ကြောင်လေးတွေ အိပ်တဲ့ပုံစံ (၇) မျိုးကနေ သိနိုင်တဲ့ ကြောင်လေးတွေအကြောင်း

ကြောင်လေးတွေဟာ လူသားတွေနှင့် ယှဉ်တွဲနေထိုင်လာခဲ့တာ နှစ်ပေါင်း ၉၅၀၀ ခန့် ရှိပြီဖြစ်ပါတယ်။ နှစ်တွေ ဒီလောက်အကြာကြီး နေထိုင်လာခဲ့တာတောင် ကြောင်လေးတွေရဲ့ အကြောင်းက လေ့လာလို့ မကုန်သေးပါဘူး။

ကြောင်လေးတွေက စကားမပြောတတ်တာကြောင့် သူတို့အမူအရာကို ကြည့်ပြီးတော့မှပဲ သူတို့တွေ ဘယ်လိုဖြစ်နေတယ်ဆိုတာကို သိနိုင်မှာပဲ ဖြစ်ပါတယ်။ တကယ်လို့ သင်က ကြောင်ချစ်သူတစ်ယောက်ဆိုရင် ကြောင်လေးတွေ အိပ်နေတာကိုကြည့်ပြီး သူတို့တွေဘာဖြစ်နေလဲ ဆိုတာကို သိချင်မှာပါ။ ဒါဆို ကြောင်လေးတွေရဲ့ အမူအရာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

ခွေပြီးတော့ အိပ်နေမယ်။

ဒါက ဘာကိုဆိုလိုလဲ ဆိုတော့ "အိပ်ဖို့ကြိုးစားပေမယ့် နေရတာ သက်တောင့်သက်သာ မရှိဘူး" ဆိုတဲ့ အဓိပ္ပါယ်ပါ။

ကြောင်လေးတွေ ဒီလိုအိပ်နေတာကိုမြင်ရင် လူတွေက ကြောင်လေးအတွက် နေရတာကောင်းပြီး လုံခြုံတယ်၊ အိပ်မောကျနေတယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ဒီလိုအိပ်နေတယ် ဆိုတာဟာ အန္တရာယ်အချို့ကို အာရုံခံပြီး သူတို့ရဲ့ ထိခိုက်လွယ်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ကာကွယ်ဖို့ ကြိုးစားနေတာပါ။

ကြောင်လေးက သူ့ရဲ့ဝမ်းဗိုက်ကို ဖုံးကွယ်ထားပြီး ခန္ဓာကိုယ်တစ်ဝိုက်မှာ အမြီးကို ပတ်ထားပါတယ်။ ဒီခန္ဓာကိုယ် အနေအထားဟာ ကြောင်ရဲ့ခန္ဓာကိုယ်အပူချိန်ကို ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းနိုင်စေတာကြောင့် အအေးမိတဲ့နေ့အတွက် ရွေးချယ်မှုကောင်းတစ်ခု ဖြစ်ပါတယ်။

မျက်လုံးလေးမှေးပြီးတော့ ပေါင်မုန့်တုံးကြီးလို ငြိမ်နေမယ်။

ဒါက ဘာကိုပြောချင်တာလဲဆိုတော့ “ဒီမှာ ရှိနေရတာ အရမ်းကောင်းတယ်”

ဒီလိုအိပ်နေတဲ့ အနေအထားက ကြောင်တစ်ကောင်ဟာ သူ့ပတ်ဝန်းကျင်မှာ အတော်လေး ပျော်ရွှင်နေပြီး သူတို့ကို အပြည့်အ၀ ပျော်နေတယ်လို့ ဆိုလိုပါတယ်။ ကြောင်က ပတ်ဝန်းကျင်မှာ ဘာမှကြောက်စရာ မရှိတာကြောင့် ဒီလိုစိတ်အေးလက်အေး အိပ်စက်နေတာပဲ ဖြစ်ပါတယ်။ ကြောင်လေးမှာ ပျော်ရွှင်မှုတွေနဲ့ ပြည့်နေပြီးတော့ လန်းဆန်းတက်ကြွ နေပါတယ်။ ဒီအနေအထားက ကြောင်ရဲ့ခန္ဓာကိုယ်ကို ပူနွေးလာစေဖို့ ဒါမှမဟုတ် အေးဖို့အတွက် သုံးစွဲရတဲ့ စွမ်းအင်ကိုလည်း သက်သာစေပါတယ်။

ဗိုက်ကို ဖော်ပြီးအိပ်နေမယ်။

ဒီလိုအနေအထားနဲ့ အိပ်နေတာက သင့်ကို အရမ်းယုံကြည်တယ်လို့ ပြောချင်တာပါ။ အစာအိမ်ဆိုတာက ကြောင်တိုင်းအတွက် အန္တရာယ်အရှိဆုံးနှင့် အရမ်းကိုနူးညံ့တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ကြောင်တွေအတွက် အစာအိမ်က အရမ်းကို အရေးပါပါတယ်။ သင့်ရဲ့ ကြောင်လေးက ဗိုက်ပေါ်ခြေထောက်တွေ၊ လက်တွေတင်ပြီး ဖြန့်အိပ်နေပြီ ဆိုရင်တော့ ဂုဏ်ယူပါတယ်။

သင်က သူတို့ရဲ့ ယုံကြည်မှုကို ရရှိသွားပါပြီ။ အပြင်ကို ထွက်လည်တဲ့ကြောင်တွေက သူတို့ရဲ့ပတ်ဝန်းကျင်ကို ယုံကြည်မှုပြင်းထန်တဲ့ ခံစားချက်မျိုး မရှိသလောက် ရှားတဲ့အတွက် အိမ်တွင်းအောင်းကြောင်တွေထဲမှာ ဒီအိပ်တဲ့ အနေအထားက အဖြစ်အများဆုံးပါ။

မျက်စိကို တစ်ဝက်မှိတ်ပြီး အိပ်နေတယ်။

ဒီလိုအိပ်တာက သူတို့တကယ်ကို အိပ်ပျော်နေပြီလို့ ဆိုလိုတာပါ

သင့်ရဲ့ကြောင်လေးဟာ ဘယ်လောက်ပဲ ချစ်ဖို့ကောင်းပြီး သိမ်မွေ့နေပါစေ။ တစ်ဖက်မှာတော့ သူတို့က သားရဲတွေပါပဲ။ ကြောင်တွေက သူတို့ရဲ့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်သမျှကို ချက်ချင်းတုံ့ပြန်ဖို့ အဆင်သင့် ဖြစ်နေတတ်ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ မှိန်းချင်စိတ်ကို တွန်းလှန်ပြီး သက်တောင့်သက်သာအရှိဆုံး အနေအထားကို ရှာဖွေတတ်ကြပါတယ်။

ဘယ်လောက်ပဲ လုံခြုံတဲ့ နေရာပဲဖြစ်ပါစေ။ သူတို့က သတိကပ်ပြီး အိပ်တတ်ကြပါတယ်။ အိပ်နေတဲ့အချိန်မှာ မျက်လုံးတစ်ဖက်ကပွင့်ပြီး တစ်ဖက်က ပိတ်နေတယ် ဆိုတာကတော့ ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခုက နိုးနေချိန်မှာ အိပ်ပျော်နေတယ်လို့ ဆိုလိုတာပါ။

ဘေးတစောင်းအိပ်နေတယ်။

ဒီလိုအိပ်နေတာက အိပ်ချိန်ရောက်ပြီလို့ ပြောချင်တာပါ။

ကြောင်လေးတွေ ဒီလိုအိပ်တယ် ဆိုတာက လုံခြုံပြီး ငြိမ်းချမ်းတယ်လို့ ခံစားရတာကို ပြတာပါ။ သခင်ကိုလည်း အပြည့်အဝ ယုံကြည်တာကြောင့် အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေကိုလည်း ကာကွယ်ဖို့ မလိုအပ်ဘူးလို့ ယူဆထားပါတယ်။ ကြောင်တွေအတွက်လည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။

ဒီလိုအိပ်တတ်တဲ့ ကြောင်တွေက ပိုင်ရှင်တွေနှင့်လည်း ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုရှိပါတယ်။

ဘောလုံးတစ်လုံးလို အိပ်တယ်။

ကြောင်လေးတွေက လုံခြုံတယ်လို့ ခံစားရရင် ဒီလိုအိပ်တတ်ကြပါတယ်။ ဒီလိုပုံစံကိုတော့ သင်အများကြီးမြင်ဖူးမှာပါ။ ကြောင်ကို နွေးထွေးစေပြီး ကြောင်ရဲ့ အထိခိုက်မခံနိုင်ဆုံး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို တစ်ချိန်တည်းမှာ ကာကွယ်ပေးတဲ့အတွက်ကြောင့် နှစ်မျိုးလုံး အဆင်ပြေပါတယ်။ သင့်ရဲ့ကြောင်က လုံခြုံပြီး သက်တောင့်သက်သာ ရှိကြောင်းကိုလည်း ပြသနေပါတယ်။

ဒါပေမယ့် သတိထားပါ။ တစ်ခါတစ်လေမှာ ကြောင်တွေက ကျန်းမာရေး ပြဿနာတချို့ကြောင့် နာကျင်တဲ့အချိန်မှာ ဒီလိုပုံစံနဲ့ အိပ်တတ်ကြပါတယ်။ ကျန်းမာရေး မူမမှန်တဲ့ လက္ခဏာတွေ သိစေဖို့ သင့်ကြောင့်ရဲ့ အပြုအမူကို ဂရုစိုက်ပါ။

မျက်နှာကို ဖွက်ပြီးအိပ်တယ်။

ဒီလို အိပ်နေတယ်ဆိုတာက သူ့ကို မထိမကိုင်ဖို့ ပြောချင်တာပါ။ ကြောင်တွေမှာလည်း စိတ်အနှောင့်အယှက်ဖြစ်တဲ့ အချိန်ဆိုတာ ရှိပါတယ်။ ဒီလိုအိပ်နေတယ် ဆိုရင်တော့ သင့်ကြောင်ကို သွားမထိတာ အကောင်းဆုံးပါပဲ။ သင့်ရဲ့ အဝတ်အစားတွေ ကြားမှာပဲဖြစ်ဖြစ်၊ တစ်နေရာမှာပဲဖြစ်ဖြစ် ခေါင်းကိုငုံ့ပြီး ဖွက်ထားမယ်ဆိုရင် သွားကိုမထိပါနဲ့။ ထိရင်လည်း သင့်ကို ဒေါသတကြီးနဲ့ ပြန်အော်တာကို ကြုံဖူးမှာပါ။

ဒါကြောင့် သင့်ကြောင်လေးကို အချိန်ပေးပြီး တစ်ကောင်တည်း လွှတ်ထားလိုက်ပါ။ သူအေးအေးဆေးဆေးဖြစ်ပြီး ခေါင်းကို မဖွက်ထားတော့တဲ့ အချိန်ကျမှ သွားကိုင်တာ အကောင်းဆုံးပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments