ခရုနောက်က လိုက်ပါ

နတ်မင်းကြီးက ကျနော့်ကို ခရုတကောင်ရဲ့ လက်ကို ဆွဲပြီး ခရီးထွက်ဖို့ တာဝန် ပေးတယ်။ ကျနော် ဘယ်လောက် နှေးနှေးသွားသွား ခရုက မလိုက်နိုင်ဘူး။ အမြဲတမ်း နောက်မှာပဲ ကျန်နေတယ်။ ကျနော် ဆွဲတယ်၊ တွန်းတယ်၊ လောတယ်။ ခရုက ကျနော့်ကို မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ ကြည့်ပြီး ပြောတယ်။

"သူများလည်း အတတ်နိုင်ဆုံး လျှောက်တာပဲလေ" တဲ့။ ကျနော် ခြောက်တယ်၊ ကန်တယ်၊ ဆောင့်တွန်းတယ်။ ကျနော် ချွေးတွေထွက်လာတယ်။ ခရုလည်း ဒဏ်ရာတွေ ရကုန်တယ်။ ဒါပေမယ့် ထင်သလောက် ခရီးက မပေါက်ဘူး။ "နတ်မင်းကြီးရယ် ဘာဖြစ်လို့များ ကျနော့်ကို ခရုနဲ့ တွဲလျှောက် ခိုင်းရတာလဲ"

ကောင်းကင်ကြီးက ငြိမ်သက် နေသည်။ ကောင်းပြီလေ အသင် နတ်မင်းကြီးတောင် ဂရုမစိုက် မှတော့ ကျနော်က ဘာကိစ္စလောတော့မှာလဲ။ ဒါနဲ့ အရွဲ့တိုက်ပြီး ခရုနောက်က ပြန်လိုက်သည်။ ဒေါသ ထွက်ထွက် နဲ့ပေါ့။ အလို ကျနော် ပန်းရနံ့ သိမ့်သိမ့်လေး ရှုမိတယ်။ အော် လတ်စသတ်တော့ ငါ ပန်းခြံထဲ ရောက်နေပါကော။

ကျနော့်ကို လေရူးလေး တချက် ကျီစယ်သွားတာ ခံစားမိ လိုက်တယ်။ လတ်စ သတ်တော့ ညချမ်းအေးရဲ့ လေရူးလေးက ဒီလောက်တောင် ညင်သာ တာကိုး။ ခဏလေး ကျနော် ငှက်တွေ တေးဆိုနေတဲ့ အသံ ကြားမိသလိုပဲ။ ပုရစ်လေးတွေ တယောက်နဲ့ တယောက် အသံနဲ့ ကျီစယ်နေကြတယ်။

ဝှား ကောင်းကင်ပေါ်မှာ ကြယ်တွေ အများကြီးပဲ လှလိုက်တာ။ ဟမ် အရင်က ဘာဖြစ်လို့ ဒါတွေ မရှိရတာပါလိမ့်။ အော် ကျနော်သိပြီ။ ကျနော် မှားခဲ့တယ်။ နတ်မင်းကြီးက ကျနော်ကို ခရုနဲ့ လမ်းတူတူ လျှောက်ခိုင်းတာ ပဲလေ။ သင်ကော သင့် ခရုလေးကို ရှာတွေ့ပြီးပြီလား။ တခါတလေ စိတ်ပြေလက်ပျောက် လမ်းလျှောက်ကြည့်ပါ။ ဘဝရဲ့ ခြေလှမ်း အလှမ်းတိုင်း အလှမ်းတိုင်းကို ဖြေးဖြေးချင်း ပျော်ရွှင် ခံစားရင်းပေါ့။

ပျော်ရွှင်မှုကို မသိမသာနဲ့ သတ်တဲ့ စကား ၅ ခွန်း ရှိပါတယ်။ "ငါသာ ဖြစ်လာရင်" တဲ့။ အဝေးကြီးကို တွေးတဲ့ အတွေးမျိုးပေါ့။ ငါသာ တနေ့ သူဌေးကြီး ဖြစ်လာရင်၊ ငါသာ ကားရှိလာရင်။ တကယ်လို့ သင်အခုချိန်ကို မပျော်ပိုက်ဘူး ဆိုရင် ပိုက်ဆံ ဘယ်လောက် ရှာနိုင် ရှာနိုင် မပျော်ဘူးလို့ ကျနော် အာမခံတယ်။ တရာရှိရင် နှစ်ရာ ရှာချင်တယ် ဆိုတာ အတော မသတ်နိုင်တဲ့ လူ့ရဲ့ လောဘစိတ်ပါ။

သင်မပျော်ဘူး ဆိုရင် သင့် အိမ်ထောင်ဖက်လည်း မပျော်တော့ဘူး။ သင့်အိမ်သူ အိမ်သားလည်း မပျော်တော့ပါဘူး။ တကယ်လို့ သင်အခုထိ ဘဝကို ဘယ်လို ခံစားရမလဲ မသိရင် နောက်လည်း လူ့ဘဝကို ဘယ်လို ခံစားရမလဲ သိမှာ မဟုတ်ပါဘူး။

ကောင်လေးနဲ့ ကောင်မလေး မသေချာတဲ့ deadline တခု လုပ်ထားတယ် ဆိုပါစို့။ ဥပမာ - ငါ အသက် ၂၅ ပြည့်ရင် လက်ထပ်မယ်၊ ၂၆ မှာ ကလေးတယောက် မွေးမယ်၊ ၃၀ မှာ သားတယောက် သမီးတယောက် ရှိမယ်၊ ၃၁ မှာ အိမ်တလုံး ပိုင်မယ် ဆိုပြီး အကြမ်းဖျင်း ချထားတယ်။

ကျနော်တို့ တခါတလေ လက်ထပ်လိုက်ရင် ပြီးပြီ ဘာပြသနာမှ မရှိတော့ဘူးလို့ တွေးတော မိဘူးလိမ့်မည်။ ဒါပေမယ့် တကယ်တမ်းမှာ ပြသနာက မငြိမ်းသွားတဲ့ အပြင် ပိုပို ကြီးလာမှာပါ။

ဒါ့ကြောင့် သင့်မှာ အနာဂတ် ရည်မှန်းချက်ဆိုတာ ရှိသင့်ပေမယ့် လေထဲ တိုက်အိမ် ဆောက်တဲ့ အတွေးမျိုး ထားမယ့်အစား သင်အခု လုပ်သင့်တဲ့ အရာများကို လုပ်ကြည့်ပါ။ လူဖြစ်ရတာ အသက်ရှုရ ချောင်မယ့် အပြင် ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းကို ပိုင်ပိုင် နိုင်နိုင် ရှိတယ် ဆိုတာ သင် ခံစားရမှာပါ။ တခါတလေ ခရုအနောက်က လိုက်ရင်း ဘေးက ရှုခင်းတွေကို ပျော်ရွှင်စွာ ခံစားကြည့်ပါ။ မနက်ဖြန်ဟာ အရေးကြီးပေမယ့် ဒီနေ့မှာ အသက်ရှင်ပါ။

Crd, phoomyatchal

Post a Comment

0 Comments