သင့်ရဲ့ကြောင်လေး ဝမ်းနည်းနေကြောင်း သိနိုင်မယ့် လက္ခဏာ (၇) ခု

ကြောင်လေးတွေက စိတ်ထိခိုက်လွယ်ပြီး စိတ်နုနယ်တဲ့ ကလေးလေးတွေပါပဲ။ စိတ်ကောက်တတ်တဲ့ အမူအရာလေးတွေက ချစ်စရာကောင်းပါတယ်။ ဒါ့အပြင်ကြောင်လေးတွေမှာ ဝမ်းနည်းတဲ့အချိန်လည်း ရှိပါသေးတယ်။ ကြောင်လေးတွေ ဝမ်းနည်းတဲ့အခါ ဘယ်လိုအမူအရာတွေ ပြတတ်သလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ပုန်းနေတတ်ခြင်း

ကြောင်လေးတွေက ဝမ်းနည်းတဲ့အခါ ပိုပြီး ကြောက်တတ်လာပါတယ်။ အဲဒါကြောင့် သူတို့အတွက် သက်တောင့်သက်သာဖြစ်ပြီး အဆင်ပြေမယ့်နေရာကို ရှာတတ်ကြပါတယ်။ ကြောင်လေးတွေက ဝမ်းနည်းတဲ့အခါ ကစားလည်း မကစားတော့သလို မိသားစုဝင်တွေနဲ့လည်း မပွေ့ဖက်တော့ပါဘူး။ လူတွေ မမြင်နိုင်တဲ့နေရာမှာ သွားပုန်းနေတတ်ပါတယ်။

၂။ မှိုင်တွေပြီး လျှာနဲ့ခဏခဏ လျက်ခြင်း

ကြောင်လေးတွေက သူတို့ရဲ့ခန္ဓာကိုယ်ကို လျှာနဲ့ခဏခဏ လျက်တတ်ကြပါတယ်။ ဒါပေမယ့် လိုတာထက်ပိုပြီး ခဏခဏ လျက်နေတယ်ဆိုရင် ကြောင်လေး မပျော်ရွှင်လို့ပါ။

၃။ တသဲ့သဲ့ မြည်တမ်းနေခြင်း

ကြောင်လေးတွေက အသံတိုးတိုးလေးနဲ့ တသဲ့သဲ့ မြည်တမ်းနေရင် သူတို့ကိုယ်သူတို့ နှစ်သိမ့်နေတာပါ။ သင့်ကြောင်လေးက နဂိုက စွာတေးလန်နေရာကနေ ငြိမ်သွားရင်၊ အေးအေးဆေးဆေး နေတတ်တဲ့ကြောင်က ဆူဆူညံညံအသံတွေ လုပ်တတ်ရင် ကြောင်လေး ဝမ်းနည်းနေလို့ပါ။

၄။ ရန်မူခြင်း

ကြောင်လေးတွေက ကြောက်တတ်သူလေးတွေ ဖြစ်ပေမယ့် ဒေါသထွက်လာရင် သူအချစ်ဆုံး သခင်ကိုတောင် ရန်မူပါတယ်။ ဝမ်းနည်းနေတဲ့ ကြောင်လေးတွေက သခင်ကိုလည်း ရှောင်ဖယ်ရှောင်ဖယ် လုပ်လာပါတယ်။ ရှောင်ဖယ်နေလို့ သွားထိလိုက်ရင်လည်း သင့်ကို ခြောက်ချက် ကုတ်လိုက်မှာပါ။

၅။ အိပ်တဲ့ပုံစံ

ကြောင်လေးတွေက အအိပ်မက်တာကြောင့် နာရီပေါင်းများစွာ အိပ်တတ်ကြပါတယ်။ သူတို့ရဲ့အိပ်ချိန်က ပျမ်းမျှအားဖြင့် တစ်နေ့ကို ၁၂ နာရီကနေ ၁၆ နာရီအထိ ရှိပါတယ်။ ဒါပေမယ့် ပုံမှန်ထက် ပိုအိပ်နေရင် ကြောင်လေးမှာ ဝမ်းနည်းစရာ ရှိနေလို့ပါ။ ဒါမှမဟုတ် ကြောင်လေးက နဂိုလောက် မအိပ်တော့ရင်၊ နေရာပြောင်းအိပ်နေရင် သူတို့ ဝမ်းနည်းနေလို့ပါ။

၆။ ကိုယ်အမူအရာ

ကြောင်လေးတွေရဲ့ စိတ်အခြေအနေကို သူတို့ရဲ့ ကိုယ်အမူအရာကို ကြည့်ပြီးသိနိုင်ပါတယ်။ နားရွက်က လန်နေပြီး အမွေးတွေက ကြမ်းနေရင်၊ အမြီးကို ခြေထောက်နှစ်ဖက်ကြားထဲ သွင်းထားရင် ကြောင်လေးမှာ စိတ်ညစ်စရာ ရှိနေလို့ပါ။

၇။ စားသောက်တဲ့ပုံစံ

လူသားတွေလိုပဲ ကြောင်လေးတွေ စိတ်ဓါတ်ကျရင်လည်း အစားစားတာ နည်းသွားပါတယ်။ သူတို့ကြိုက်တဲ့အစာကို ကျွေးရင်တောင် မစားဘဲ နေတတ်ပါတယ်။ တစ်ခါတလေမှာလည်း အရင်က မစားတဲ့ အစားအစာတွေကိုတောင် စားလာတတ်ပါတယ်။

ကြောင်လေး ပျော်ရွှင်လာအောင် လုပ်ပေးနိုင်မယ့် နည်းလမ်းများ

- ကြောင်လေးက အိပ်ချိန်၊ စားချိန်မမှန်တော့ဘဲ အားနည်းပုံပေါ်လာရင် တိရစ္ဆာန်ဆရာဝန်နဲ့ ပြသပါ။

- ကြောင်လေး ကြိုက်တတ်မယ့် အရုပ်လေးတွေ ဝယ်ပေးပြီး အတူတူဆော့ပေးပါ။

- ကြောင်လေးတွေအတွက် ထုတ်လုပ်ထားတဲ့ သီချင်းတွေကို ဖွင့်ပေးပါ။

- အစားအစာအသစ်တွေကို စမ်းကျွေးကြည့်ပါ။

Zombie (lovemedia)

Post a Comment

0 Comments