သူယုတ်မာတို့ သွားရာလမ်း

ဟိုးရှေးရှေးတုန်းက လင်္ကာဒီပ နိုင်ငံ၊ မဟာစေတီတော်ကြီး အနီးမှာ သီရိနာဂ အမည်ရှိတဲ့ ပုဏ္ဏားတယောက်ဟာ တပည့် အမှုထမ်းများစွာနဲ့ ရောက်ရှိလာသတဲ့။ သူတို့ရဲ့လက်ထဲမှာ စေတီတော်ကို ဖြိုဖျက်ဖို့ တူရွင်း၊ ပေါက်တူး၊ ပေါက် ပြား လက်နက်အစု ယူလာကြသတဲ့။ သီရိနာဂဆိုသူဟာ ဘဝင်မြင့်ပြီး ဘုရင်လုပ်လိုသူ ဘုရင်ရူး ရူးနေသူ ဖြစ်တယ်။

သူက ဘုရင်ဖြစ်ရေးကို တွေးတဲ့အခါ ဥစ္စာပစ္စည်း ပေါများ ပြည့်စုံမှ ဘုရင်ဖြစ်နိုင်မယ်လို့ တွေးထင်ထားသူ ဖြစ်တယ်။ ဥစ္စာရလျှင် သူရဲကောင်း မွေးမည်၊ သူရဲကောင်းများ ဝန်းရံလျက် အနုရာဓ ထီးနန်းကို လုပ်ကြံလို့ မင်းဖြစ်အံ့လို့ တွေးနေသူ ဖြစ်တယ်။ သီရိနာဂဟာ ဥစ္စာပစ္စည်း ပြည့်စုံဖို့ အမျိုးမျိုး စဉ်းစားကြည့်တယ်။ ကုန်ကူးမလား၊ အရောင်းအဝယ် လုပ်မလားပေါ့။

ဒါပေမယ့် ဥစ္စာ အလွယ်တကူ ရဖို့က ဘုရားပဠာပနာ တိုက်ကို ဖောက်ယူမှသာ အမြန်ဆုံး ဥစ္စာရမယ်လို့ တွေးလိုက်တာပေါ့။ မိုက်တွင်းနက်သူရဲ့ အတွေးတွေလေ။ အဲဒီတော့ မဟာစေတီရဲ့ ဌာပနာတိုက်ဖောက်ဖို့ တပည့် အစုံအလင်နဲ့ စေတီနား ရောက်လာရခြင်း ဖြစ်တယ်။

မရရှိသေးသော ဥစ္စာပစ္စည်းကို မက်လုံးပြပြီး တပည့်တွေကို စည်းရုံးထားတာပေါ့။ သီရိနာဂဟာ ကြိမ်းဝါးပြီး တပည့်တွေကို "စေတီကို ဖြိုဖျက်ကြကုန်" ဆိုပြီး စေတီဖျက်ဖို့ ခိုင်းစေတော့တာပေါ့။

တပည့်တွေဟာ စေတီဖြိုဖျက်ဖို့ ကျောက်ချပ်အစပ် များကို ရှာဖွေလို့ မတွေ့ဘဲ အခက်ကြုံနေ ရတော့တာပေါ့လေ။

"အရှင် စေတီဖြိုရန် အခက်တွေ့ နေပါတယ်။ စေတီရဲ့ ကျောက်ချပ်အစပ်ကို ရှာမရ ဖြစ်နေပါပြီ"

"ကဲ ဒီလိုဆိုရင် စေတီရဲ့ ကျောက်ချပ်၊ အုတ်ချပ်အစကို ဘယ်သူ သိနိုင်သလဲ"

"ဟဌောဌိရွာက 'ဗဟုလ' ဆိုတဲ့ ပန်းရံခေါင်းဆောင် ဆိုသူသာ သိနိုင်ပါတယ် ဘုရား"

"ကဲ အမြန်ဆုံး ဗဟုလကို သွားရောက်ခေါ်ခဲ့ကြ"

သီရိနာဂဟာ သြဇာအာဏာ ထက်မြက်စူးရှတဲ့ အချိန်ဖြစ်နေတော့ ဗဟုလဟာ ရွာကနေ သီရိနာဂရှိရာ မဟာစေတီအနီးကို အမြန်ဆုံး ရောက်ရှိ သတင်းပို့ခဲ့ ရတယ်။ သီရိနာဂက

"ဗဟုလ၊ ဤစေတီ၏ အုတ်စပ်ကို အသင် ရှာဖွေနိုင်တယ်လို့ သိရတယ်။ ဌာပနာဖောက်ဖို့ အမြန်ဆုံး စေတီဖြိုပေးပါ" လို့ ပြောတယ်။ ဗဟုလဟာ ဗုဒ္ဓဘာသာ ဥပါသကာ တဦးဖြစ်တဲ့ အတွက် သီရိနာဂ စကားကို ဒေါသ ဖြစ်မိတယ်။ စေတီကိုတော့ အဖျက် မခံနိုင်တဲ့စိတ်နဲ့ ခုခံပြောဆို လိုက်တယ်တဲ့။

"အရှင့်သား၊ ရဟန်းရှင်လူ နတ်ဒေဝတာ အပေါင်းတို့ရဲ့ အထွဋ်အထိပ် ဖြစ်တဲ့ မြတ်စွာဘုရား ဒီပင်္ကရာ ဘုရားသခင် ခြေတော်ရင်းမှာ ဗျာဒိတ်တော် ထား၍ အသက်ထက်ဆုံး ကိုးကွယ်ပါမည်လို့ သီလဆောက်တည် ထားပါတယ်။ ဒါကြောင့် စေတီတော် ဖျက်ဖြိုခြင်း မပြုလုပ်နိုင်ပါ၊ အားမပေးနိုင်ပါ ဘုရား။ စေတီဖျက်ဆီးသူဟာ သေခြင်းရဲ့ အဆုံးမှာ ငရဲကို လားရမှာ ကြောက်လှပါတယ် ဘုရား"

"အလို၊ ဗဟုလ ဆိုလိုက်သော စကားသည် ငါ့ရဲ့ လုပ်ရပ်ကို စော်ကား လှချည့်လား၊ ငါ့အမိန့်ကို လွန်ဆန်တဲ့ ဗဟုလကို တံကျင်လျှို၍ သတ်စေ တချက်လွှတ် အမိန့်တော်" ဗဟုလရဲ့ စကားအဆုံးမှာ မောက်မာလွန်းတဲ့ သီရိနာဂက ပြင်းထန်စွာ အပြစ်ပေးလိုက်သတဲ့။

သီရိနာဂ အမိန့်အတိုင်း သူ့တပည့်တွေက ဗဟုလကို တံလျင်လျှို ပြုလုပ်လိုက် ကြသတဲ့။ ဒါပေမဲ့ သီရိနာဂက မကျေနပ်သေးဘူးလေ။ "စေတီကို သင် မဖြိုဖျက်နိုင်လျှင် သင်၏သားများကို ဖြိုစေအံ့"

ဗဟုလနဲ့ တကျိပ် ခုနစ်ယောက်သော သားများ ရောက်လာသောအခါ သီရိနာဂရဲ့ စေတီတော် ဖြိုဖျက်ရေး အစီအစဉ်ကို ဖခင် ဆုံးဖြတ်ချက်အတိုင်း ပြောဆို ငြင်းပယ်ကြ ပြန်သတဲ့။

"အရှင်၊ ကျွန်ုပ်တို့သည် ဖခင်နည်းတူ ရတနာသုံးပါး ဦးထိပ်ထားလို့ ကိုးကွယ်သူများ ဖြစ်ကြပါတယ်။ ဘုန်းတော်ခြောက်စုံ၊ ဂုဏ်တော်အနန္တ ဖြစ်တော်မူသော မြတ်စွာဘုရား၏ ဓာတ်တော်များ ကိန်းဝပ်ရာ ဤမဟာစေတီကို ဖြိုဖျက် မပေးနိုင်ပါ"

"သည်ကောင်တွေ အားလုံး သူ့ဖခင်လိုပဲ တံကျင်လျှိုသတ်စေ" ဗဟုလရဲ့ သားတွေရဲ့ ငြင်းပယ်မှုကို ခံလိုက်ရတဲ့ သီရိနာဂရဲ့ ပြင်းထန်တဲ့ အမိန့်ကို တပည့်တွေက ဆောင်ရွက်ကြ ပြန်ပါရော။ ဒါပေမယ့် သူတော်ကောင်း နတ်ကောင်းမ ဆိုတဲ့ စကားအတိုင်း သီရိနာဂရဲ့ မတရား ခိုင်းစေမှုကို ငြင်းပယ်ခဲ့တဲ့ ဗဟုလ သားအဖတွေကို သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်တွေက ကြည့်မနေနိုင်တော့ဘူးလေ။

တံကျင်လျှို၍ သတ်အံ့ဆဲဆဲ အချိန်ကာလမှာ ကောင်းကင်ယံမှာ တဆယ့် ရှစ်စင်းသော နတ်ရထားတို့ ဆိုက်ရောက် ပေါ်ပေါက်လာသတဲ့။ သီရိနာဂနဲ့ ပရိသတ်အပေါင်းဟာ အဖမ်းခံ ဗဟုလနဲ့ သားတကျိပ် ခုနစ်ယောက်နဲ့ ကောင်းကင်ပေါ်မှာ ပေါ်လာတဲ့ နတ်ရထား တဆယ့်ရှစ်စင်းတို့ကို အံ့သြဖွယ် တွေ့မြင်နေရတယ်။

"ဟယ် နတ်ရထား တဆယ့်ရှစ်စီးဟာ ဗဟုလသားအဖ တဆယ့်ရှစ်ယောက်ကို ကောင်းရာသုဂတိကို ပို့ဖို့ ရောက်လာတာပါလား" ပရိသတ်က အခြေအနေကို ကြည့်ပြီး ဆိုလေကြတာပေါ့။ သီရိနာဂရဲ့ တပည့်တွေကလည်း အခြေအနေကို အမြန်ဆုံး တင်လျှောက်ကြတယ်။

"အရှင် တံကျင်လျှိုမယ့် တရားခံ တဆယ့်ရှစ်ယောက်စလုံး ပျောက်ချင်းမလှ ပျောက်ကွယ်သွားပြီး ကောင်းကင်ယံက နတ်ရထားပေါ် ရောက်နေကြပါပြီ ဘုရား။ စေတီဖြိုတာကို နတ်သိကြားတွေ မနှစ်ခြိုက်လို့ ဖြစ်ပေါ်လာတာ ဖြစ်လို့ သတိထား တော်မူပါ"

"တံကျင်လျှိုထားတဲ့ သားအဖ ရုတ်တရက် ပျောက်သွားခြင်း၊ နတ်ရထားတွေ ပေါ်ပေါက်လာခြင်း စတဲ့ အံ့သြ ထိတ်လန့်ဖွယ် ကိစ္စတွေဟာ သတိထားစရာ ဖြစ်ပါတယ် အရှင်၊ ဂေါတမရှင်တော် မြတ်ဘုရားရဲ့ ဓာတ်တော် မွေတော်များ ကိန်းဝပ်ရာ မဟာစေတီ ဖြိုဖျက်တာကို နတ်သိကြားတွေက သတိပေးခြင်း ဖြစ်ပါမယ်"

အဲဒီလို တပည့်တွေက အခြေအနေကို သတိပေးတော့ သီရိနာဂဟာ မဟာစေတီ ဖြိုဖျက်ဖို့ ကိစ္စကို လက်လျော့လိုက်တယ်။ သို့ပေမယ့် ဘုရင်ဖြစ်ချင်စိတ်က မလျော့သေးတော့ ဥစ္စာပြည့်စုံဖို့ ဆက်လုပ်ဖို့ ကြံတွက်ပြန်တယ်။ ဒီတခါတော့ အရှေ့ဖက်အရပ်ကို လှည့်ပြီး ဘုရားတဆူကို ဖောက်ဖို့ တွေးပြန်တယ်။ အရှေ့ဖက်အရပ်မှာ "မစုပိဌိယ" ရွာမှ "မစုပိဌိယစေတီ" ကို အာရုံရောက်ပြီး စေတီဌာပနာဖောက်ဖို့ ဆောင်ရွက်ပြန်တယ်။

တပည့်တွေက အရှင့်ဓားကို ကြောက်ပြီး စေတီကို ဖျက်ဆီးလိုက်ရာဌာပနာမှ ကျောက်သံပတ္တမြား အဖိုးတန် ရတနာများစွာ ရလိုက်တယ်။ သီရိနာဂဟာ စေတီတွေ ဆက်ဖောက်၊ ရတနာတွေ သိမ်းဆည်းပြီး တပည့်အမှုထမ်းတွေ တိုးချဲ့ခဲ့တယ်။

နောက်ဆုံး လင်္ကာဒီပမြို့တော် အနုရာဓ မင်းနေပြည်ကို သိမ်းပိုက်ပြီး သူမျှေ မှန်းတဲ့ ဘုရင်ဘဝကို ရခဲ့တော့တယ်။ မင်းအဖြစ် ရောက်ရှိချိန်မှာ သီရိနာဂရဲ့ မကောင်းမှု လုပ်ရပ်တွေရဲ့ အကုသိုလ်ကြောင့် ဒဏ်ခတ်လေသလား မသိ၊ မင်းအဖြစ် ရောက်ပြီး မကြာမီမှာ ဝမ်းနာရောဂါ ပြင်းစွာ ဖြစ်တယ်။

သမားတော်များနဲ့ ကုသပေးမဲ့ ရောဂါတိုး၍သာ လာသတဲ့။ ဝမ်းတွင်းမှာရှိတဲ့ အူ၊ အသည်း၊ အဆုတ် စသည်တို့ပါ ဝမ်းတခုလုံး မခံမရပ်နိုင်အောင် ဝေဒနာ ခံစားနေရ တော့တယ်။ စေတီတွေ ဝမ်းဗိုက်ဌာပနာ ဖောက်ခဲ့လို့ ဖြစ်တယ်လို့ ဗေဒင်ဆရာတွေက ပြောတော့ ဖောက်ခဲ့တဲ့ စေတီတွေကို ပြန်ပြင်စေသတဲ့။

ဒါပေမယ့် သဒ္ဒါတရားကြောင့် စေတီတည်တာ မဟုတ်ဘဲ မိမိဝေဒနာ ပျောက်ကင်းစေဖို့ လုပ်တာ ဆိုတော့ ကုသိုလ် ဘယ်ရမလဲလေ။ နောက်ဆုံး သီရိနာဂမင်းဟာ ဗိုက်ကွဲပေါက်ပြီး မရှုမလှ သေပွဲ ဝင်ခဲ့ရတော့တယ်။

ယုတ်မာသူတွေဟာ ဘုရားသခင်ရဲ့ မွေတော်ဓာတ်တော် ရတနာပစ္စည်းတွေကို ရယူဖို့ စေတီ ဖြိုဖျက်ခဲ့တော့ သူယုတ်မာတို့ သွားရာလမ်းမှာ ဗိုက်ကွဲ သေပွဲဝင် ခဲ့ရတယ်။ လူယုတ်မာတို့ဟာ ဘုရားသခင်ရဲ့ ရုပ်ထုတော်ရဲ့ ခြေလက်တို့ကို ချိုးဖဲ့ဖျက်ဆီးခဲ့လျှင် ထိုသူယုတ်မာတို့ဟာ အပါယ်ဘုံမှာ ဆင်းခဲ့ရတော့တယ်။ လူယုတ်မာတို့ဟာ ကျေးဇူးရှင်ကို ပြစ်မှားခဲ့သည် ရှိသော် ထိုပြစ်မှားသော သူယုတ်မာသည် အပါယ်လေးပါးတို့၌ စင်စစ်ဆင်းရဲခြင်း ခံရမည်သာ။

ထို့ကြောင့် မကောင်းမှုကို ရှောင်ဖယ်ခါ ကောင်းမှုကို ဆောင်တတ်သော ပညာရှိ သူတော်ကောင်းတို့သည် ကြောက်မက်ဖွယ် ဆင်းရဲအပေါင်းရှိသော အပါယ်လေးဘုံကို စွန့်နိုင်ကြပါ၊ ကောင်းမှုကုသိုလ် ပြုကြပါ လို့ ဆုံးမကြတာပေါ့။

သီရိနာဂမင်းဝတ္ထု

phoomyatchal ဆရာကြည်ဇော်၏ အာဇာနည်တို့စွမ်းရည် ပုံပြင်စာအုပ်မှ ရေးသားဖော်ပြခြင်း ဖြစ်သည်။

Post a Comment

0 Comments