သင့်အဝတ်အစားတွေ အရောင်လွင့်မသွားစေဖို့ လျှို့ဝှက်ချက် (၁၀) ခု

အချိန်ကြာလာတာနဲ့အမျှ အဝတ်အစားတွေက အရောင်တွေ လွင့်လာပါတယ်။ အရောင်မှေးမှိန်မသွားအောင် ကာကွယ်ချင်တယ် ဆိုရင်တော့ နည်းလမ်းကောင်းတွေ ရှိပါတယ်။ အဝတ်အစားတွေကို အရောင်တွေအလိုက် ခွဲခြားပြီးတော့ သေချာလေး ဂရုစိုက်မယ်ဆို လွယ်လွယ်နဲ့ အရောင်မမွဲလွယ်ပါဘူး။ ဒါကြောင့် ဘယ်လိုလျှော်ရမယ်ဆိုတာနဲ့ ဘယ်လိုတွေ ထိန်းသိမ်းရမလဲ ဆိုတာကို love media ကနေ ပြောပြပေးပါမယ်နော်။

၁။ အဝတ်အစားတွေမှာပါတဲ့ အညွှန်းတွေကို ဖတ်ပါ။

အညွှန်းမှာ စက်နဲ့လျှော်ခြင်း၊ လက်နဲ့လျှော်ခြင်း ဒါမှဟုတ် အခြောက်ခံခြင်းအတွက် ခွင့်ပြုထားခြင်း ရှိ၊မရှိ ကြည့်ရှုဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အရောင်ချွတ်ဆေးကို သုံးလို့ရလား မရဘူးလားဆိုတာကို စစ်ဆေးပါ။

နောက်ဆုံးအနေနဲ့ သင့်ရဲ့အဝတ်တွေကို အချိန်အကြာကြီး စက်နဲ့လှည့်သင့်လား၊ ဘယ်လို အခြောက်ခံသင့်တယ်ဆိုတာ အညွှန်းမှာ ဖတ်ကြည့်နိုင်ပါတယ်။ တံဆိပ်မှာပါတဲ့ ညွှန်ကြားချက်တွေကို လိုက်နာခြင်းက သင့်အဝတ်အစားတွေကို ကောင်းကောင်းမွန်မွန်နဲ့ အချိန်အကြာကြီး ထိန်းသိမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

၂။ ပြောင်းပြန်လျှော်ပါ။

မလျှော်ခင် အတွင်းအပြင်ကို လှန်လိုက်ပါ။ သင်ကစက်နဲ့ လျှော်တာပဲဖြစ်ဖြစ်၊ လက်နဲ့လျှော်တာပဲဖြစ်ဖြစ် ပွတ်တိုက်တာက အဝတ်အစားတွေကို ပျက်စီးစေပြီး အရောင်ပျက်သွားစေပါတယ်။

၃။ ရှာလကာရည်ကို သုံးပါ။

အဝတ်အစားတွေမှာ အရောင်မရှိတော့တာက တော်တော်လေးကို စိတ်ကသိကအောက် ဖြစ်ရပါတယ်။ ကိုယ်ကြိုက်တဲ့ အင်္ကျီလေးက အရောင်မထွက်တော့ရင် နှမြောစရာပါပဲ။ ဒါကြောင့် အဝတ်လျှော်တော့မယ် ဆိုရင် ရှာလကာရည်ခွက် တစ်ဝက်လောက် ထည့်ပြီးလျှော်သင့်ပါတယ်။ လျှော်ပြီးရင် အနံ့စွဲနေမှာကို စိတ်မပူပါနဲ့။ သူ့အလိုလို ပျောက်သွားပါတယ်။

၄။ အဝတ်အစားတွေကို ရေနှင့်ဆားရောပြီး စိမ်ပါ။

ဆားက အဝတ်အစားတွေ အရောင်ကျွတ်တာကို ကာကွယ်ပေးနိုင်ပါတယ်။ ဆားတစ်ခွက်ကို ရေပုံးကို လောင်းထည့်ပြီး အရည်ပျော်တဲ့အထိ မွှေပေးပါ။ ပြီးတော့ အဝတ်အစားတွေကို ၁ နာရီကနေ ၂ နာရီတဲ့ကြာအထိစိမ်ပြီး ပုံမှန်လိုပဲ လျှော်ပါ။ အရင်ကလောက် အရောင်မကျွတ်တော့တာကို တွေ့ပါလိမ့်မယ်။

၅။ ရေအေးနဲ့ပဲ လျှော်ပါ။

အဝတ်လျှော်ရင် ရေအေးကိုပဲသုံးပါ။ ရေအေးနဲ့ လျှော်တာက သင့်အဝတ်အစားတွေရဲ့ အရောင်နှင့်တောက်ပမှုကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ရေနွေးကတော့ အထည်တွေကို အရောင်ပြောင်းစေပြီး အရောင်ကျွတ်တာကိုလည်း မြန်စေပါတယ်။

၆။ အစွန်းအထင်း ဖယ်ရှားပေးတဲ့ စက္ကူတွေကို သုံးပါ။

အစွန်းအထင်း ဖယ်ရှားပေးတဲ့ စက္ကူတွေက အဝတ်အစားတွေကို အရောင်စွန်းတာတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ သင့်ရဲ့ အဝတ်အစားတွေက ရောင်စုံဖြစ်နေတယ်ဆိုရင် စက္ကူကို အဝတ်လျှော်စက်ထဲမှာ ထည့်ထားဖို့ပဲ လိုပါတယ်။ ဒီလိုနည်းနဲ့ အရောင်နုတဲ့ အဝတ်အစားတွေကို စွန်းထင်းတာကနေ ကာကွယ်နိုင်ပါတယ်။

၇။ စက်နဲ့လှည့်ရင် ဖြည်းဖြည်းပဲလှည့်ပါ။

တကယ်လို့ စက်နဲ့လျှော်မယ်ဆိုရင် အဝတ်အစားတွေကို ဖြည်းဖြည်းပဲ လှည့်သင့်ပါတယ်။ အရှိန်များများနဲ့ လှည့်တာက အဝတ်အစားတွေကို ပွန်းစေပါတယ်။ ပြီးတော့လည်း သက်တမ်းတိုစေနိုင်တဲ့အပြင် အရောင်လည်း ကျွတ်လွယ်စေပါတယ်။

၈။ ဆပ်ပြာကို ရွေးသုံးပါ။

သင်ရဲ့ ဆပ်ပြာရွေးချယ်မှုက သင့်အဝတ်အစားတွေရဲ့ အရောင်ကို ထိခိုက်စေနိုင်ပါတယ်။ တချို့ ဆပ်ပြာတွေက အထည်တွေပေါ်မှာ အကြွင်းအကျန်တွေကို ချန်ထားခဲ့ပြီး အရောင်တွေ မှိန်ဖျော့မွဲခြောက် သွားစေနိုင်ပါတယ်။ အရောင်ရင့်ရင့် ဒါမှမဟုတ် အနက်ရောင် အဝတ်အစားတွေအတွက် အထူးဖော်စပ်ထားတဲ့ ဆပ်ပြာကိုသုံးပါ။ ဒီလိုဆပ်ပြာတွေက ဆိုးဆေးကို ထိန်းသိမ်းထားနိုင်မှာဖြစ်ပြီး အဝတ်တွေကို တောက်ပနေစေမှာပဲ ဖြစ်ပါတယ်။

၉။ နေနဲ့တိုက်ရိုက် မလှန်းသင့်ပါဘူး။

နေရောင်ခြည်က ဘယ်လို အဝတ်အစားမျိုးကိုမဆို အရောင်မှိန်သွားစေနိုင်ပါတယ်။ ဒါကြောင့် အဝတ်လှမ်းရင် အရိပ်ရတဲ့ နေရာမှာပဲလှမ်းပါ။ အဝတ်ခြောက်ဖို့အတွက်တော့ အချိန်ပိုကြာလိမ့်ပါမယ်၊ ဒါပေမယ့် သင့်ရဲ့အဝတ်တွေ ကတော့ ပိုကြာကြာခံပါလိမ့်မယ်။

၁၀။ လိုအပ်မှသာ လျှော်ပါ။

အဝတ်အစားတွေကို တစ်ခါဝတ်ပြီးတိုင်း တစ်ခါလျှော်နေမယ် ဆိုရင်တော့ မြန်မြန်နဲ့ မွဲလွယ်မှာပါ။ ဒါကြောင့် အဝတ်အစားတွေကို မလိုအပ်ပဲ မလျှော်ပါနဲ့။ ချွေးနဲ့တိုက်ရိုက် ထိတွေ့နေတဲ့ အဝတ်တွေကိုတော့ လျှော်သင့်ပါတယ်။ ချွေးနဲ့ တိုက်ရိုက်မထိတွေ့တဲ့ အဝတ်အစားတွေဖြစ်တဲ့ ဂျင်းဘောင်းဘီ ဒါမှမဟုတ် အင်္ကျီတွေကိုတော့ လိုအပ်မှသာ လျှော်သင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments