ကိုယ်ဝန်ဆောင် မိခင်တွေက ငရုတ်သီးတွေ စားတဲ့အခါ မွေးလာတဲ့ကလေးက ဆံပင်မသန်ဘူးလို့ ရှေးလူကြီးတွေက ပြောကြပါတယ်။ ဒါပေမယ့် တချို့ကလေးတွေက မွေးကတည်းက ဆံပင်သန်ပြီး တချို့တွေကတော့ ဆံပင်ပါးကြပါတယ်။ အဲဒါကြောင့် မွေးကင်းစ ကလေးတွေမှာ တချို့က ဆံပင်သန်ပြီး တချို့က ဆံပင်မသန်ရတဲ့ အကြောင်းအရင်းတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

ကလေးတွေက မွေးကင်းစကတည်းက မွေးညင်းပေါက်တွေ ပါလာပြီးသားပါ။ ဒါပေမယ့် မွေးကင်းစမှာ ဆံပင်သန်တဲ့ကလေးက လအနည်းငယ် အကြာမှာ ဆံပင်မရှိတော့တာ၊ ကျွတ်ကုန်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် နဂိုထက်ကို ဆံပင် ပိုသန်လာတာလည်း ရှိပါသေးတယ်။

ကလေးတွေမှာ မွေးကင်းစကတည်းက ဆံပင်ပါမပါက မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်ပါသေးတယ်။ ပုံမှန်အားဖြင့် ကိုယ်ဝန်ဆောင်တဲ့ ရက်သတ္တပတ် ၃၀ မှာ ကလေးဆံပင်က ပေါက်နေပါပြီ။ ဗိုက်ထဲမှာကတည်းက ကလေးက ဆံပင်ပေါက်နေရင် မွေးလာတဲ့အခါမှာလည်း ဆံပင်က ပါလာပါတယ်။

ကိုယ်ဝန်ဆောင်မိခင်ရဲ့ ဗိုက်ထဲမှာ maternal ဟော်မုန်း level က မြင့်နေပါတယ်။ အဲဒီဟော်မုန်းကလည်း ကလေးရဲ့ ဆံပင်ထွက်လာဖို့ ကူညီပေးပါတယ်။ ဒါပေမယ့် ကလေးမွေးဖွားပြီးတဲ့အခါ အဲဒီဟော်မုန်းက သိသိသာသာ ကျဆင်းသွားပြီး မွေးကင်းစကလေးရဲ့ ဆံပင်ကြီးထွားနှုန်းကလည်း သိသိသာသာ နှေးသွားပါတယ်။

မွေးကင်းစကလေးမှာ ဆံပင်နည်းနည်းပဲ ပါလာရင် ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်က အာဟာရ လုံလုံလောက်လောက်မရလို့၊ ကလေးမှာ ကယ်လ်ဆီယမ်ဓါတ် လုံလုံလောက်လောက် မရလို့ဆိုပြီး တချို့မိဘတွေက စိတ်ပူကြပါတယ်။ အဲဒီအချက်က တကယ်တော့ မဟုတ်ပါဘူး။ ကလေးတစ်နှစ်အရွယ်အထိ ဆံပင်က ပါတယ်ဆိုရုံလေး ရှိတာက ပုံမှန်ပါပဲ။ ကလေးမှာ သံဓါတ်ချို့တဲ့တဲ့အခါ၊ ရောဂါတွေ ခံစားရမှသာ ဆံပင်အပေါ် သက်ရောက်မှု ရှိတာပါ။

တချို့ကလေးတွေမှာ ဆံပင်သာမက ခန္ဓာကိုယ်မှာပါ အမွေးအမျှင်တွေ ရှိနေပါတယ်။ အဲဒီအမွေးအမျှင်တွေက မွေးဖွားပြီး လအနည်းငယ်ကြာရင် တဖြည်းဖြည်း ပျောက်ကွယ်သွားပါတယ်။

ကလေးတွေက အသက် ၆ လအရွယ်လောက်မှာ ဆံပင်တွေက ကျွတ်သွားတတ်ကြပါတယ်။ မွေ့ရာတွေ၊ အခင်းတွေနဲ့ ပွတ်တိုက်မိလို့ ဒါမှမဟုတ် ကိုယ့်ခေါင်းကိုယ် ပြန်ရိုက်မိလို့လည်း ဆံပင်တွေက ကျွတ်တာပါ။ ထိုင်တတ်တဲ့အရွယ်နဲ့ လေးဖက်သွားတတ်တဲ့ အရွယ်တွေမှာ ဆံပင်ကျွတ်တာက နည်းသွားပါတယ်။ အဲဒါကြောင့် ကလေးတွေမှာ ဆံပင်ကျွတ် တာက ပုံမှန်ပါပဲ။

Zombie (lovemedia)