စွန့်လွှတ်အနစ်နာခံသော သူခိုး

တခါတုန်းက သူဌေးကြီး၊ ကုန်သည်နဲ့ ပညာရှိတို့ သူငယ်ချင်း သုံးဦး ရှိကြတယ်။ သူတို့သုံးဦးတွင် သားတယောက်စီ ရှိပြီး သားသုံးယောက်တို့သည်လည်း မိတ်ဆွေ သူငယ်ချင်းတွေ ဖြစ်ကြတယ်။

သားသုံးယောက်တို့ဟာ ယောက်ျားတို့ တတ်အပ်သော ပညာတို့ အလုံးစုံ သင်ယူတတ်မြောက် အရွယ် ရောက်သော်လည်း အပျော်အပါး၊ အသောက်အစား တို့တွင်သာ မွေ့လျော် ပျော်ပါးရင်း အချိန်ကုန် လွန်နေတော့ ဖခင်ဖြစ်သူ သုံးဦးဟာ နေ့စဉ် ဆူပူကြိမ်းမောင်း နေတော့တယ်လေ။

အဲဒါနဲ့ သူငယ်ချင်း လူငယ်သုံးယောက်လည်း အိမ်က ဆင်းပြီး ထွက်ပြေးကြဖို့ တိုင်ပင်ကာ သုံးယောက်အတူ ထွက်ပြေးကြ လေတော့တယ်။ မြို့ရွာတွေမှာ ပျော်ပါး သောက်စားကြရင်း ပါလာတဲ့ ငွေကြေး အသပြာ ကုန်တဲ့အခါ သူဌေးကြီးရဲ့ သားက ငွေရှိတဲ့ အခါ ကိစ္စ အတော်များများ ပြီးမြောက် အောင်မြင်တာ ဖြစ်တဲ့အတွက် ပတ္တမြားတောင်ကို သွားလို့ ပတ္တမြား တူးဖို့ ဆိုသတဲ့။ ကျန်သူတို့ကလည်း သဘောတူကာ ပတ္တမြားတောင်သို့ ခရီးဆက်ကြပါတော့တယ်။

ဒီလိုနဲ့ ပတ္တမြားတောင်ကို ရောက်တဲ့အခါ သုံးယောက် နေရာ ခွဲ၍ ပတ္တမြား ရှာကြရာ ကံကောင်း ထောက်မစွာ ပတ္တမြား ပြည်တန် ပတ္တမြားတလုံးစီ ရရှိလာ တော့တယ်။ ထိုအခါ မိမိနေရပ်သို့ ပြန်ရန်စီစဉ် တိုင်ပင်တဲ့ အခါ လမ်းခရီး၌ ပတ္တမြားတောင်မှ ပတ္တမြားတူး ပြန်လာသူတို့ထံက ခိုးဆိုး လုယက် သတ်ဖြတ်လေ့ ရှိသော လူဆိုးလူမိုက်တို့ ရန်ကြောင့် ပတ္တမြားတွေကို ဝမ်းထဲသို့ မျိုချ၍ သယ်ဆောင်ရန် အကြံရကာ ထမင်းဖြူနှင့် ရော၍ ဝမ်းအတွင်း မျိုချကြ လေတယ်။

ထိုအချိန် သူခိုးတယောက်ဟာ သူတို့သုံးဦး ပတ္တမြားကို မျိုချလိုက်တာ တွေ့ပြီး ချဉ်းကပ် ပေါင်းသင်းကာ သူတို့သုံးဦး အိပ်တဲ့ အချိန်ကျမှ ဝမ်းကိုဖောက် ပတ္တမြားကို ယူမယ် ကြံစည်ပြီး အသနားခံ လမ်းကြုံလိုက်ပါရစေ တောင်းပန်သတဲ့။ သူတို့သုံးဦးလည်း လိုက်ခွင့်ပြုပြီး အပြန်ခရီးဆက်ကြရာ လမ်းခရီး တနေရာက ရွာတရွာကို ရောက်ခဲ့လေတယ်။

အဲဒီရွာမှာ လူဆိုးခေါင်ဆောင် တဦးရှိပြီး သူ့ထံတွင် လူစိမ်းလာလျှင် အဖိုးတန် ရတနာ ပါလာပါက အော်ဟစ် အသိပေး အချက်ပြ တတ်တဲ့ ထူးဆန်းတဲ့ ငှက်ကြီးတကောင် ရှိလေတယ်။ ထိုငှက်ကြီးရဲ့ အော်မြည်သံ ဘာသာစကားကိုလည်း လူဆိုးခေါင်းဆောင်ကသာ အဓိပ္ပာယ် သိရှိနားလည်တယ်။ သူခိုး အပါအဝင် လူငယ်သုံးယောက်တို့ ရွာထဲ ဝင်သောအခါ ထိုငှက်ကြီးမှာ အော်မြည် လေတော့တယ်။

ထိုအခါ လူဆိုးက တပည့် လက်သားတို့အား လူစိမ်းတို့ကို ဖမ်းဆီး၍ ခန္ဓာကိုယ် အနှံ့ ရှာဖွေစေကာ အဖိုးတန် ရတနာ မတွေ့သော အခါမှ လွှတ်လေတယ်။ တဖန် ငှက်ကြီးက အော်မြည် လိုက်ပြန်သတဲ့။ လူဆိုးခေါင်းဆောင်လည်း သူ့ငှက်ကြီးသည် တခါမျှ လွဲမှားခြင်း မရှိပဲ အချက်ပေး အော်မြည် တတ်ရာ ထိုသူတို့ကို ဖမ်းစေပြန်သည်။

ထို့နောက် ခန္ဓာကိုယ် အနှံ့ ရှာဖွေသော်လည်း တန်ဖိုးရှိသော ရတနာကို မတွေ့ရှိသောအခါ ဒေါသအမျက် ထွက်လေတော့တယ်။ ထို့ကြောင့် ထိုသူ လေးယောက်တို့အား နေဝင်ခါနီး အချိန်တွင် ဝမ်းဗိုက်ကို ဖောက်၍ ဝမ်းထဲ၌ ရတနာကို ရှာဖွေရန် လူငယ်သုံးယောက်နှင့် သူခိုးတို့ ရှေ့တွင် ကြိမ်းဝါး ပြောဆိုကာ ချည်နှောင်ထား လိုက်ပါတော့တယ်။

ထိုအခါ သူခိုးဖြစ်သူသည် မိမိအပါအဝင် လူငယ်သုံးဦးလုံး သေရမည့် အရေးကို တွေးကာ မိမိကို အရင်သတ်၍ ဝမ်းဗိုက်ကိုခွဲ ရတနာကို ရှာဖွေလို့ မတွေ့ရှိပါက ကျန်သူသုံးဦး လွတ်မြောက် နိုင်ကြောင်း တွေးကာ နေဝင်ချိန်နီး သတ်ဖြတ် ခံရနီး အချိန်တွင် မိမိတို့တွင် အဖိုးတန်ရတနာ တကယ် မပါရှိကြောင်း သတ်၍ ဝမ်းဗိုက်ကို ခွဲကာ ရတနာကို ရှာဖွေမည် ဆိုလည်း မိမိ၏ မိတ်ဆွေများကို မိမိရှေ့တွင် အသတ်ခံရတာကို မကြည့်ရက် နိုင်တာကြောင့် မိမိအား အရင်သတ်၍ ရှာဖွေပါ ဟု ပြောကြားလေတယ်။

လူဆိုးခေါင်းဆောင်လည်း သူခိုးကို အရင်သတ်၍ ဝမ်းဗိုက်ကို ခွဲကာ ရတနာကို ရှာဖွေစေသော်လည်း ရတနာကို မတွေ့ရှိသောကြောင့် သူခိုးပြောသော ရတနာ မပါရှိဘူး ဆိုသည်မှာ အမှန်စကား ဖြစ်သည်။ ငှက်ကြီးကို ယုံမိ၍ အကျိုးမရှိ ရတနာ မရဘဲ လူတယောက်ကို သေစေခဲ့သည် ဆိုပြီး ကျန်သူ သုံးယောက်ကို လွှတ်လိုက်လေသည်။

ဘဝအခြေအနေအရ၊ ဘဝအကျိုးပေး ကံအရ အသက်မွေးဝမ်းကြောင်း အလုပ် အမျိုးမျိုးနဲ့ ကျင်လည် လုပ်ကိုင်နေကြရ ပေမဲ့ ပုံပြင်ထဲက သူခိုးလို အရေးကြုံတဲ့ အခါ အသက် အသေခံရတာချင်း အတူတူ ဒုက္ခရောက်တာချင်း အတူတူ မိမိမိတ်ဆွေများ သက်သာရာ သက်သာကြောင်း ကြံဆ၍ အနစ်အနာ ခံလိုစိတ် ရှိသော သူများ လောကတွင် ရှိသလို၊ မိမိအတွက်သာ ကြည့်မြင်တတ်သူ တွေလည်း အများသားပါ။

phoomyatchal

Post a Comment

0 Comments