မလိုအပ်တဲ့နေရာမှာ အချိန်မဖြုန်းပါနဲ့

တခါတုန်းက ဝက်ဝံကြီး တကောင်ဟာ လက်ပတ်နာရီ လိုချင်တာနဲ့ မြို့မှာ သွားဝယ်ဖို့ ဆိုပြီး ခရီးထွက်လာ ခဲ့ပါတယ်။ သူ လက်ပတ်နာရီ လိုချင်နေတာ ကြာပြီ၊ မြို့ကို ရောက်ဖူးချင် နေတာလည်း ကြာပြီ။ မြို့ကိုရောက်ရင် ကြိုးသိုင်း ခေါင်းစွပ် ပါတဲ့ တီရှပ်တထည် ဝယ်မယ်ပေါ့။

ပြီးရင် ကာကီရောင် ဖျော့ဖျော့ ဘောင်းဘီရှည်ပါ ဝယ်ပြီး ဝတ်ဦးမှပဲ လို့ ဝက်ဝံကြီးက စိတ်ကူးယဉ်နေတယ်။ ပြီးရင် မြို့သားတွေရဲ့ စတိုင်အတိုင်း ဆယ်လူလာဖုန်း တလုံး ခါးမှာ ချိတ်ပြီး မြို့ထဲ လျှောက်လည်ရင်း နာရီရှာ ဝယ်မယ် လို့ ဝက်ဝံကြီးက တွေးလိုက်တယ်။

သူလိုချင်တဲ့ နာရီက ဒိုင်ခွက် အချိန်ပြ ဂဏန်းတွေ နေရာမှာ စိန်ပွင့် သေးသေးလေးတွေ မြှုပ်ထားပြီး ပတ်ပတ်လည်မှာ သလင်းကျောက်တွေ စီထားတဲ့ ဒီဇိုင်မျိုး၊ ပုံစံလှလှပေါ့။ နာရီက ရွှေရောင် ဖြစ်ရမယ်။ ကြိုးက သားရေကြိုးပျော့ အနက်ရောင် ဖြစ်ရမယ်။

နှစ်ပေါင်း တရာမှာ စက္ကန့်ပိုင်းလောက်ပဲ အချိန် အတိမ်းအစောင်း အလွဲအမှား ရှိရမယ် လို့ ကြော်ငြာထားတဲ့ ရိုးလက်စ် နာရီကို ဝက်ဝံကြီးက သိပ်စိတ်ဝင် စားတယ်။ ဘဝမှာ အချိန်ဆိုတာ သိပ်အရေးကြီးတယ် လို့ ဝက်ဝံကြီးက သူ့ဘာသာသူ တယောက်တည်း ပြောလိုက်တယ်။ ဒီစကားဟာ ဝက်ဝံကြီး တသက်လုံး ပြောပြောလာခဲ့တဲ့ သူ့ရဲ့ ခံယူချက်လည်း ဖြစ်တယ် ဆိုပဲ။

ဒီလိုနဲ့ ဝက်ဝံကြီးဟာ တရွေ့ရွေ့ လျှောက်ရင်း တောအုပ်ကြီးရဲ့ အပြင်ဘက်ကို ရောက်လာပါလေရော။ တောအုပ်က ထွက်ပြီ ဆိုတော့ ရွာနဲ့ နီးလာတာပေါ့။ ရွာနားရောက်တော့ ရွာခြံစည်းရိုး အပြင်ဘက်မှာ ပြောင်းခင်းကြီး တခင်းကို တွေ့ရတယ်။

ပြောင်းခင်းကြီးက အကျယ်ကြီး၊ မိုးကုပ်စက်ဝိုင်း ထိအောင် ကျယ်သလား မှတ်ရတယ်၊ မျက်စိတဆုံးပဲ။ ပြောင်းဖူးတွေ ကလည်း စားချင်စဖွယ်၊ ပြွတ်သိပ်လို့။ "အင်း၊ ပြောင်းဖူးတွေက အင်မတန် အရသာ ရှိမယ့် ပုံပဲ။ ငါသွားရမယ့် ခရီးကလည်း ဝေး သေးတယ်။ အဲဒီတော့ လမ်းမှာ စားဖို့ နည်းနည်းပါးပါး ခူးသွားဦးမှပဲ"

ဒါနဲ့ပဲ ဝက်ဝံကြီးဟာ ပြောင်းခင်းထဲကို တိုးဝင်သွားတယ်။ ပြီးတော့ အကြီးဆုံး အကောင်းဆိုးလို့ ထင်ရတဲ့ ပြောင်းဖူး နှစ်ဖူးကို ရှာပြီး ခူးလိုက်တယ်။ဒါပေမယ့် ရှေ့မှာ အဲဒီထက် ပိုကြီးပြီး ပိုကောင်းတယ်လို့ အောက်မေ့ရတဲ့ ပြောင်းဖူးတွေကလည်း တသီတသန်းကြီး ရှိနေသေးတာ။

ဒါနဲ့ ဝက်ဝံကြီးဟာ ထပ်ပြီး လိုချင်လာ ပြန်ရော။ ခက်တာက သူ့လက် နှစ်ဖက်မှာ ခူးပြီးသား ပြောင်းဖူးနှစ်ဖူးကို ကိုင်ထားရတော့ လက်မအား တော့ဘူး။ အဲဒါနဲ့ ဝက်ဝံကြီးဟာ လက်ထဲက ပြောင်း ဖူးနှစ်ဖူးကို ချိုင်းကြားထဲမှာ ညှပ်ထားလိုက်တယ်။ ပြီးတော့ ရှေ့ကို တိုးတိုးသွားရင်း တွေ့တဲ့ ပြောင်းဖူးတွေကို လက်နှစ်ဖက် ဆန့်ထုတ်ပြီး ခူးပြန်တယ်။

အဲသည်လို နောက်ထပ် ပြောင်းဖူးတွေချိုးဖို့ လက်ဆန့် လိုက်တဲ့ အခါ ချိုင်းကြားထဲက ပြောင်းဖူး နှစ်ဖူးက ထွက်ကျသွားတာပေါ့။ ဝက်ဝံကြီးကတော့ မသိရှာဘူး။ ပြောင်းဖူးနှစ်ဖူးကို လှမ်းခူးပြီး ချိုင်းကြားထဲ ညှပ်ထားလိုက် နောက်ထပ် ပြောင်းဖူးတွေ ထပ်ခူးဖို့ လက်ဆန့်တဲ့ အခါ ချိုင်းကြားထဲ ပြောင်းဖူးတွေက ထွက်ကျ သွားလိုက်။

အဲ့ဒီလို ထွက်ကျသွားလိုက်၊ ပြောင်းဖူးခူးလိုက်၊ ချိုင်းကြားညှပ်လိုက်နဲ့ ဝက်ဝံကြီးဟာ နောက် နှစ်ပေါင်း များစွာ ကြာတော့မှ ပြောင်းခင်းကြီးထဲက ပြန်ထွက်လာခဲ့ ပါတော့တယ်။ ဒါပေမယ့် သူ့ချိုင်းကြားမှာတော့ ပြောင်းဖူးလေး နှစ်ဖူးပဲ ပါလာခဲ့ ပါတယ်။

သူဟာ သိပ်ကို အိုမင်း သွားပါပြီ။ မြို့ကို သွားဖို့ အချိန်လည်း မရှိတော့ပါဘူး။ သူလိုချင် လွန်းလှတဲ့ နာရီကိုလည်း မဝယ်နိုင်တော့ပါဘူး။ ဘဝမှာ အချိန်ဆိုတာ သိပ်အရေးကြီးတယ် လို့ တတွတ်တွတ် ရေရွတ်ရင်းနဲ့ပဲ သူလာခဲ့ရာ တောအုပ်ဆီ တရွေ့ရွေ့ ပြန်ဝင် သွားပါတော့တယ်။

သင်ခန်းစာ – ကျွန်တော်တို့ ဘဝတွေ ဟာလည်း အချိန် အကန့်အသတ်နဲ့ နေထိုင် ကြရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ အချိန်တွေကို အရေးမပါတဲ့ ကိစ္စတွေ အတွက်နဲ့ မဖြုန်းမိဖို့ လိုအပ်ပါတယ်။

Crd

Post a Comment

0 Comments