ညီအကိုနှစ်ယောက်နှင့် ရွှေအိုးကြီး

တခါတုန်းက လယ်ပိုင်ရှင်ကြီး တဦးမှာ သားနှစ်ယောက် ရှိတယ်။ သားနှစ်ယောက် စလုံးဟာ ဉာဏ်ပညာကို အသုံးပြုခြင်း မရှိပဲ တဇွတ်ထိုး ဆန်ဆန် လုပ်တတ်သူတွေ ပေါ့ကွယ်။ ဒါကြောင့်လည်း လယ်ရှင်ကြီးက သူ့သားနှစ်ယောက်ကို စိတ်မချနိုင် ဖြစ်နေရရှာသတဲ့။

ဒီလိုနဲ့ လယ်ရှင်ကြီး လည်း မီးစာကုန် ဆီခမ်းချိန် ရောက်လာခဲ့ တာပေါ့။ လယ်ရှင်ကြီးဟာ မသေခင်မှာ သားတွေကို စိတ်ချရစေဖို့ ရွာထဲက ပညာရှိ ဆရာကြီး တဦးနဲ့ တိုင်ပင်ပြီး သေတမ်းစာ ရေးသားခဲ့တယ်။ သေတမ်းစာထဲ မှာတော့ မိမိပိုင်တဲ့ လယ်မြေတွေ ထဲတွင် ရွှေအိုးကြီး တလုံး ရှိတယ်။ သားနှစ်ယောက် ထဲက ထိုက်သူရစေ လို့ ရေးခဲ့တယ်။

လယ်ရှင်ကြီး သေခါနီး အချိန်မှာ လယ်ရှင်ကြီးက သားအငယ်ကို "ငါ့သား ဖေဖေရဲ့ လယ်မြေကြီးထဲမှာ ရွှေအိုးကြီးတလုံး ရှိတယ်။ အဖေ သေရင် မင်းတို့ ညီအကို နှစ်ယောက် တိုင်တိုင်ပင်ပင်နဲ့ အဲ့ရွှေအိုးကြီးကို ထိန်းသိမ်း လုပ်ဆောင်ကြ။ သားကြီး ကိုလည်း အဲ့အကြောင်း ပြောရအောင် သွားခေါ်ပေးပါ" လို့ ပြောသတဲ့။

အကိုလုပ်သူကို သွားခေါ်ဖို့ ထွက်လာတဲ့ ညီငယ်က စဉ်းစားတယ်။ လယ်မြေတွေကို တဝက် ပိုင်းပြီး အကိုနဲ့ ငါ ရှာကြရင် ကံဆိုးလို့များ အကိုဘက်မှာ ရွှေအိုး ပါခဲ့သော် ငါ ငတ်ရတော့မယ်။ တခုခုတော့ ကြံမှပဲ လို့ တွေးတယ်။ ဒါကြောင့် ဖခင် ခေါ်ခိုင်း ပေမယ့် ညီလုပ်တဲ့ သူဟာ အကိုကို တခွန်းမှ မပြောဘူး။

အကိုကြီးလည်း ညနေ ယာခင်းက ပြန်လာတော့ ဖခင်ရဲ့ အသက်ကို မမှီတော့ဘူး ပေါ့ကွယ်။ ဖခင်သေပြီး မကြာခင်မှာ ညီအကိုနှစ်ယောက်က ဖခင်ရဲ့ ကြီးမားတဲ့ ယာခင်းကြီးကို၂ ခြမ်း ခွဲလိုက်သတဲ့။ အမွေခွဲပြီး မကြာခင်မှာ ညီလုပ်သူဟာ သူ့ရဲ့ သူငယ်ချင်းနောက်လိုက် အပေါင်းနဲ့ ရောက်လာပြီး "အကို ယာအလုပ်တွေဟာ တယောက်တည်း လုပ်ရတာ ပင်ပန်းလှပါတယ်။ အကို့ယာခင်းတွေကို ဝိုင်းဝန်း တူးဆွပေး ပါရစေ"

အကိုလုပ်တဲ့သူ ကလည်း "ညီငယ်သည် ငါ့အပေါ်တွင် သိတတ်လှပေစွ" ဟု တွေးထင်ကာ ခွင့်ပြုပေး လိုက်ပေသည်။ အကိုကြီးခွင့်ပြုချက် ရသည်နှင့် အကိုပိုင်သော ယာများအား နေ့မအား ညမနား ရက်အတော်ကြာ တူးဆွပါသော်လည်း ရွှေအိုးကြီးကိုမူ လုံးဝ တွေ့ရှိခြင်း မရှိပေ။

ထိုအခါ ညီငယ်က "တကယ်တော့ ငါသည်သာ ကံကောင်းသူပဲ။ ရွှေအိုးကြီးသည် ငါပိုင်သော ယာခင်း အတွင်းတွင်သာ ဧကန်မုချ ရှိနေလိမ့်မည်" ဟု ထင်ကာ ပင်ပန်းခြင်းကိုပင် မမှုပဲ အပျော်ကြီး ပျော်နေပေတော့သည်။ အကိုလုပ်သူလည်း မြေဆီလွှာ သန့်ရှင်းတူးဆွ ထားသော မြေ ပေါ်တွင် ဖခင်လက်ထက်က အတိုင်း သစ်သီးဝလံ စုံစွာ စတင်စိုက်ပျိုးတော့သည်။

ညီငယ်မှာတော့ ဖခင်ပေးထားသော အခြားငွေတိုငွေစ လေးများနှင့် မိတ်ဆွေ သူငယ်ချင်း နောက်လိုက်များကို ကျွေးမွေးငှါးရမ်းကာ မြေတူးဆွခြင်း အလုပ်ကိုသာ ပြုလုပ်လျက် ရှိတော့သည်။ ထို့ကြောင့် ညီလုပ်သူသည် တနေ့ တခြား စီးပွား ကျသထက် ကျလာ၍ အကို လုပ်သူမှာမူ သစ်သီးဝလံများ ရောင်းချရငွေများကြောင့် ကြွယ်ဝချမ်းသာ လာတော့သည်။

အကိုဖြစ်သူ ကြွယ်ဝ ချမ်းသာလာသည်ကို ညီငယ် သိသောအခါ "ငါသည်မျက်စိလျှမ်း၍ ရွှေအိုးကြီးအား မမြင်မိပါ တကား။ အကိုသည် ရွှေအိုးကြီးကို ရရှိသွားခြင်းသာ ဖြစ်ပေလိမ့်မည်။ ငါ၏ ဝေစုအားသွားတောင်းအံ" ဟု ပြောပြီး အကိုလုပ်သူထံသို့ ရောက်ရှိလာလေသည်။ အကိုဖြစ်သူလည်း မည်သို့ပင် ငြင်းဆိုစေ ကာမူ လက်မခံသဖြင့် ရွာထဲရှိ ပညာရှိ ဆရာကြီးထံသို့ ညီအကို ၂ ယောက် ရောက်ရှိလာတော့သည်။

ပညာရှိဆရာကြီးလည်း အကြောင်းအရာ အလုံးစုံကို သိသောအခါ ညီငယ်အား "သင်သည် လူမိုက်သာ ဖြစ်ပေတော့သည်။ သင်၏ ဖခင် နောက်ဆုံး ပြောကြားခဲ့သော ရွှေအိုး ဆိုသည်ကား ဉာဏ်ပညာ၊ ဇွဲ လုံ့လနှင့် ရိုးသားစွာ လုပ်ကိုင်ခြင်း တို့သာ ဖြစ်ပေသည်။

ရိုးသားစွာ လုပ်ကိုင်ခြင်းအား သင်တို့ ညီအကိုနှစ်ယောက်၏ ဇွဲလုံ့လနှင့် ပေါင်းစည်းကာ အမျှော်အမြင် ရှိစွာ လုပ်ကိုင်ခြင်းဖြင့် ရရှိလာသော အသီးအပွင့် တို့သည် သင်တို့ စားမကုန်သော ရွှေအိုးကြီးပင် ဖြစ်ပေတော့သည်။ လောဘ ဆိုသော အကြောင်းအရာကို မသိရှိခဲ့ ခြင်းကြောင့် အကိုဖြစ်သူသည် သင်တို့ဖခင် ပြောကြားသော ရွှေအိုးကြီးအား ရရှိခဲ့ခြင်း ဖြစ်ပေသည်" ဟု ဆုံးမလိုက် လေတော့သည်။

NwayMinThit

Post a Comment

0 Comments