ပန်းကမ်းသော လက်

တခါတုန်းက ပန်းသည်မလေး တဦးဟာ ပန်းအများစုကို ရောင်းချ ပြီးနောက် မိုးချုပ်လာတာကို သတိပြုမိ ပါတယ်။ ဒီတနေ့တော့ စောစောပြန်မယ်လို့ ဆုံးဖြတ်လိုက် ပါတယ်။ ရောင်းလို့ ကျန်နေတဲ့ နှင်းဆီပန်း တပွင့်ကို လမ်းဘေးမှာ ရှိတဲ့ တောင်းစားနေတဲ့ သူတောင်းစား တယောက်ကို ပေးလိုက်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်သွားပါတော့တယ်။

သူတောင်းစားလေးဟာ ဒီလောက် ကောင်းမွန်တဲ့ အဖြစ်အပျက် မိမိအပေါ်မှာ ကျရောက် လာခဲ့လိမ့်မယ် ဆိုတာ ဘယ်တော့မှ မျော်လင့် မထားခဲ့ပါဘူး။ အဲဒီနေ့ တောင်းစားဖို့ စိတ်ဆန္ဒ မရှိတော့ပါဘူး။

သူအိမ်ပြန်ဖို့ ဆုံးဖြတ်ပြီး အိမ်ပြန် သွားပါတယ်။ အိမ်လို့သာ ခေါ်တာပါ ရူပ်ပွနေ ပါတယ်။ မြို့ပြင်မှာ ရှိတဲ့ တဲစုတ်သာသာ ရှိတဲ့ အဆောက်အဦငယ် တခုမှာပါ။

အိမ်ရောက်တာနဲ့ သူတောင်းစားလေးဟာ ဖန်ပုလင်း တခုကို ရှာဖွေလိုက်တယ်။ ရေဖြည့် လိုက်တယ်။ ပြီးရင် နှင်းဆီပန်းကို ထိုးလိုက် ပါတယ်။ ပြီးရင် စားပွဲခုံမှာ တင်လိုက်ပါတယ်။ ကြည့်ရင်း ကြည့်ရင်း သူတစုံတခုကို ချက်ချင်း သတိရလိုက် သလိုပဲ နှင်းဆီပန်းကို ပုလင်းထဲက ပြန်ထုတ်တယ်။ ပုလင်းကို သေသေချာချာ ဆေးကျောတယ်၊ ရေပြန် ဖြည့်တယ်။ ပြီးရင် ပန်းပြန်ထိုးတယ်။ ပြီးရင် သေသေချာချာ ထိုင်ပြီး ပန်းကို ပြန်ကြည့်တယ်။

ချက်ချင်း ဆိုသလိုပါပဲ သူတခုခု သိလိုက်တယ်။ ပန်းနဲ့ ပုလင်းတော့ ကြည့်ကောင်း လာပေမဲ့ တင်ထားတဲ့ စားပွဲနဲ့ မလိုက်ဘူး။ စားပွဲက ညစ်ပတ် လွန်းတယ်။ သူ စားပွဲကို သန့်ရှင်းအောင် ရှင်းလင်း ပြန်တယ်။ နောက်တဆင့် စားပွဲဘေးကို ရှင်းတယ်။

ရှင်းရင်း ရှင်းရင်း အခန်းတခုလုံးကို ရှင်းတယ်။ နှံရံကို ဆေးကြောပြီး ရှင်းတဲ့ အထိ ဖြစ်သွားတယ်။ ပစ္စည်း အားလုံးကိုလည်း သူ့နေရာနဲ့သူ အစီအစဉ် ကျအောင် ရှင်းလိုက်ပါတယ်။

အားလုံး ရှင်းပြီးလို့ သူပြန်ထိုင်တယ်။ နှင်းဆီပွင့်ကို သေသေချာချာ ပြန်ကြည့်ပါတယ်။ နှင်းဆီပွင့်မှ ထွက်ရှိလာတဲ့ ပန်းရနံ့လေးကို သူရူရှိုက်မိတယ်။ နှင်းဆီပွင့်ကို ယစ်မူးနေတဲ့ အချိန်မှာပဲ အခန်းဒေါင့်မှာ ခုနက ထားထားတဲ့ ကြည့်မှန်တချပ်ကို သူတွေ့လိုက်တယ်။

သူကြည့်မှန်ကို ကောက်ကိုင်ပြီး ကြည့်လိုက်တယ်။ မှန်အထဲကလူ ဆံပင်က ဖယိုဖရဲ အဝတ်အစား ကလည်း စုတ်ပျက်ပျက်၊ မျက်နှာကလည်း မဲတူးတူး သူဒီလို ရုပ်မျိုး ဖြစ်တယ် ဆိုတာ သတိ မထားမိတာ ကြာလှပါပြီ။

အဲဒီတော့ ဘာလုပ်မလဲ၊ အနီးအနားမှာ ရှိတဲ့ ချောင်းတခုကို ပြေးပြီး ရေချိုးတယ်။ နည်းနည်း ဟောင်းနွမ်းနေ ပေမဲ့ ကြည့်လို့ကောင်းတဲ့ အဝတ်တထည်ကို ရွေးဝတ် လိုက်ပါတယ်။ မုတ်ဆိတ် ရိတ်လိုက်တယ်။ ဆံပင်ကို သပ်ရပ်အောင် သေသေချာချာ ပြင်ဆင် ဖီးလိုက်ပါတယ်။ မှန်ထဲကို ပြန်ကြည့်လိုက်တယ်။ ရုပ်သန့်သန့် လူငယ်တယောက် သူမြင်လိုက်တယ်။ စားပွဲမှာတင်ထားတဲ့ နှင်းဆီပွင့်နဲ့ တော်တော် လိုက်ဖက်လာပြီလို့ သူခံစားလိုက်ရတယ်။

အသိတခု ထပ်ဝင်သွားတယ်။ ငါဒီလောက်တောင် ခြေလက်အင်္ဂါ ကောင်းပြီး ရုပ်သန့်တာ ဘာဖြစ်လို့ တောင်းစား နေရပါလိမ့်။ တသက်နဲ့ တကိုယ် ဒီလိုမေးခွန်းမျိုး ကိုယ့်ကိုယ်ကို တခါမှ မေမးခဲ့ပါဘူး။ သူ့တကိုယ်လုံး ကြက်သီး ထသွားတယ်။ သူ့ရဲ့ လိပ်ပြာ နိူးထလိုက် သလိုပါပဲ။ သူနှင်းဆီပွင့်ကို စူးစူး ကြည့်လိုက်တယ်။ ဘဝအတွက် အရေးကြီးဆုံး ဖြစ်တဲ့ ဆုံးဖြတ်ချက် တခုကို သူခိုင်ခိုင်မာမာ ချလိုက်ပါတယ်။

သူတောင်းစားလေး နောက်တနေ့ မတောင်းစား တော့ပါဘူး။ သူအလုပ် သွားရှာ ပါတော့တယ်။ ညစ်ပတ်တာကို မကြောက်တာရယ်၊ မောပမ်းတာကို မစိုးရိမ်တာ ရယ်ကြောင့် သူ အဲဒီနေ့မှာပဲ အလုပ်ရ သွားပါတယ်။ သူကြိုးကြိုးစားစား လုပ်ပါတယ်။ သူစိတ်ထဲမှာ နှင်းဆီတွန်းအား ရှိနေတာကိုး။ ဒီလို ကြိုးစားရင်း ကြိုးစားရင်းနဲ့ ကိုယ်ပိုင်အလုပ် သူတည်ထောင် နိုင်သွားပါတယ်။ နောက်ပိုင်း အောင်မြင်တဲ့ လုပ်ငန်းရှင် ဖြစ်သွားပါတယ်။

နှစ်ပေါင်း တော်တော် ကြာသွားပါတယ်။ သူ နှင်းဆီပေးတဲ့ ကောင်မလေးကို ပြန်တွေ့အောင် ရှာပါတယ်။ သူပိုင်တဲ့ စည်းစိမ်တဝက် ပေးလိုက်တယ် လို့ ဆိုပါတယ်။ နှင်းဆီတပွင့်ထဲ အဲ့လောက် ဖြစ်နိုင်လားလို့ အမျိုးသမီးက မေးပါတယ်။ ကောင်မလေးက အမျိုးသမီးကြီးတောင် ဖြစ်နေပါပြီ။ "အဲဒါ နှင်းဆီ မဟုတ်ဘူး။ အဲဒါ မျော်လင့်ချက်၊ ဘဝအတွက် အရေးပါဆုံး မျှော်လင့်ချက်၊ လှပတဲ့ အနာဂတ် တည်ဆောက်ဖို့ မျှော်လင့်ချက်" လို့ သူက ပြန်ဖြေပါတယ်။

"ပန်းကမ်းသော လက်ဟာ မွေးရနံ့တော့ လက်မှာ ကျန်ခဲ့တတ် ပါတယ်" ဆိုတဲ့ စကားပုံဟာ ဒီပုံပြင်က လာတယ်လို့ ဆိုပါတယ်။ လူတိုင်းမှာ အရည်အသွေး ကိုယ်စီ ရှိပါတယ်။ လူတိုင်းဟာ ထူးချွန်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့် ရှိဖို့သာ လိုအပ်ပါတယ်။ ဘယ်သောအခါမှ ကိုယ့်ကိုယ်ကို မစွန့်လွတ်ဖို့၊ ဘဝကို အရှုံးမပေးဖို့ တိုက်တွန်းလိုပါတယ်။ စိတ်ဓာတ် ခွန်အားများ ရနိူင်ကြပါစေ။

Crd, PannNuHtwe

Post a Comment

1 Comments

  1. သုတအမှန်ကို သတ်ပုံမှန်နဲ့ ရေးသားတင်ပြထားသူ ကျေးဇူး + ကွန်ဂရက်ကျူလေးရှင်း။

    ReplyDelete