ကိုယ်အလေးချိန်လျှော့ချတဲ့အခါ အဆီနဲ့ ကစီဓါတ်ပါတဲ့ အစားအစာတွေကို အရင်ဆုံး ရှောင်ကြဉ်ပြီး စားကြပါတယ်။ မကောင်းတဲ့ အဆီတွေက ကိုယ်အလေးချိန်ကို တက်စေပေမယ့် ကောင်းတဲ့အဆီတွေက ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်ပါတယ်။
အဆီတွေကို လုံးဝဖြတ်တောက်လိုက်တာက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေပါတယ်။ ပြီးတော့ သင်လိုချင်တဲ့ ခန္ဓာကိုယ် အချိုးအစားကိုလည်း ရလာစေမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် အဆီကို လုံးဝမစားတော့ ဘယ်လိုဆိုးကျိူးတွေ ရလာစေမလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။
၁။ ပို၍ ဗိုက်ဆာလာခြင်း
အဆီတွေကို လုံးဝမစားတော့ရင် အစားစားပြီးတဲ့အခါ ဗိုက်ပြည့်တယ်လို့ မခံစားရတော့ပါဘူး။ အတိုင်းအချင့်စားတဲ့ အဆီတွေကိုလည်း ခန္ဓာကိုယ်က လိုအပ်ပါသေးတယ်။ အဆီကို လုံးဝဖြတ်တောက်ပစ်ရင် ဗိုက်ခဏခဏ ဆာလာပါတယ်။
၂။ မှတ်ဉာဏ်အားနည်းလာခြင်း
အဆီတွေကို မစားတော့ရင် အရင်ကလို မသွက်လက်တော့တာကို သတိထားမိလာမှာပါ။ ကောင်းတဲ့အဆီတွေက ဦးနှောက်ကျန်းမာရေးကို တိုးတက်စေပါတယ်။ သံလွင်ဆီ၊ ငါးကြီးဆီ စတဲ့ ကောင်းမွန်တဲ့အဆီတွေက မှတ်ဉာဏ်ကို တိုးတက်စေပါတယ်။ ကောင်းတဲ့အဆီတွေ စားသုံးမှု မလုံလောက်ရင် မှတ်ဉာဏ်တွေ တဖြည်းဖြည်း အားနည်းလာပါတယ်။
၃။ နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများလာခြင်း
ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီတွေက နှလုံးကျန်းမာရေးအတွက် အရေးပါပါတယ်။ ကောင်းတဲ့အဆီတွေက နှလုံးရောဂါ ဖြစ်နိုင်ခြေကို နည်းသွားစေပါတယ်။ တစ်နေ့ကို သံလွင်ဆီ လက်ဖက်ရည်ဇွန်းတစ်ဝက် ပုံမှန်စားပေးရင် နှလုံးရောဂါဖြစ်နိုင်ခြေက ၁၅ ရာခိုင်နှုန်းအထိ နည်းသွားပါတယ်။
၄။ ကိုယ်အလေးချိန် တိုးလာခြင်း
ကိုယ်အလေးချိန် လျှော့နေချိန်မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီတွေကို စားပေးရင် ကယ်လိုရီတွေက လောင်ကျွမ်းနေမှာပါပဲ။ ဒါပေမယ့် အဆီကို လုံးဝဖြတ်တောက်လိုက်ရင်တော့ ကိုယ်အလေးချိန်တွေ ပိုတိုးလာမှာပါ။
၅။ ကြွက်သားတည်ဆောက်ဖို့ ခက်ခဲလာခြင်း
ကောင်းတဲ့အဆီတွေကို စားပေးပြီး လေ့ကျင့်ခန်း ပုံမှန်လုပ်တာက ကြွက်သားထွက်လာဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။ အဆီတွေက ခန္ဓာကိုယ်ထဲမှာ ပရိုတိန်း စုစည်းလာမှုကို မြှင့်တင်ပေးပါသေးတယ်။ သင်က ကြွက်သားတွေထွက်လာဖို့ ကြိုးစားနေသူဆိုရင် အဆီတွေကိုလည်း မေ့မထားသင့်ပါဘူး။
၆။ ကိုယ်ခံအားနည်းလာခြင်း
Fatty acid တွေက ကိုယ်ခံအားစနစ်အတွက် မရှိမဖြစ် လိုပါတယ်။ အဆီကို စားပေးရင် ဗီတာမင်တွေလည်း ပိုပြီး စုပ်ယူလာနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီတွေကို မစားပေးရင် ကိုယ်ခံအားနည်းလာတာကို ကြုံတွေ့လာရနိုင်ပါတယ်။
Zombie (lovemedia)
0 Comments