ်၊ မြိုပြဆိုတာ ဘယ်နားမှာလဲ ဆိုတာတောင် ကျုပ်မသိဘူး။ ပြီးတော့ တပည့်ဖြစ်တဲ့ မင်းကိုလည်း မထားရက်နိုင်ဘူး။ ကဲကဲ ကျုပ်ကျောပေါ်သာ တက်လိုက်ခဲ့တော့"

မြည်းဟာ အခုပဲ ပူပူနွေးနွေး ဆရာဖြစ်ခါစ၊ အခုပဲ ဆရာ ရာထူးကနေ ပြုတ်တော့မယ် ဆိုတော့ မြည်းအကျပ် ရိုက်သွားဟန် ရှိတယ်။ "အမလေး ဆရာရယ်၊ ဆရာ့ ကျောပေါ်တော့ မလိုက်ပါရစေနဲ့။ ခိုင်းစရာရှိရင် တပည့်ကပဲ လုပ်ပေးရမှာ မဟုတ်လား။ နေပါစေတော့ဗျာ ထားသာ ထားခဲ့လိုက်ပါတော့" လို့ ဟန်အမူအရာ အပြည့်နဲ့ လုပ်ပြန်သတဲ့။

"ကဲပါကွာ ငါကပဲ ကြည်ကြည်ဖြူဖြူ လက်ခံတာပါ။ ငါ့ကျောပေါ် ငါတက်ခိုင်းတာကွာ။ ခိုင်းတယ်လို့ သဘောထား ဟုတ်ပြီလား။ ကဲကဲ တက်တက် အချိန် လင့်နေဦးမယ်" ဆိုတော့ လူက ငိုက်စိုက်ငိုက်စိုက်နဲ ကျောပေါ် တက်ခွတော့တာပေါ့။ "အမယ်လေး ဇိမ်ကျသဟ"

ဒီလိုနဲ့ မြို့ပြ ရောက်လာတယ်ပေါ့။ မြို့ရောက်တော့ နှစ်ဦးလုံး ဗိုက်ကလည်း ဆာနေကြတာပေါ့။ "ကဲတပည့်ရေ ကျောပေါ်ကနေ ဆင်းပြီး စားစရာ သွားရှာချေ" လို့ မြည်းကပြောတယ်။ ထိုအခါ လူက "ဆရာ ဆရာ။ မြို့က လူတွေက သူတို့ခိုင်းတာ လုပ်မှ စားစရာ ပေးမယ်တဲ့"

မြည်းက "သူတို့က ဘာခိုင်းလို့လဲ" လို့မေးတယ်။ လူက "ကုန်ပစ္စည်းတွေ ဟိုဘက် တွန်းရွေ့ရမတဲ့။ ကျနော် မနိုင်ဘူးဆရာ" လို့ ပြန်ဖြေတယ်။ "အော် ဒါများကွာ မင်းဆရာ ငါတယောက်လုံး ပါနေတာပဲ။ ဒီလောက်တော့ အပျော့ပါ" လို့ မြည်းဟာ ပြောရင်းဆိုရင်း ကုန်တွေကို ဦးခေါင်းနဲ့ တွန်းရွေ့တော့ တာပေါ့။

လူဟာ နားနေရင်း စိတ်ကူးပြန်သတဲ့။ မြို့သူ တယောက်ယောက်နဲ့ လက်ထပ်မယ်။ သားလေး တယောက် မွေးမယ်။ ဒီမြည်းရဲ့ လည်ဆံမွှေးတွေက ငါ့သား ဆော့စရာ။ မိသားစု ထမင်းဝိုင်းမှာ မြည်းသားကို ငရုပ် စပ်စပ်လေးနဲ့ကင်၊ ဝိုင်ကောင်းကောင်းလေးနဲ့ မြည်းမယ်။

ပြီးတော့ မြည်းခြေထောက်တွေကို မုယောစပါးနဲ့ စွတ်ပြုပ်လေးလုပ်။ ပူပူနွေး မိန်းမ တကိုက်၊ သားတကိုက်၊ ပြီးတာ့ ငါအလှည့်ကြ ဟောသလို ကိုက်ဖဲ့ စားလိုက်မှာ ဆိုပြီး ယောင်ရမ်းကာ အလုပ်လုပ်နေတဲ့ မြည်းခြေထောက်ကို သွားကိုက်တော့ တာပေါ့။

ဟဟ ဘာတုန်း နာတယ်ဟ၊ ငါ့ခြေထောက် ဘာဖြစ်။ တပည့် မင်းဘာဖြစ် နဲ့ ဟထစ်ဟထစ် ဆိုနေတော့တာပေါ့။ အဲဒီမှာ လူလည်ကောင် ပြောလိုက်ပုံက "ဆရာ ညောင်းနေမှာ စိုးလို့ တပည့် နိုပ်ပေးတာပါ ဆရာ။ ကျနော့် လက်တွေက ပေရေ ညစ်ပတ်နေတော့ ဆရာ့ ခြေထောက်ဖြူဖြူလေးတွေ မဲကုန်မှာ စိုးလွန်းလို့ ပါးစပ်နဲ့ နိုပ်ပေးမိတာပါ ဟဲဟဲ"

"အော် အေးအေး နေပါစေကွာ ရပါတယ် တပည့်ရယ်။ အင်း ဆရာဖြစ်ရတာ မကောင်းပါဘူးကွာ။ ခါးနာ ခြေထောက်နာ ခေါင်းနာ" လို့ မြည်းဟာ တိုးတိုးလေး ငြီးလိုက်ပါတော့သတဲ့။

နှုတ်ဖြင့် မြှောက်ပင့် ပေါင်းစားသော သူများကို သတိထားပါ။

Crd

Post a Comment

0 Comments