လူတွေအများကြီးထဲမှာမှ သင့်တစ်ယောက်ကိုပဲ ကလေးက စိုက်ကြည့်နေရတဲ့အကြောင်းအရင်း (၅) ခု

လူတွေအများကြီး ရှိတဲ့ထဲကနေ ကလေးက သင့်တစ်ယောက်ထဲကို မပြတ်တမ်း ကြည့်နေရင် စိတ်ပူစရာ မလိုပါဘူးနော်။ ကလေးတွေက တစ်ယောက်ယောက်ကို အကြာကြီး စိုက်ကြည့်တတ်ပါတယ်။ ကလေးလေးတွေက သိလိုစိတ် ပြင်းပြတာကြောင့် တွေ့သမျှ အရာအားလုံးက သူတို့အတွက် အသစ်အဆန်းပါပဲ။

အဲဒါကြောင့် လူတွေအများကြီး ရှိတဲ့ထဲမှ ကလေးတစ်ယောက်က သင့်ကိုပဲ ဘာလို့အကြာကြီး စိုက်ကြည့်နေရလဲဆိုတဲ့ အကြောင်းအရင်းတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ သင်ရဲ့ အရောင်တောက်ပတဲ့ အဝတ်အစား

ကလေးတွေရဲ့ အမြင်အာရုံ တိုးတက်မှုအတွက် တောက်ပတဲ့ အရောင်တွေက အရေးပါပါတယ်။ မွေးကင်းစကလေးတွေက လင်းလက်နေတဲ့ အရောင်တွေကို အာရုံစိုက် ကြည့်ကြပါတယ်။ သင်က တောက်ပတဲ့ အဝတ်အစားတွေ၊ လက်ဝတ်ရတနာတွေ ဝတ်ထားရင် ကလေးရဲ့မျက်လုံးတွေက သင့်ဆီကိုပဲ ရောက်နေပါလိမ့်မယ်။

၂။ ထူးခြားနေတဲ့ သင့်ပုံစံ

ကလေးတွေအတွက် မြင်မြင်သမျှ အရာတွေက အထူးအဆန်း၊ အသစ်အဆန်းတွေပါပဲ။ အဲဒါကြောင့် သင်က မျက်မှန်ပုံစံ အဆန်းအပြားကို တပ်ထားရင်၊ ထူးခြားတဲ့ဆံပင်အရောင်ကို ဆိုးထားရင်၊ နှုတ်ခမ်းမွေးထားပုံက သူများနဲ့မတူဖြစ်နေရင် ကလေးရဲ့အကြည့်တွေ သင့်ဆီပဲ ရောက်နေမှာပါ။

၃။ လှုပ်ရှားမှု

ကလေးတွေက ခြေဟန်လက်ဟန် လှုပ်ရှားမှုတွေကို ၃ လအရွယ်ခန့်ကစပြီး မှတ်မိနေပါပြီ။ အာရုံခံလှုပ်ရှားမှုတွေက ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးကြီးပါတယ်။ သင်က ကလေးကို တူတူရေ ဝါးလုပ်ပြတဲ့အခါ၊ ချိုမိုင်မိုင် လုပ်ပြတဲ့အခါ ကလေးက သဘောကျပြီး သင့်ကိုပဲ စိုက်ကြည့်နေမှာပါ။

၄။ သင်က ကလေးရဲ့အမေ ဖြစ်နေတဲ့အခါ

ကလေးတွေက မွေးကင်းစ အရွယ်ကနေစပြီး အမေရဲ့မျက်နှာနဲ့ သူစိမ်းမျက်နှာကို ခွဲခြားတတ်နေပါပြီ။ ကလေးတွေ အမေရဲ့ ဗိုက်ထဲမှာရှိနေစဉ် ၇ လအရွယ်ကနေစပြီး အမေရဲ့အသံကိုတောင် မှတ်မိပါတယ်။ ကလေးတွေက အမေရဲ့ဗိုက်ထဲမှာ ရှိနေကတည်းက အမေရဲ့ နှလုံးခုန်သံကိုလည်း ကြားရပါတယ်။

၅။ သင်က ချောမောလှပနေတဲ့အခါ

ကလေးတွေက ချောမောလှပသူတွေကို ကြည့်ရတာ ပိုကြိုက်တယ်လို့ လေ့လာချက်တွေအရ သိနိုင်ပါတယ်။ အဲဒါကြောင့် ကလေးတွေက သူတို့ကို ချီတဲ့အခါ လှတဲ့သူနဲ့ မလှတဲ့သူဆိုရင် လှတဲ့သူနောက်ကိုပဲ လိုက်ပါတယ်။ ကလေးတစ်ယောက်က သင့်ကို မပြတ်တမ်း ကြည့်နေရင်တော့ သင်က အားလုံးထဲမှာ အချောဆုံး ဖြစ်နေလို့ပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments