အတော်ဆုံးသော့ဝိဇ္ဇာ

တခါတုန်းက ထောင်အာဏာပိုင်တွေနဲ့ ဖောက်ထွင်းဝိဇ္ဇာ တယောက် အကြားမှာ ထူးထူးခြားခြား အားပြိုင်မှု တခု ဖြစ်ခဲ့ဖူးတယ်။ အဲ့ဒီ ဖောက်ထွင်း ဝိဇ္ဇာက ကမ္ဘာ့အတော်ဆုံး သော့ဝိဇ္ဇာလို့ ပြောလို့ရတယ်။ သူ မဖျက်နိုင်တဲ့ တံခါး၊ သူ မဖောက်နိုင်တဲ့ တံခါး မရှိဘူးလို့ ကြွေးကြော်ထားသူ ဖြစ်တယ်။

သူ့ကို ဘယ်ထောင်ထဲမှာမှ ပိတ်လှောင်ထားလို့ မရ။ တနည်းမဟုတ် တနည်းနဲ့ ထောင်ဖောက်ပြီး ပြေးတာချည်းပဲ။ သော့ဝိဇ္ဇာကိုး။ သူ ကြုံးဝါးထားတာ တခုရှိသေးတယ်။ အဲ့ဒါက ဘယ်လိုသော့၊ ဘယ်လို တံခါးမျိုးပဲ ဖြစ်ဖြစ် ၅ မိနစ် အတွင်း သူ့စိတ်တိုင်းကျ ဖြစ်အောင် ဖောက်နိုင်တယ် ဆိုပဲ။

အဲဒါနဲ့ သူ့ကို ဒီလို လွှတ်ထားလို့တော့ မဖြစ်တော့ဘူး။ တခုခု တော့ စီမံရမယ် ဆိုပြီး သက်ဆိုင်ရာ ထောင်အာဏာပိုင်တွေက အဲ့ဒီ သော့ဝိဇ္ဇာ ဆီကို ရအောင် ဆက်သွယ်တယ်။ ပြီးတော့ သူနဲ့ သဘောတူညီချက် တခုကို လုပ်ဆောင်ကြတယ်။

အဲဒီ သဘောတူညီချက်က သော့ဝိဇ္ဇာကို အခန်းတခုမှာ ပိတ်ထားမယ်။ သူက အဲဒီ အခန်းတံခါးသော့ကို ဖျက်ပြီး အပြင်ရအောင် ထွက်ရမယ်။ သတ်မှတ်ချိန်က ၁၀ မိနစ်။ ၁၀ မိနစ် အတွင်းမှာ အဲ့ဒီ သော့ဝိဇ္ဇာ အပြင် ရောက်အောင် ထွက်နိုင်ရင် သူ့လုပ်ခဲ့တဲ့ ရာဇဝတ်မှု အပြစ်တွေကို စာရင်းမှ ဖျောက်ဖျက်ပေးမည်။

၁၀ မိနစ် အတွင်း မရခဲ့ရင်တော့ သူ့ရဲ့ ရာဇဝတ်မှုတွေအတွက် ဥပဒေအရ အရေးယူမှုကို ကျေကျေနပ်နပ် လက်ခံရမယ်။ သော့ဝိဇ္ဇာက အဲ့ဒီ စိန်ခေါ်မှုကို လက်ခံလိုက်တယ်။ ၁၀ မိနစ် ဆိုတာ သူ့အတွက် များလွန်းနေတယ် လို့တောင် ခပ်ပြုံးပြုံး ပြောလိုက်သေး။

သတ်မှတ်ထားတဲ့ ရက်၊ သတ်မှတ်ထားတဲ့ အချိန်လည်း ရောက်ရော သတ်မှတ်ထားတဲ့ အခန်းထဲကို သော့ဝိဇ္ဇာကို ထည့်ပြီးတော့ အခန်းတံခါးကို ပိတ်လိုက်တယ်။ အထဲက သူ့ဆီမှာတော့ ဘာမှ ထွေထွေထူးထူး ပါမသွားဘူး။ ဝတ်နေကျ ကုတ်အကျီ တထည်သာ ပါသွားတယ်။

အချိန်စ မှတ်ပြီ။ ၂ မိနစ်။ သော့ဝိဇ္ဇာက အေးအေး ဆေးဆေးပင် ထိုင်လျှက် ရှိနေသေးတယ်။ ၃ မိနစ်။ ကုတ်အကျီ အိတ်ထဲမှ ဆေးလိပ်ဘူးကို ထုတ်၊ ဘူးထဲမှ ဆေးလိပ် တလိပ်ကို ပါးစပ်ထဲ ခဲ၊ မီး အသာညှိပြီး ခပ်လေးလေး ဖွာထုတ်လိုက်တယ်။

၄ မိနစ်။ ထိုင်နေရာက အသာထပြီး တံခါးဆီကို လျှောက်သွား လိုက်ပြီး သော့ပေါက်ထဲကို သူ၏ ကုတ်ထဲမှ ကရိယာများ အသုံးပြုပြီးသော့ဖျက်ခြင်း လုပ်ငန်း စတင်တယ်။ ၅ မိနစ်၊ ၆ မိနစ်၊၇ မိနစ် သော့ဝိဇ္ဇာကြီး ချွေးပြန်လေပြီ။

ဘယ်သော့ကိုမှ သူဒီလောက် မဖောက်ခဲ့ရဖူးဘူး။ အခုဟာက သူမှန်းထားတာထက် ပိုကြာနေပြီ။ ၈ မိနစ်၊ လုံးဝ မရသေး။ ၉ မိနစ်၊ ၁၀ မိနစ်။ အတော်ဆုံးပါလို့ သတ်မှတ်ခံထားရတဲ့ သော့ဝိဇ္ဇာခမျာမှာ တံခါးတခုရှေ့မှာ ကျဆုံးခဲ့တယ်။

သူရှုံးကြောင်း အာဏာပိုင်တွေ ရှေ့ကို ရောက်လာပြီး ခံဝန်ကတိ လက်မှတ် ထိုးပြီးသွားတော့ သူက မေးခွန်းတခု မေးတယ်။ "ခင်ဗျားတို့ ဒီတံခါးကို ဘယ်သော့နဲ့များ ပိတ်ထားတာလဲ။ ကျုပ်တသက် ဒီလိုမျိုး တခါမှ မတွေ့ဖူးဘူး"

အာဏာပိုင် တို့ကလည်း ပြန်ဖြေတယ်။ "တကယ်တော့ အဲ့ဒီတံခါးက သော့ကို ပိတ်မထားတာ။ တံခါးက စေ့ရုံလေး စေ့ထားတာ ခင်ဗျားတွန်းဖွင့်လိုက်ရင်တောင်တံခါးက ပွင့်တယ်ဗျ"

ဒါက တကယ် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေး တခုပါ။ ဇာတ်လမ်းလေး ဆုံးသွားပေမယ့် ကျွန်တော်ကတော့ အတွေးမဆုံးသေးပါဘူး။

ကျွန်တော်တို့ ဘဝမှာလည်း ဒီလို တံခါးမျိုးတွေ ခဏခဏ တွေ့ခဲ့ရဖူး ပါလိမ့်မယ်။ အသာလေး တွန်းဖွင့်လိုက်ရုံလေး ဆိုပေမယ့် မပွင့် ပွင့်အောင် နည်းမျိုးစုံ ရှာကြံပြီး အပင်ပန်း ခံခဲ့ကြရတယ်။ ဒါပေမယ့် တွန်းဖွင့်ကြည့်ဖို့ ကိုတော့ အရင်ဆုံး မကြိုးစားမိ ကြပါဘူး။

အရိုးဆုံး နည်းလမ်းတွေ ကနေ စပြီး ချဉ်းကပ်တာ အကောင်းဆုံးပါပဲ။ တခါတလေမှာ ရိုးရိုးလေး တွန်းဖွင့်လိုက် ရင်တောင် လိုရာ ရောက်နိုင်ပါတယ်။ Crd, phoomyatchal

Post a Comment

0 Comments