သူတော်ကောင်းတရား

ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး မင်းပြုစဉ်ကပေါ့။ မင်းကြီးရဲ့ မိဖုရားခေါင်ကြီးမှာ မဟိံသနှင့် စန္ဒကုမာရ သားတော်နှစ်ပါး ထွန်းကားခဲ့တယ်။ သားတော်နှစ်ပါး ရရှိပြီး နောက်မှာ မိဖုရားခေါင်ကြီး နတ်ရွာစံ ခဲ့သတဲ့။ အမိမဲ့ သားတော် နှစ်ပါးကို ဘုရင်ကြီးက အထူးဂရုစိုက် စောင့်ရှောက်ထားသတဲ့။ ဒါပေမယ့် မကြာမီမှာ မိဖုရားငယ် တပါးကို မိဖုရားခေါင်ကြီး မြှောက်စားခဲ့ ရသတဲ့။ အဲဒီ မိဖုရားခေါင်ကြီးလည်း သူရိယ ဆိုတဲ့ သားတော်တပါး ဖွားမြင်ပြန် သတဲ့။

ဘုရင်ကြီးက ဒုတိယမြောက် မိဖုရားကို ချစ်မြတ်နိုး လွန်းတော့ လိုရာဆုတောင်းပါ ဆိုလိုက်တော့ မိဖုရားခေါင်ကြီးက နောက်များမှ လိုအပ်ရင် တောင်းပါ့မယ်လို့ လျှောက်ထားသတဲ့။ အဲဒီမိဖုရားကြီးဟာ သားတော် သူရိယမင်းသား အရွယ်ရောက်တော့ ဘုရင်ကြီးထံ ဝင်ပြီး သူရိယမင်းသားကို ထီးမွေနန်းမွေ လွှဲပေးဖို့ တောင်းသတဲ့။ ဘုရင်ကြီးကလည်း ထီးနန်းဆိုတာ ညီနောင် အစဉ်အဆက် လွှဲရမှာ ဖြစ်လို့ ငါ့မှာ သားတော်နှစ်ပါး ရှိသေးတယ်လို့ ငြင်းပယ်လိုက်သတဲ့။

မိဖုရားက မကြာခဏ သူရိယမင်းသားကို နန်းလွှဲဖို့ ပြောနေတော့ ဘုရင်ကြီးက အမိမဲ့ သားတော်ကြီးနှစ်ပါးကို ရန်မူမှာ စိုးရိမ်တော် မူသတဲ့။ ဒါနဲ့ သားတော်နှစ်ပါးကို ယခုအချိန် တောဖက်မှာ ရှောင်နေကြ၊ ငါလွန်ပြီး အခါမှ မင်းပြုဖို့ ပြန်လာကြ၊ အမတ်ကြီးတွေနဲ့ တိုင်ပင်ထားမယ်လို့ မှာလိုက်တယ်။ သားတော်နှစ်ပါးဟာ ဘုရင်ကြီး စကားကို နာခံပြီး တောထဲကို သွားဖို့ နန်းဆောင်ပေါ်က ဆင်းလာကြ သတဲ့ကွယ်။ "နောင်တော်ဘုရားတို့ ဘယ်အရပ်ကို သွားကြမလို့လဲ။ ညီငယ်လည်း လိုက်ပါရစေ ဘုရား"

အဲသည်လိုနဲ့ ညီနောင်သုံးပါးလုံး ဟိမဝန္တာတောကို ရောက်လာခဲ့ကြတယ်။ နန်းတော်ထက်က ခရီးကြမ်းနှင်လာတော့ တောအုပ်အလယ်မှာ မောပန်းပြီး နားနေကြရတာပေါ့။ အဲဒီတော အုပ်ထဲမှာ ရေအိုင်တခု ရှိနေတာ တွေ့တော့ ညီငယ် သူရိယမင်းသားက နောင်တော်တွေ ရေကြည်ဆက်ဖို့ ထွက်ရှာသတဲ့။ သူရိယမင်းသားငယ်ဟာ ရေအိုင်တွေ့တော့ ဝမ်းသာအားရနဲ့ ရေအိုင်ထဲဆင်းပြီး ရေကြည် ခပ်တော့တာပေါ့။

ရေအိုင်စောင့်ဘီလူးက သူ့ပိုင်နက်ထဲ ဝင်လာတဲ့ သူရိယမင်းသားကို ဖမ်းထားလိုက်တယ်။ "မင်းသား ဒေဝဓမ္မတရားကို သိပါသလား" လို့ ဘီလူးက မေးတယ်။ မင်းသားက "သိပါတယ်၊ နေနှင့်လတို့သည် ဒေဝဓမ္မတရား ဖြစ်ပါတယ်" လို့ ပြန်ဖြေတယ်။ ဘီလူးက သူရိယမင်းသားကို ဖမ်းပြီး ရေအောက်နန်းတော်ထဲမှာ ထည့်ထားလိုက်သတဲ့ကွယ်။

သူရိယမင်းသား အချိန်တန်လို့ ပြန်မရောက်တော့ ညီနောင်နှစ်ပါး အနက်က ညီငယ်မင်းသားက ရေအိုင်ဆီကို ရောက်လာပြီး ရေကြည်ခပ်ပြန်ရော၊ ဘီလူးက ဖမ်းလိုက်သတဲ့။ ဘီလူးက စန္ဒာကုမာရမင်းသားကို သူရိယမင်းသားလိုပဲ ဒေဝဓမ္မတရား ကိုမေးမြန်းပြီး ရေအောက်နန်းတော်ကို ခေါ်သွားပြီး ဖမ်းထားပြန်သတဲ့။ နောက်ဆုံး ညီတော်တွေ ပြန်မရောက်တော့ အစ်ကိုကြီးဖြစ်တဲ့ မဟိံသမင်းသားက ရေအိုင်ဖက်မှာ လိုက်ရှာသတဲ့။ ရေအိုင်စပ်မှာ ရေအိုင်ထဲ ဆင်းသွားတဲ့ ခြေရာတွေကိုသာ တွေ့ပြီး ပြန်တက်လာတဲ့ ခြေရာတွေကို မတွေ့ရဘူးပေါ့။

ဧကန္တ ဒီရေအိုင်ဟာ ရေအိုင်စောင့်ဘီလူး အပိုင်စားရတဲ့ ရေအိုင်ဖြစ်မယ်။ ညီတော်တွေ သတိမမူလို့ ဘီလူးနဲ့ တွေ့သွားကြပြီလို့ အကိုကြီးက စဉ်းစားမိပြီး ရေအိုင်ထဲ မဆင်းဘဲ အဆင်း ခြေရာတွေကို ငေးကြည့်နေတုန်းမှာ ရေအိုင်စောင့်ဘီလူးက လူယောင် ဖန်ဆင်းပြီး "အသင်မင်းသား ရေဆာရင် ရေအိုင်ထဲ ဆင်းသောက်ပါလား" လို့ ပြောတယ်။ မင်းသားက "အလို သင်က တကယ်တော့ ရေအိုင်စောင့်ဘီလူး မဟုတ်လား။ ငါ့ညီတွေ ဘယ်ရောက်သွားသလဲ" လို့ ပြန်မေးတယ်။

ဘီလူးက "မှန်လှပါ။ ဘုန်းတော်ကြောင့် မလိမ်ဝံ့ပါ ဘုရား ရေအိုင်ထဲ ဆင်းရင် စားဖို့ နတ်မင်းတွေက ခွင့်ပြုထားပါတယ်။ ဒါပေမယ့် ဒေဝဓမ္မတရားကို သိသူများကို စားခွင့်မပေးပါ ဘုရား" ဆိုပြီး ရှင်းပြတော့ မင်းသားကြီးက ပြုံးပြီး ခေါင်းတငြိမ့်ငြိမ့် လုပ်နေတယ်။ "သင်သိလိုတဲ့ ဒေဝဓမ္မတရားဆိုတာ ဟီရိ (မကောင်းမှု ပြုရမှာကို ရှက်ခြင်း)၊ သြတ္တပ (မကောင်းမှု ကျူးလွန်ရမည်ကို ကြောက်ရွံ့ခြင်း) တရားနှစ်ပါးသည် ဒေဝဓမ္မ တရားပင် ဖြစ်တယ်" ဆိုပြီး မဟိံသမင်းသားက တရားနှစ်ပါးရဲ့ အနက်အဓိပါ္ပယ် တွေကို ဆက်ရှင်းပြတယ်။

ရေကန်စောင့်ဘီလူးက သဘောကျပြီး "သင်သည် ဒေဝဓမ္မတရားကို အမှန်သိသူ ဖြစ်တယ်။ ရေအောက်မှာ ဖမ်းထားတဲ့ မင်းသားတပါးကို ပြန်ပေးလိုက်မယ်။ ရွေးပါ" ဆိုတော့ မဟိံသမင်းသားက စဉ်းစားဟန် မပြဘဲ "ညီငယ်ထွေး သူရိယမင်းသားကို ပြန်ပေးပါ" လို့ ချက်ချင်း အဖြေပေးလိုက်တယ်။ ဘီလူးက "အသင်မင်းသားဟာ တရားသိသော်လည်း မကျင့်နိုင်သူ ပါလား၊ ညီအရင်းကို ပြန်မတောင်းဘဲ သူရိယကို ဘာလို့ အလိုရှိရတာလဲ" လို့ မေးပြန်တယ်။

"ကျွန်ုပ်တို့ တောထဲကို လာခဲ့ကြသည်မှာ ညီတော်သူရိယကြောင့် လာခဲ့ရတာ။ ညီထွေး မပါဘဲ နေပြည်တော်ကို မပြန်ဝံ့ပါ။ ညီထွေးသူရိယမင်းသားကို ဘီလူးစားခံရပြီဟု ပြောလျှင် နေပြည်တော်မှာ ကျုပ်တို့ကို ကဲ့ရဲ့ကြမယ်။ ညီငယ်ထွေး ကို အသက်ပေးဖို့ တောထဲကို ညာခေါ်ခဲ့သလို ဖြစ်မှာပေါ့"

မင်းသားကြီးမဟိံသက အသေးစိတ် ရှင်းပြလိုက်တော့ ရေအိုင်စောင့်ဘီလူးက တရားသိသူ မဟိံသကို လက်ဆောင်အဖြစ် မင်းသားငယ်နှစ်ယောက်လုံးကို လွှတ်ပေးလိုက်သတဲ့ကွယ်။ ညီနောင်မင်းသား သုံးယောက်ဟာ တောထဲမှာ ရေအိုင်ဘီလူး အကူအညီနဲ့ ချမ်းသာစွာ နေခဲ့ကြရသတဲ့။ နေပြည်တော်မှာ ခမည်းတော် နတ်ရွာစံတော့မှ ညီနောင်သုံးဦး နေပြည်တော်ကို ပြန်လာခဲ့ကြသတဲ့ကွယ်။

သားတော်ကြီးမဟိံသက ထီးနန်းဆက်ခံပြီး ညီအလတ် စန္ဒကုမာရမင်းသာက အိမ်ရှေ့စံအရာ၊ ညီတော်အထွေးဆုံး သူရိယမင်းသားက စစ်သူကြီးအရာကို ရရှိကြသတဲ့။ ညီနောင်သုံးဦး စလုံးဟာ လောကပါလတရားနဲ့ အညီ ကျင့်ကြံ နေထိုင်လျက် တရားနဲ့ ပျော်မွေ့နေကြတော့ သတဲ့ကွယ်။

phoomyatchal ဆရာကြည်ဇော်၏ အာဇာနည်တို့စွမ်းရည် ပုံပြင်စာအုပ်မှ ရေးသားဖော်ပြခြင်းဖြစ်သည်။

Post a Comment

0 Comments