လောဘကြီးသော ရွဲကုန်သည်

လွန်ခဲ့သော အချိန်ကာလ တခု၌ သေရိဝတိုင်းတွင် ဘုရားလောင်းက ကျောက်မျက် ရွဲရောင်းဝယ်သော ရွဲကုန်သည်တဦး ဖြစ်ခဲ့သည်။ ဘုရားလောင်းနှင့် ကုန်ပစ္စည်းတူ ရောင်းချသော လောဘကြီးသည့် ရွဲကုန်သည် တဦးလည်း ရှိသည်။

ထိုရွဲကုန်သည် နှစ်ဦးတို့သည် ရွဲနှင့်ပတ်သတ်သော ပစ္စည်းများ ရောင်းဝယ်ရန် နီလဝါဟမြစ်ကို ဖြတ်ကာ အရိဋ္ဌပူရမြို့သို့ ဝင်ခဲ့သည်။ ရွဲကုန်သည်တဦးက သူ့အရပ်ဒေသရှိ လမ်းများတွင် လှည့်လည်ရောင်းချမှု စတင်သည်နှင့် အခြားတဦးကလည်း ထို့အတူ သူ့အရပ် ဒေသတွင် ရောင်းချသည်။

ထိုမြို့တွင် စီးပွားပျက် ကပ်ဆိုက်သွားသော မိသားစုတစု ရှိလေ၏။ တချိန်က ချမ်းသာသော ကုန်သည်များ ဖြစ်ခဲ့ပြီး သူတို့၏ သားများနှင့် အကိုများ ကွယ်လွန်ပြီး စီးပွားဥစ္စာများ ဆုံးရှုံးနေပြီး ဖြစ်သည်။ အသက်ရှင် ကျန်ရစ်သူများမှာ မိန်းမငယ်နှင့် အဖွားအိုတို့ ဖြစ်ပြီး အလွန်ဆင်းရဲကြ၏။

သူတို့အိမ်၌ ယခင် အိမ်ထောင်ဦးစီး ကုန်သည်ကြီး စားသောက်ရာတွင် အသုံးပြုခဲ့သော ရွေခွက် ရှိနေ၏။ သို့သော် အိုးခွက်များ၊ ဒယ်များကြားတွင် ပစ်ထားပြီး အသုံးမပြုတာ ကြာနေသောကြောင့် အမျိုးသမီးနှစ်ဦးက ရွှေခွက်မှန်း မသိလောက်အောင် အညစ်အကြေးများ ပေကျံနေ၏။

လောဘကြီးသော ရွဲကုန်သည်သည် "ရွဲရောင်းပါတယ်၊ ရွဲရောင်းပါတယ်" ဟု လှည့်လည် အော်ဟစ်ကာ ထိုမြေးအဖွား ၂ ယောက် အိမ်ပေါက်ဝသို့ ရောက်လာတော့သည်။ ဈေးသည် ရောက်နေသည်ကို သိရှိသောအခါ မြေးမလေးက အဖွားဖြစ်သူအား "လက်ဝတ်တန်ဆာ ဝယ်ပေးပါ အဖွားရယ်" ဟု ပြောဆိုပူဆာ၏။ "တို့က အရမ်း ဆင်းရဲတယ် မြေးလေးရယ်။ အဲဒါနဲ့ လဲလှယ်ဖို့ တို့မှာ ဘာပေးစရာ ရှိလို့လဲ"

"ဒီမှာလေ သမီးတို့ အသုံးမပြုတော့တဲ့ ခွက်ရှိတယ်။ ဒီခွက်နဲ့ လဲမှာပေါ့"

အဖွားဖြစ်သူသည် ဈေးသည်ကို အထဲခေါ်ပြီး နေရာပေးကာ "ဒီခွက်ကို ယူပြီး အဲဒီအတွက် မင့်ညီမကို ပေးတဲ့ သဘောမျိုးနဲ့ စေတနာ ထားကာ တခုခု ပေးပါကွယ်"

ဈေးသည်သည် ခွက်ကိုယူပြီး လှည့်ကြည့်လိုက်သောအခါ ရွှေခွက်ဟု သံသယ ဖြစ်သည်နှင့် ခွက်၏ အောက်ခြေကို လက်သည်းဖြင့် ခြစ်ကြည့်၏။ ထိုသို့အားဖြင့် ရွှေခွက်အစစ် ဖြစ်ကြောင်း အသေအချာ သိသွားတော့သည်။

ထိုအခါ ဤမြေးအဖွားတို့အား ဘာတခုမှ မပေးဘဲ ခွက်ရနိုင်တယ်ဟု စဉ်းစားပြီး "ဒီခွက်က ဘာအဖိုးတန်မှာလဲ။ ပဲနိဝက် လောက်တောင် မတန်ဘူး" ဟု အော်ဟစ်ပြောဆို၏။ တပြိုင်တည်းမှာ ခွက်ကို မြေပေါ် ပစ်ချပြီး ထရပ်ကာ အိမ်မှ ထွက်သွားပါတော့သည်။

ထို့နောက်မှာတော့ ဘုရားလောင်း ရွဲကုန်သည်လည်း "ရွဲရောင်းပါတယ်" ဟု အော်ဟစ်ကာ ထိုမြေးအဖွားတို့ အိမ်ပေါက်ဝသို့ ရောက်ရှိလာသည်။ မြေးမလေးက အဖွားဖြစ်သူအား "ကျွန်မကို လက်ဝတ်တန်ဆာဝယ်ပေးပါ အဖွားရယ်" ဟု ထပ်မံ တောင်းခံပြန်၏။ "မြေးလေးရယ် ပဌမဈေးသည်က ခွက်ကို မြေပေါ်လွှင့်ပစ်ပြီး အိမ်ထဲကနေ ထွက်သွားတယ်။ တို့မှာ လဲလှယ်စရာ ဘာမှမရှိတော့ဘူး"

"ဒါပေမယ့် အဖွားရယ် အဲဒီဈေးသည်က အပြောဆိုးတဲ့လူပါ။ ဒီတယောက်ကြည့်ရတာ သဘောကောင်းပြီး ကြင်နာတတ်ပုံ ရတယ်။ အဲဒီခွက်နဲ့ လဲပေးလောက်တယ်။ သူ့ကို အိမ်ထဲခေါ်လိုက်ပါ"

သို့အတွက် ဘုရားလောင်းသည် အိမ်ထဲ ဝင်လာခဲ့သည်။ မြေးအဖွား ၂ ယောက်တို့လည်း ဘုရားလောင်းရွဲကုန်သည်အား နေရာပေးပြီး ခွက်ကို လက်ထဲ အပ်လိုက်၏။ ခွက်ကို မြင်သောအခါ ရွေခွက်ဖြစ်ဟန်တူ၏ ဟုဆိုကာ လက်သည်းနှင့် ခြစ်ကြည့်လိုက်သည်။ ချေးအထက်ထက်အောက်တွင် ရွှေရောင်လေး တောက်ပလာသောကြောင့် "အမေကြီး ဒီခွက်က အသပြာတသိန်း တန်တယ်။ ကျွန်တော့်မှာ အဲဒီခွက်ရဲ့ တန်ဖိုးငွေ မပါဘူး"

"ကဲ ရွဲကုန်သည်သူငယ် ဒီကိုလာတဲ့ ပဌမ ရွဲကုန်သည်က ပဲနိဝက်တောင် မတန်ဘူး ပြောပြီး ခွက်ကို မြေကြီးပေါ် ပစ်ချ ထွက်သွားတယ်။ လူလေးရဲ့ ကုသိုလ်ကံအစွမ်းက ခွက်ကို ရွှေအဖြစ် ပြောင်းသွားစေတာ ဖြစ်ရမယ်။ ယူသွားပါ။ အဲဒီအတွက် တို့ကို တခုခုပေးပီး ခရီးဆက်ပါ"

ထိုအချိန်က ဘုရားလောင်းတွင် အသပြာငါးရာနှင့် အဖိုးတန် ကုန်ပစ္စည်းများ ရှိနေခဲ့၏။ "ချိန်ခွင်ရယ်၊ ကျွန်တော့် အိတ်ရယ်၊ ရှစ်အသပြာရယ်ကို ယူထားခွင့်ပေးပါ" ဟု ပြောပြီး ကျန်အားလုံးကို မြေးဖွားနှစ်ယောက်အား ပေးထားခဲ့ လိုက်တော့၏။ သူတို့ သဘောတူသဖြင့် ထိုပစ္စည်းများကို ယူဆောင်ပြီး မြစ်ဆိပ်သို့ ထွက်လာပါတော့သည်။ မြစ်ဆိပ်တွင် ရှစ်အသပြာကို လှေသမားအား ပေးပြီး လှေထဲဆင်းကား တဖက်ကမ်းကို ပြန်၍ ကူးသွားပါတော့သည်။

အတော်ကြာမှ လောဘကြီးသော ရွဲကုန်သည် သည် ရွှေခွက်ကို ပြန်ယူရန် မြေးအဖွား ၂ ယောက်တို့၏ အိမ်ကို ပြန်ရောက်လာပြီး တခုတော့ပေးခဲ့မယ် ဟုဆိုကာ ခွက်ယူလာရန် ပြောကြား၏။ သို့သော် အဖွားအိုက "အသပြာတသိန်း တန်တဲ့ ငါတို့ရဲ့ ရွှေခွက်ကို ပဲဝက်လောက်တောင်မတန်ဘူးလို့ မင်းက ပြောသွားခဲ့တယ်။ ရိုးသားဖြောင့်မတ်တဲ့ ရွဲကုန်သည် သူငယ်လေး ရောက်လာတယ်။ သူက အဲဒီခွက်အတွက် အသပြာတထောင်ပေးပြီး ယူသွားပြီ" ဟု ပြန်ပြောလိုက်ပါတယ်။

ထိုအခါမှ ချက်ချင်းပဲ "အသပြာတသိန်း တန်တဲ့ ငါ့ခွက်ကို သူ လုယူသွားတယ်။ သူ ငါ့ကို အကြီးအကျယ် ဆုံးရှုံးနစ်နာစေတယ်" ဟု အော်ဟစ်ပြောဆို၏။ အပြင်းအထန် ဝမ်းနည်း ပူဆွေးမှုကြောင့် စိတ်မထိန်းနိုင်ဘဲ ကယောက် ကယက်ဖြစ်သွားကာ သူ၏ ငွေကြေးများနှင့် ကုန်ပစ္စည်းများကို အိမ်တံခါးပေါက်ဆီ လွှင့်ပစ်ပြီး ခန္ဓာကိုယ် အပေါ်မှ အဝတ်များကို ချွတ်ပစ်ကာ ဘုရားလောင်းထွက်သွားရာ မြစ်ဆိပ်သို့ အပြေးလိုက်သွားတော့သည်။

မြစ်ကို ကူးဖြတ်သွားနေကြောင်း မြင်တွေ့ကာ လှေသမားကို ပြန်လှည့်လာရန် အော်ပြောနေသော်လည်း လှေငယ်သည် မြစ်အလယ်သို့ ရောက်ရှိနေပြီ ဖြစ်လေ၏။ လောဘကြီးသော ရွဲကုန်သည်သည် ထွက်ခွာသွားသော ဘုရားလောင်းကို ငေးကြည့်ရင်း ငေးကြည့်ရင်း ရပ်နေစဉ် အလွန်အမင်း ပူဆွေးသောက ရောက်နေ၏။ နှလုံးသွေး ပွက်ပွက်ဆူလာပြီး ပါးစပ်မှ သွေးအန်ထွက် လာလေတော့သည်။ သူသည် ဘုရားလောင်းအပေါ်တွင် ထားရှိသော မလိုမုန်းထား စိတ်ဖြင့် နှလုံးကွဲအက်ကာ နေရာ၌ပင် အသက်ဆုံးရှုံး သွားရလေတော့သည်။

သားသားမီးမီးလေးတို့လည်း ရွဲကုန်သည် ၂ ဦးရဲ့ အကြောင်းကို ကြားသိရပြီး ရိုးသားဖြောင့်မတ်တဲ့ ရွဲကုန်သည်ရဲ့ ကောင်းကျိုး ခံစားရပုံ၊ အတ္တလောဘကြီးတဲ့ ရွဲကုန်သည်ရဲ့ မရှု့မလှ သေပွဲဝင်ရပုံတို့ကို အတုယူကာ လူမိုက်နှင့်လူလိမ္မာ ၂ ဦး တို့၏ စိတ်ဓာတ်ကို သိနိုင်ပြီး ဘုရားလောင်း ရွဲကုန်သည်လို အမူအကျင့်ကောင်းများကို အတုယူနိုင်စေရန် ရည်ရွယ် တင်ဆက်ပေးလိုက်ရပါတယ်။

Crd CartoonBakery

Post a Comment

0 Comments