ကြောင်လေးတွေက သခွားသီးလေးတွေကို ကြောက်လန့်ရတဲ့အကြောင်းအရင်း

ကြောင်လေးတွေက သခွားသီးလေးတွေကို ရုတ်တရက် တွေ့လိုက်ရရင် အလန့်တကြားဖြစ်သွားတဲ့ video တွေကို သင်တွေ့ဖူးမှာပါ။ ဒါပေမယ့် ကြောင်တိုင်းကလည်း သခွားသီးလေးတွေကို ကြောက်ကြတာမဟုတ်ပါဘူး။

ကြောင်အများစုကတော့ သခွားသီးကိုတွေ့ရင် အစိမ်းရောင် မကောင်းဆိုးဝါးတစ်ကောင်ကို တွေ့လိုက်ရသလိုပဲ လန့်သွားတတ်ကြပါတယ်။ အဲဒါကြောင့် ကြောင်လေးတွေက ဘာလို့ သခွားသီးလေးတွေကို ကြောက်ရလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

ကြောင်လေးတွေက သူတို့အတွက် လုံခြုံတယ်လို့ ထင်တဲ့နေရာတွေမှာ နေကြပါတယ်။ ဥပမာ အစားအစာတွေရှိတဲ့ မီးဖိုခန်းလို နေရာပါ။ ကြောင်လေးတွေက အစားအစာတွေကို ချစ်ပြီး အစားမြင်ရရင် စိတ်ချမ်းသာနေပါတယ်။

တစ်ခါတလေ သူတို့နောက်မှာ ဘာရှိနေလဲ ဆိုတာကိုတောင် သတိမထားမိ ကြပါဘူး။ အဲဒါကြောင့် သူတို့နောက်မှာ သခွားသီးလေးတွေကို ရုတ်တရက်တွေ့လိုက်ရလို့ လန့်သွားတာပါ။ ဒါကလည်း ပုံမှန်ပါပဲ။

နောက်တစ်ချက်ကတော့ ကြောင်လေးတွေက သခွားသီးလေးတွေကို စိတ်ထဲမှာ မြွေလို့မှတ်ထင်နိုင်ကြောင်း တိရစ္ဆာန်တွေရဲ့ အမူအရာတွေကို လေ့လာတဲ့ Jill Goldman က ပြောပါတယ်။ ကြောင်လေးတွေက သခွားသီးကို မြင်ရင် တန်းပြေးပြီး ခပ်ဝေးဝေး တစ်နေရာကိုရောက်မှာ ရပ်ပြီးစဉ်းစားပါတယ်။

သခွားသီးလေးတွေကို မြွေလို့ထင်ပြီး ကြောင်လေးတွေ ကြောက်ကြတယ် ဆိုတဲ့အဆိုကို ကြောင်ကျန်းမာရေးပညာရှင် Dr.Pamela Perry ကတော့ သဘောမတူပါဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ ကြောင်လေးတွေက မြွေကို မကြောက်တာ သူ့သဘာဝ ဖြစ်နေလို့ပါ။ ကြောင်တွေက မြွေတွေကို ကိုက်ပြီး တစ်ခါတရံ အိမ်ကိုတောင် ပြန်သယ်လာတတ်ပါတယ်။

ကြောင်လေးတွေက သခွားသီးလေးကို ကြောက်တယ်ဆိုပြီး ခဏခဏ စနေရင် သူတို့မှာလည်း စိတ်ဒဏ်ရာ ရသွားနိုင်ပါတယ်။ ကြောင်လေးတွေအတွက် ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုကလည်း အရေးပါပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့အတွက် လူသားတွေရဲ့အိမ်ဟာ လုံခြုံနွေးထွေးပြီး စိတ်ချရတဲ့ နေရာအဖြစ် မှတ်ယူထားလို့ပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments