ခါးအောက်ပိုင်း နာကျင်စေနိုင်တဲ့ အပြုအမူ (၇) ခု

သင်က နောက်ကျောနာကျင်တာကို ခံစားနေရတယ် ဆိုရင်တော့ နာကျင်နေတာက သင်တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ အလုပ်လုပ်နေကြတဲ့ လူတော်တော်များများက နောက်ကျောနာကျင်တဲ့ ဝေဒနာကို ခံစားကြရပါတယ်။

နာကျင်မှုကိုသက်သာစေဖို့ ဆေးဝါးတွေကို သောက်သုံးကြပေမယ့်လည်း ဘယ်ဆေးကမှ ထိထိရောက်ရောက် မပျောက်ကင်းစေနိုင်ပါဘူး။ တကယ်တော့ နေ့စဉ်နေ့တိုင်း လုပ်နေတဲ့ အချို့အရာတွေကို ပြောင်းလဲခြင်းက နာကျင်ခြင်းကို ပျောက်ကင်းစေဖို့ ကူညီပေးနိုင်ပါတယ်။

ဘယ်လိုအရာတွေက သင့်ခါးနဲ့ နောက်ကျောကို နာကျင်စေနေလဲဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ တင်းကျပ်တဲ့ စကတ်တွေနဲ့ ဒေါက်မြင့်ဖိနပ်တွေ ဝတ်ခြင်း

စကတ်တွေက လူတွေရဲ့ အမြင်မှာ တင့်တယ်နေပေမယ့်လည်း နာကျင်ကိုက်ခဲမှုကို ပေးနိုင်စွမ်းရှိနေပါတယ်။ တင်းကျပ်တဲ့စကတ်က သင့်တင်ပါးရဲ့ လှုပ်ရှားမှုကို ကန့်သတ်ထားနိုင်ပြီး သင့်ကျောရိုးကို တင်းမာစေပါတယ်။ ဒေါက်မြင့်ဖိနပ်တစ်ရံကို ဝတ်တဲ့အခါမှာလည်း ဒီလိုခံစားရစေပါတယ်။ ဒေါက်မြင့်ဖိနပ်တွေက သင့်ခြေထောက်တွေကို သဘာဝမကျတဲ့ အမြင့်မှာ ရှိနေစေပါတယ်။ ဒါကြောင့် နောက်ကျောအောက်ပိုင်းမှာရှိတဲ့ ကြွက်သားတွေကို ပြောင်းသွားစေပါတယ်။

သင့်ကျန်းမာရေးကို မထိခိုက်စေဘဲ ဖက်ရှင်ကျကျ ဝတ်ဆင်နိုင်ဖို့ သင့်ခြေထောက်တွေကို လွတ်လပ်စွာ လှုပ်ရှားခွင့်ပေးတဲ့ စကတ်တွေကို ရွေးချယ်သင့်ပါတယ်။ ဖိနပ်ကိုလည်း 2 လက်မအောက်မှာရှိတဲ့ ဒေါက်ဖိနပ်တွေကို ရွေးချယ်သင့်ပါတယ်။

၂။ သကြားပါတဲ့ ဖျော်ရည်ကို မကြာခဏ သောက်ခြင်း

သကြားပါတဲ့ ဖျော်ရည်တွေ သောက်တာဟာ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး နည်းလမ်းမဟုတ်သလို ခါးနာတာကို ပိုဆိုးစေနိုင်ပါတယ်။ သကြားပါတဲ့ ဖျော်ရည်သောက်တဲ့ အကျင့်က ကျောကို ပြင်းထန်စွာ နာကျင်စေနိုင်တဲ့ ကျောက်ကပ်ကျောက်တည်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

ကာဗွန်နိတ်ပါတဲ့ ဖျော်ရည်တွေကို သောက်တာက အစာခြေစနစ်ကို ထိခိုက်စေပြီး ကျောရိုးကို ဖိအားဖြစ်စေပါတယ်။ coke တစ်ခွက်သောက်ပြီးတိုင်း ခါးနာတယ်ဆိုရင်တော့ နောက်ဆို သကြားကိုလျှော့ဖို့ စဉ်းစားသင့်ပါပြီ။

၃။ စိတ်ဖိစီးများခြင်း

သင့်ခန္ဓာကိုယ်က စိတ်ဖိစီးမှုဟော်မုန်းတွေ ထုတ်လွှတ်တဲ့အခါ သင့်ကြွက်သားတွေကို အလိုလို တင်းကျပ်လာစေပါတယ်။ တစ်ဖန် သင့်ကြွက်သားတွေ တင်းမာလာခြင်းကလည်း သင့်လည်ပင်း၊ ပခုံးနှင့် နောက်ကျောတို့မှာ နာကျင်တဲ့ ခံစားမှုတွေကို ဖြစ်ပေါ်စေပါတယ်။ လေ့လာမှုတွေအရ သင်ရဲ့နေ့စဉ် လုပ်ရိုးလုပ်စဉ်မှာ အပန်းဖြေအနားယူခြင်းကို ပေါင်းထည့်ခြင်း ခါးနာခြင်းကို ထိရောက်စွာ သက်သာစေနိုင်ပါတယ်။

၄။ ခေါင်းအုံး ပုံစံမမှန်ခြင်း

အရမ်းကြီးတဲ့ ခေါင်းအုံးပေါ်မှာ အိပ်တဲ့အခါ သက်တောင့်သက်သာရှိပေမယ့် ခါးနာလာတတ်ပါတယ်။ ခေါင်းအုံးက ပုံစံမကျရင်လည်း သင့်လည်ပင်းနှင့် ကျောရိုးကို ဖိအားဖြစ်စေပါတယ်။ ခေါင်းအုံးသာ ပုံစံမကျရင် နာကျင်မှုနှင့် အိပ်ရေးပျက်တာတွေကို ဖြစ်စေနိုင်ပါတယ်။

တကယ်လို့ သင်က ခေါင်းအုံးပါမှ အိပ်တတ်တယ် ဆိုရင်လည်း သင့်အတိုင်းအတာနှင့် လိုက်လျောညီထွေ ဖြစ်စေမမယ့် ခေါင်းအုံးတစ်လုံးကို ရှာဖွေပါ။ နောက်ခေါင်းအုံး တစ်လုံးကို သင့်ဒူးကြား ဒါမှမဟုတ် အောက်မှာ ထားလိုက်ပါ။ ဒီအိပ်စက်မှု အနေအထားဟာ သင့်ကျောရိုးပေါ်မှာ ရောက်နေတဲ့ ဖိစီးမှုကို သက်သာစေပါတယ်။

၅။ ပန်းကန်ဆေးတဲ့ ပုံစံမှားခြင်း

ပန်းကန်ဆေးနေတဲ့အချိန် ဇလုံအပေါ်ကို ခါးညွတ်ပြီးဆေးခြင်းက သင့်နောက်ကျောကို ဖိအားဖြစ်စေပြီး ကြွက်သားတွေကို တင်းမာစေပါတယ်။ နေ့တိုင်းသာ ပုံစံမပြောင်းပဲ ဆေးနေရင်တော့ သင့်ကျောကို ထိခိုက်သွားနိုင်ပါတယ်။ ပန်းကန်ဆေးရာကနေ ခါးမနာချင်ဘူး ဆိုရင်တော့ ခြေထောက်တစ်ဖက်ကို ထိုင်ခုံအသေးတစ်ခုပေါ်မှာ တင်ပါ။ ဒါဟာ သင့်ကိုယ်ဟန်အနေအထားကို ချိန်ညှိဖို့ ကူညီပေးမှာဖြစ်ပြီး သင့်နောက်ကျောကို မနာကျင်တော့အောင် ကူညီပေးပါလိမ့်မယ်။

၆။ လှေကားတွေကို မကြာခဏတက်ရခြင်း

လှေကားအတက်အဆင်း လုပ်တာတွေကို ကျန်းမာရေးနှင့် ညီညွတ်တဲ့ အလေ့အထတစ်ခုလို့ လူတွေက ယူဆထားကြပါတယ်။ ဒါပေမယ့် လက်ရှိမှာ ခါးနာနေရင်တော့ ဒီလေ့ကျင့်ကို မလုပ်တာက အကောင်းဆုံးပါပဲ။ ဒူးနာခြင်း ဒါမှမဟုတ် ခါးနာခြင်းကို ခံစားနေရတယ် ဆိုရင်တော့ လှေကားလေ့ကျင့်ခန်းတွေလုပ်ဖို့ သင့်တော်မတော် ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။

၇။ အိပ်ယာပေါ်မှာ စာဖတ်ခြင်း

အိပ်ယာမဝင်ခင် စာဖတ်တဲ့အကျင့်က သင့်ပခုံးနဲ့ နောက်ကျောကို တောင့်တင်းစေနိုင်ပါတယ်။ အိပ်ယာထဲမှာ စာဖတ်နေရင်းနဲ့ အိပ်တဲ့အခါ ကျောရိုးနဲ့ ကျောအောက်မှာရှိတဲ့ ကြွက်သားတွေကို တင်းမာစေပြီး နာကျင်မှုကို ဖြစ်စေပါတယ်။ အိပ်ယာမဝင်ခင် စာအုပ်တစ်အုပ် ဖတ်ခြင်းက သင့်ရဲ့ စိတ်ကိုပြေလျော့စေတယ် ဆိုရင်တော့ ကျောရိုးကို ကောင်းကောင်း အထောက်အကူပြုတဲ့ ထိုင်ခုံတစ်လုံးမှာ ထိုင်ဖတ်သင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments