အဖေနဲ့ သားသမီးတွေအကြား အေးစက်ဝေးကွာသွားစေတဲ့ အဓိကအကြောင်းအရင်း (၇) ခု

မိဘတိုင်းက သားသမီးတွေကို အကောင်းဆုံးတွေပဲ ပေးချင်ကြပါတယ်။ ဒါပေမယ့် တချို့အဖေတွေက ကလေးတွေချစ်ပေမယ့် ပြုမူဆက်ဆံပုံတွေက လွဲမှားတာကြောင့် အဖေနဲ့ သားသမီးတွေကြားက ဆက်ဆံရေးတွေ အေးစက်ဝေးကွာသွားပါတယ်။

ချုပ်ချယ်တာတွေ အရမ်းတင်းကြပ်တဲ့အခါ ကလေးတွေရဲ့စိတ်ထဲမှာ ကြောက်စိတ်တွေက အမြဲလွှမ်းမိုးနေမှာပါ။ အဲဒါကြောင့် အဖေနဲ့ ကလေးတွေကြားမှာ ဘယ်လိုအရာတွေက ဝေးကွာသွားစေလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ အားလပ်ချိန်ကို ကန့်သတ်ခြင်း

ကလေးတွေကို အားလပ်ချိန်မပေးဘဲ အမြဲတမ်း စာပဲဖတ်ခိုင်းနေရင် ကလေးတွေအတွက် အခြားသူငယ်ချင်းတွေနဲ့ ကစားချိန်မရတော့ပါဘူး။ အဲဒါကြောင့် ကလေးအချင်းချင်း ပေါင်းသင်းဆက်ဆံရေးကိုလည်း ထိခိုက်သွားစေနိုင်ပါတယ်။

၂။ အချိန်မပေးခြင်း

အလုပ်တွေကိုပဲ အချိန်ပေးပြီး သင့်ကလေးကို အချိန်မပေးတာက နှစ်ယောက်လုံးအတွက်မကောင်းပါဘူး။ သင်ရဲ့ဖြစ်တည်မှု၊ ရှိနေမှုက ကလေးအတွက် အားရှိစေပါတယ်။ ကလေးက သင့်အပေါ် အားကိုးယုံကြည်မှုတွေ တိုးလာစေဖို့ နေ့တိုင်း အချိန်ပေးသင့်ပါတယ်။

၃။ ကလေးအတွက် အခက်အခဲအကြောင်း မပြောပြခြင်း

ကလေးတွေကို အန္တရာယ်တွေအကြောင်း၊ အခက်အခဲတွေအကြောင်း မပြောပြတာက သူတို့အတွက် အကြောက်တရား ပိုတိုးလာစေပါတယ်။ ဖြစ်တတ်တဲ့ အန္တရာယ်တွေ၊ အခက်အခဲတွေအကြောင်း ရှင်းပြပြီး ဘယ်လိုဖြေရှင်းရင်ဆိုင်ရမလဲ ဆိုတာကို လမ်းညွှန်ပေးသင့်ပါတယ်။ အဲဒီအခါ ကလေးတွေအတွက် သူတစ်ပါးကို မှီခိုတတ်တဲ့စိတ်တွေ နည်းသွားမှာပါ။

၄။ ကလေးတွေရဲ့ခံစားချက်ကို ထုတ်ဖော်ခွင့်မပေးခြင်း

မိန်းကလေးတွေကို ခံစားချက်ကို ထုတ်ဖော်ဖို့ အားပေးကြပေမယ့်၊ ကူညီပေးကြပေမယ့် ယောကျ်ားလေးတွေကိုတော့ ခံစားချက်တွေ ဖုံးကွယ်ထားဖို့ သင်ကြားကြပါတယ်။ ကလေးရဲ့ခံစားချက်တွေကို မျက်ကွယ်ပြုတာက ကလေးရဲ့အနာဂတ်ကို ထိခိုက်စေပါတယ်။ ခံစားချက်တွေကို ဘယ်လိုဖော်ပြရမှန်းမသိရင် စိတ်ပိုင်းဆိုင်ရာပြဿနာတွေ၊ စိတ်ဖိစီးမှုတွေ ဖြစ်လာစေမှာပါ။

၅။ အချစ်တွေကို ဖုံးကွယ်ထားပြီး စည်းကမ်းချမှတ်ခြင်း

ကလေးတွေအတွက် အပြစ်ပေးတဲ့ပုံစံ မဟုတ်တဲ့ စည်းကမ်းနဲ့ လမ်းညွှန်မှုတွေ လိုအပ်ပါတယ်။ ဖခင်တွေက စိတ်ထဲကနေ ချစ်ပေမယ့် အချစ်ကို မဖော်ပြဘဲ အမြဲဆူပူအော်ဟစ်နေရင် ကလေးတွေက သင့်ကို ကြောက်ပြီး ဒေါသကြီးသူအဖြစ် မြင်သွားတတ်ပါတယ်။

၆။ သင့်ရဲ့အရှုံးတွေကို ဖုံးကွယ်ထားခြင်း

ဘဝမှာ သင်ယူဖို့ အကောင်းဆုံးအရာက အရှုံးပါပဲ။ ဒါပေမယ့် အရှုံးကို လက်ခံပြီး ပြင်ဆင်ဖို့တော့ အရေးကြီးပါတယ်။ သင်ကိုယ်တိုင်က အမှားတွေကို ခေါင်းရှောင်နေရင်၊ အမှားကနေ သင်ခန်းစာမယူရင် သင့်ရဲ့ကလေးကလည်း သင် လုပ်တဲ့အမှားအတိုင်း လိုက်လုပ်နေမှာပါ။

၇။ သင့်ရဲ့ဇနီးအပေါ် လေးစားမှုမထားခြင်း

သင်က ကလေးရဲ့အမေဖြစ်တဲ့ သင့်ရဲ့အမျိုးသမီးကို အမြဲအပြစ်တင်၊ ဒေါသထွက်၊ လေးစားမှုမထားရင် ကလေးရဲ့အနာဂတ် ပတ်သက်ဆက်နွယ်မှုတွေအတွက် ကောင်းမွန်တဲ့ အခြေခံအုတ်မြစ်ဖြစ်လာစေမှာ မဟုတ်ပါဘူး။ သူ့အစ်မတွေ၊ ညီမတွေ၊ အမေနဲ့ တခြားအမျိုးသမီးတွေကိုလည်း သင်ဆက်ဆံတဲ့ပုံစံအတိုင်း အတုယူပြီး ဆက်ဆံသွားနိုင်ပါတယ်။ ကလေးတွေရဲ့ရှေ့မှာ သူတို့အမေကို သင်က ဘယ်လိုလေးစားမှုထားကြောင်း၊ ဂရုစိုက်ကြောင်း ပြသသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments