ဒေါက်မြင့်ဖိနပ်စီးတဲ့အခါ မနာကျင်စေဖို့ နည်းလမ်း (၆) ခု

ဒေါက်ဖိနပ်အမြင့်တွေ စီးတာက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု တိုးစေပါတယ်။ ဒေါက်ဖိနပ်စီးတာက လှပေမယ့် ခြေထောက်လည်း အရမ်းနာပါတယ်။ အဲဒါကြောင့် ခြေထောက်မနာဘဲ ဒေါက်ဖိနပ်စီးနိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ သက်တောင့်သက်သာဖြစ်မယ့် ဖိနပ်ကို ရွေးချယ်ပါ။

သင်က ဒေါက်မြင့်ဖိနပ်တွေ စီးမယ်ဆိုရင် အရမ်းမမြင့်တဲ့ဒေါက်တွေကို စပြီးစီးကြည့်သင့်ပါတယ်။ ဒေါက်ထူပြီး အရမ်းမမြင့်တဲ့ ဖိနပ်တွေက လမ်းလျှောက်တဲ့အခါ အဆင်ပြေမှာပါ။ လမ်းလျှောက်ရတာ ပိုပြီးအဆင်ပြေဖို့ဆိုရင် ခြေကျင်းဝတ်မှာ ကြိုးပါတဲ့ ဖိနပ်တွေကို ရွေးချယ်သင့်ပါတယ်။ အရမ်းမမြင့်တဲ့ဒေါက်ဖိနပ်တွေနဲ့ အသားကျသွားပြီဆိုရင် ခွာသွယ်သွယ် ချွန်းချွန်းဖိနပ်တွေ၊ ခုံမြင့်ဖိနပ်တွေကို ရွေးချယ်ပါ။

၂။ ဖိနပ်အတွင်းမှာ sole ထည့်ပြီးစီးပါ။

ဒေါက်မြင့်ဖိနပ်တွေမှာပါတဲ့ sole ပြားတွေက နူးညံ့ပါတယ်။ အဲဒါကြောင့် လမ်းလျှောက်တဲ့အခါမှာ တစ်ခါတလေ ချော်သွားတတ်ပါတယ်။ အဲဒီအတွက် ဒေါက်မြင့်ဖိနပ်တွေအတွက် အထူးထုတ်လုပ်ထားတဲ့ sole ပြားတွေကို ထည့်ပြီး စီးလို့ရပါတယ်။

၃။ အိမ်မှာ အရင်ဆုံး လေ့ကျင့်ပါ။

အပြင်သွားတဲ့အခါ ဒေါက်ဖိနပ်စီးရင် အဆင်ပြေဖို့အိမ်မှာ အရင် စမ်းစီးပြီးတော့ လေ့ကျင့်ပါ။ မြေမညီတဲ့လမ်းတွေထက် မြေညီပြီးချောမွေ့တဲ့လမ်းမှာ လေ့ကျင့်နိုင်ပါတယ်။

၄။ လမ်းလျှောက်တဲ့ပုံစံ

ဒေါက်မြင့်ဖိနပ်စီးတဲ့အခါ အဆင်ပြေဖို့ လမ်းလျှောက်တဲ့ဟန်ကလည်း အရေးပါပါတယ်။ ပုံမှန်ဖိနပ်တွေဆိုရင် ခြေဖျားပိုင်းကို အရင်ချပြီးလျှောက်တာက အဆင်ပြေပါတယ်။ ဒေါက်မြင့်ဖိနပ်နဲ့ဆိုရင်တော့ ခြေဖနောင့်ပိုင်းကို အရင်ချပြီး လျှောက်ပါ။ ဒီနည်းက ဒေါက်ဖိနပ်နဲ့ လမ်းလျှောက်တာကို ဟန်ချက်ညီစေပါတယ်။

၅။ ကိုယ်နေဟန်ထား

ဒေါက်မြင့်ဖိနပ်စီးပြီး လမ်းလျှောက်တဲ့အခါ ယက်ကန်ယက်ကန်နဲ့ ဘဲသွားတဲ့ပုံစံ မဖြစ်စေဖို့

- စိတ်ကူးထဲကနေ မျဉ်းဖြောင့်တစ်ကြောင်းဆွဲပါ။ အဲဒီမျဉ်းပေါ်ကနေပဲ လမ်းကို လျှောက်ပါ။

- လူအများစုက ဒေါက်မြင့်ဖိနပ်စီးရင် သတိထားနေရတာကြောင့် ခေါင်းငုံ့ပြီး လျှောက်မိသွားတတ်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့အသွင် ရစေဖို့ ရှေ့ကိုပဲ တည့်တည့်ကြည့်ပြီး လျှောက်ပါ၊

၆။ လှေကားတွေပေါ် တက်တဲ့အခါ

လှေကားတွေကို တက်တဲ့၊ ဆင်းတဲ့အခါမှာတော့ လမ်းလျှောက်တဲ့ပုံစံကို ပြောင်းဖို့လိုပါတယ်။ လှေကားတွေပေါ်တက်ရင် ခြေဖျားပိုင်းကို အရင်ချပြီး ကိုယ်အလေးချိန်ကို ခြေဖျားပိုင်းကို ပို့လိုက်ပါ။ လှေကားတွေပေါ်ကနေ ဆင်းရင်တော့ ကိုယ်အလေးချိန်ကို ခြေဖဝါးတစ်ခုလုံး အပေါ်မှာ ထားလိုက်ပါ။

Zombie (lovemedia)

Post a Comment

0 Comments