မမြင်နိုင်သော ကြိုး

စားသောက်ဆိုင် တခုထဲကို အသက် ခပ်ငယ်ငယ် အမျိုးသမီး တယောက် ဝင်လာပြီး ခဏရပ်ကာ ဆိုင်အနှံ့ကို စူးစမ်းကြည့်လိုက်တယ်။ ပြီးတော့ စားပွဲနံပါတ် 23 ရှိရာမှာ ဝင်ထိုင်လိုက်တယ်။ သူမ နာရီကို ကြည့်တော့ နေ့လည် ၂ နာရီ ထိုးပြီ။

တဆိုင်လုံးကို တချက် စူးစမ်းကြည့် ပြန်တယ်။ အဲဒီနောက် စိတ်ပျက်စွာနဲ့ တစုံတယောက် အလာကို စောင့်ဆိုင်းနေတယ်။ သူမနဲ့ ချိန်းဆိုထားသူဟာ သူမယောက်ျား ဖြစ်သူပါပဲ။

သူမဟာ လွန်ခဲ့တဲ့ ၃ လ လောက်မှာ သူမ ယောက်ျားနဲ့ ရန်အကြီးအကျယ် ဖြစ်ခဲ့ပါတယ်။ သူမတို့ရဲ့ အိမ်ထောင်သက် ၃ နှစ်တာမှာ အကြိမ်ကြိမ် စကားများ ရန်ဖြစ်ခဲ့ ကြပေမယ့် အခုလောက် ထိတော့ မကြီးကျယ်ခဲ့ပါဘူး။ သူမ လက်ထပ်ပြီ ၁ နှစ် လောက်အထိ သူမတို့ အိမ်ထောင်ရေးဟာ အတော်လေး သာယာခဲ့ ကြပါတယ်။

နောက်ပိုင်းမှာတော့ အသေးအဖွဲ ကိစ္စလေးတွေ ကနေတဖြေးဖြေး သဘောထား ကွဲလွဲမှု များစွာနဲ့ စကားများ ရန်ဖြစ်ခဲ့ ကြတာ အကြိမ်ကြိမ်ပါပဲ။ နောက်ဆုံး အကြီးအကျယ် ရန်ဖြစ်ခဲ့ ကြပြီး သူမ အိမ်ပေါ်က ဆင်းကာ သူမရဲ့ ကျောင်းနေဘက် သူငယ်ချင်းတယောက်နဲ့ အတူနေထိုင်ခဲ့တယ်။ ရန်ဖြစ်ပြီး တပတ်လောက် အကြာမှာ သူမအမျိုးသားက အကြိမ်ကြိမ် ဖုန်းဆက် တောင်းပန်ခဲ့ပေမယ့် လက်မခံခဲ့သလို နောက်ဆုံး ဖုန်းနံပါတ်ပါ ပြောင်းလဲပစ်ခဲ့တယ်။

တရက်မှာတော့ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးကို အဆင်ပြေစေ ချင်တဲ့ သူမ သူငယ်ချင်းကြောင့် ယောက်ျားဖြစ်သူက သူမဆီ ဆက်သွယ်နိုင် ခဲ့တယ်။ သူမနဲ့ တွေ့ချင်ကြောင်းနဲ့ ဖြစ်ခဲ့သမျှကို တောင်းပန်ကြောင်း ဖုန်းဆက်ပြီး ပြောခဲ့တယ်။

ဒီတကြိမ်မှာတော့ သူမတွေ့ဖို့ ဆုံးဖြတ်ပြီး ချိန်းဆိုလိုက်တယ်။ ဒါကတော့ သူမယောကျ်ားရဲ့ တောင်းပန်မှုကို လက်ခံပေးဖို့ မဟုတ်ပါဘူး။ သူမနဲ့ ကွာရှင်းပြတ်စဲဖို့ အကြောင်းကို အသိပေး ဆွေးနွေးဖို့ ပါပဲ။

အချိန်က ၂ နာရီ ၁၅ မိနစ်။ ချိန်းဆိုချိန်ထက် ၁၅ မိနစ် ကျော်လွန် သွားပါပြီ။ တကယ်ဆို တောင်းပန်မယ့်သူက ကြိုတင်ရောက်နှင့် နေရမယ်လို့ သူမ ထင်ထားပေမယ့် သူ ရောက်မလာ သေးပါဘူး။

သူမ ရဲ့ဆုံးဖြတ်ချက်ဟာ ပိုမို ခိုင်မာလာခဲ့သလို နောက်ဆုံး သည်းမခံနိုင်ပဲ ပြန်ဖို့အတွက် ထိုင်ခုံကနေ ထလိုက်တယ်။ ဒီချိန်မှာပဲ သူမဆီကို ဖုန်းဝင်လာတယ်။ သူမဖုန်းကိုင်တော့ တဖက်လူက မဝံ့မရဲနဲ့ စကား စပြောတယ်။

"စိတ်မကောင်းပါဘူးခင်ဗျာ၊ မစ္စတာ သွမ်ဆင်ကို သိမယ်လို့ ယုံကြည်ပါတယ်" "ဟုတ်ကဲ့ သိပါတယ်ရှင် ဘာကြောင့်များပါလဲ" သူမစကားကို သတိထားကာ အလိုက်သင့်ပဲ ပြန်ဖြေမိတယ်။ "ဟုတ်ကဲ့ပါ ကျွန်တော်တို့က မြို့နယ်ရဲဌာနကပါ။ လွန်ခဲ့တဲ့ ၁၅ မိနစ်လောက်မှာ အက်စီးဒင့် တခု ဖြစ်ခဲ့ပြီး နေရာမှာပဲ လူတယောက် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာ တွေကြောင့် သူ့ရဲ့ ပုံသဏ္ဌာန်ကို ပြောဖို့ ခက်နေပေမယ့် ကျွန်တော်တို့ သူ့ကိုယ်ပေါ်က ရှာတွေ့ခဲ့တဲ့ ပိုက်ဆံအိတ် အတွင်းမှာ မစ္စတာ သွမ်ဆင်ရဲ့ မှတ်ပုံတင်နဲ့ အတူ စာရွက်ပိုင်းတခုမှာ ရေမှတ်ထားတဲ့ ဖုန်းနံပါတ် တခုကို တွေ့ရှိရလို့ ခုလို့ ဆက်သွယ်လိုက်ရတာပါ။ ဒါကြောင့် အတည်ပြုနိုင်ဖို့ အတွက် သူ့ရဲ့မိသားစုနဲ့ အတူ အသိမိတ်ဆွေ တွေကိုပါ ဖြစ်နိုင်မယ်ဆို ထပ်ဆင့် အကြောင်းကြားပေး စေလိုပါတယ် ခင်ဗျာ"

သူမ တဘက်ကို ဘာစကားမှ ပြန်လည် တုန့်ပြန်ဖို့ သတိမရနိုင်ပဲ အံ့သြမှင်သက် နေမိရင်း ထိုင်ခုံပေါ် ကို လဲပြိုကျသွားတယ် ။ အရင်က သူမအမြင်တွေ၊ သူမဆုံး ဖြတ်ချက်တွေဟာ တဖြေးဖြေး မှားယွင်းလာသလို ခံစားလာမိတယ်။ တကယ်တော့ သူမတို့အိမ်ထောင်ရေးဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က စပြီး အဆင်မပြေခဲ့တာတွေ၊ အမြဲလို ကိစ္စတိုင်း အပေါ်မှာ စကားများ ရန်ဖြစ်နေခဲ့ ကြတာတွေမှာ သူမဘက်ကလည်း အမြဲတမ်း မှန်ကန်မှု မရှိခဲ့ဘူးလို့ ယူဆလာမိတယ်။

သူမရဲ့ ကလေးဆန်မှုတွေ၊ သဘောထား သေးသိမ်မှုတွေ၊ သာမာန်ထက် ပိုတဲ့ အလိုလိုက် ခံချင်မှု တွေကလည်း ပြသနာများစွာကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်း တခုလို့ လက်ခံလာ မိတယ်။ အရင်က သူတို့နှစ်ယောက်ရဲ့ အထိမ်းအမှတ် နေ့တွေကို ခဏခဏ မေ့တတ်တဲ့ သူမယောက်ျားကို သူ့မအပေါ် လေးနက်မှု မရှိတာကြောင့်လို့ ထင်မြင်မိခဲ့ ပေမယ့် အရေးကြုံတဲ့ အခါ ရှေ့ကနေ မားမားမတ်မတ်ရပ်တည် ဖြေရှင်းပေးခဲ့တာတွေ၊ အတူရှိနေစဉ် အချိန်တွေမှာ သူမရဲ့ အပူအပင်မဲ့ လုံခြုံခဲ့ရတဲ့ ဘဝ အခြေအနေတွေကို ပြန်လည် သတိရလာခဲ့တယ်။

မျက်ဝန်းအစုံဟာ မျက်ရည်တွေနဲ့ အတူ သူမ ဘာကိုမှ သတိမထားမိဘူး။ သူမ ငိုကြွေးနေ မိတယ်။ ဘယ်လို အရာက သူမကိုငိုကြွေးစေလဲ။ ဒါဟာ အချစ်လား သံယောဇဉ်လား။ သူမ ရင်ထဲက အရာကို ဘယ်သူမှ မမြင်နိုင်ပါဘူး။ သူမ ကိုယ်တိုင်လည်း သိကောင်းမှ သိပါလိမ့်မယ်။ ဒါပေမယ့် အခု သူမ ငိုနေမိတယ်။ ဘေးတဘက်က လူတွေက သူမကို အာရုံစိုက်ကြည့် နေကြတယ်။

အဲဒီချိန်မှာ သူမရှေ့ကို ပန်းစည်းတစည်း ကိုင်ထားတဲ့ လူတယောက် လျှောက်လာပြီး တီးတိုး စကားနဲ့ တောင်းပန်တယ်။ "မိန်းမရယ် ကိုအနူးအညွတ် တောင်းပန်ပါတယ်။ မင်းကို နောက်ဆို အရင်ထက်ပို ဂရုစိုက်ပါ့မယ်လို့ ကတိပေးပါတယ်။ အခုလည်း မင်းအတွက် ပန်းဆိုင်မှာ ပန်းစည်း ဝင်ဝယ်ရင်း ကျပျောက်သွားတဲ့ ပိုက်ဆံအိတ်ကို ပြန်ရှာနေမိလို့ နဲနဲနောက်ကျသွားတာပါကွာ။ နောက်ဒါမျိုး မဖြစ်စေရပါဘူး တိတ်တော့နော်။ ဒီနေ့က ကိုယ်တို့ရဲ့ အိမ်ထောင်သက် ၃ နှစ် ပြည့်တဲ့နေ့ လေ"

သူမ ပြောစရာ စကားမရှိပဲ ယောကျာ်းဖြစ်သူဆီကို ကလေးငယ် တယောက်လို ဟစ်အော်လို့ ငိုကာ ပြေးသွားပြီး စိတ်ရှိသမျှ ထုရိုက်နေ တော့တယ်။ ကြားဖူးတဲ့ စကားလေးတခွန်း ရှိပါတယ်။ "အချစ်စစ်ကို မရှာဖွေပါနဲ့၊ အချစ်စစ် ဆိုတာ တည်ဆောက် ရမယ့် အရာပါ" တဲ့ဗျာ။ သာယာတဲ့ ဘဝတွေ တည်ဆောက်ရင်း အချစ်စစ်တွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒ္ဒပြုရင်း။

Ko Ko Gyi, phoomyatchal

Post a Comment

0 Comments