တောဘုရင်က ဘယ်သူလဲ

တခါတုန်းက ခြင်္သေ့ တကောင်ဟာ တောအုပ်ထဲမှာ လမ်းလျှောက် ထွက်လာတယ်။ အဲဒီလို လမ်းလျှောက် ထွက်လာရင်း လမ်းတနေရာမှာ ယုန်ကလေး တကောင်နဲ့ တွေ့ပါသတဲ့။ အဲဒီအခါ ခြင်္သေ့က ယုန်လေးရှေ့မှာ ဟိန်းဟောက် လိုက်တယ်။

အဲဒီနောက် ကြောက်လန့်နေတဲ့ ယုန်ကလေးကို "ဟေ့ကောင် ယုန်ငပေါ၊ တောဘုရင် ဆိုတာ ဘယ်သူလဲ ဖြေစမ်း" လို့ မေးတယ်။ အဲဒီအခါ ယုန်ကလေးက ကြောက် ရွံ့စွာနဲ့ "ဟုတ်ကဲ့၊ ခြင်္သေ့မင်း ပါဗျာ" လို့ ပြန်ဖြေတယ်။ အဲဒီအခါ ခြင်္သေ့က "အေး မင်းတော်တယ် သွားတော့"

အဲဒီလိုနဲ့ ခြင်္သေ့ဟာ ဆက်လက် ထွက်ခွာလာတယ်။ လမ်းမှာ မျောက်တကောင်နဲ့ တွေ့ပြန်တယ်။ အဲဒီအခါမှာလည်း ခြင်္သေ့က မျောက်ရဲ့ ရှေ့မှာ ဟိန်းဟောက်ပြန်တယ်။ အဲဒီနောက် ကြောက်လန့်နေတဲ့ မျောက်ကို "ဟေ့ကောင် မျောက်စုတ်၊ တောဘုရင် ဆိုတာ ဘယ်သူလဲ ဖြေစမ်း" လို့ မေးတယ်။

အဲဒီအခါ မျောက်က ငှက်ပျောသီးကို ခဏချထားပြီး ကြောက်ရွံ့စွာနဲ့ "ခြင်္သေ့မင်းဟာ တောဘုရင်ပါ" လို့ ပြန်ဖြေတယ်။ "ဘယ်သူက ဘုရင်ကြီးလဲ ဆိုတာ မင်းကောင်းကောင်း သိတာပဲ။ အေး သွားတော့၊ နောက်တခါ ငါမေးရင် မြန်မြန်ဖြေ ကြားလား ဟေ့ရောင်"

အဲဒီလိုနဲ့ ခြင်္သေ့ဟာ ချောင်းစပ်ကို ရောက်လာတယ်။ ချောင်းစပ်မှာ ပါးစပ်ကို ဖြဲပြီး နေပူစာ လှုံနေတဲ့ မိကျောင်းနဲ့ တွေ့ပြန်တယ်။ အဲဒီအခါ ခြင်္သေ့က မိကျောင်းရှေ့မှာ ဟိန်းဟောက် ပြန်တယ်။ အဲဒီနောက် မိကျောင်းကို "ဟေ့ကောင် မိချောင်း တောဘုရင်က ဘယ်သူလဲဆိုတာ အမြန် ဖြေစမ်း" လို့ မေးတယ်။

ဒါပေမယ့်လည်း မိချောင်းက ချက်ချင်း မဖြေပဲ ပေစောင်းစောင်း ပြန်ကြည့်နေ ပြန်တယ်။ အဲဒါကြောင့် ခြင်္သေ့ဟာ မိချောင်းကို လက်သည်းနဲ့ပုတ်ဖို့ ရှေ့တိုးလာတယ်။ အဲဒီအခါ မှာတော့ မိချောင်းက "ခြင်္သေ့ကြီးဟာ တောဘုရင်ကြီးပါ" လို့ အမြန် ပြန်ဖြေလိုက်တယ်။

"အေး နောက်တခါ ငါမေးလို့ ချက်ချင်း အဖြေမရရင် မင်းမလွယ်ဘူး။ ဟေ့ကောင် နားလည်လား၊ မင်းကြပ်ကြပ် သတိထားနေ"

အဲဒီလိုနဲ့ ခြင်္သေ့ဟာ ဆက်လက် ထွက်ခွာလာတယ်။ လမ်းတနေရာ မှာတော့ မုန်ယိုနေတဲ့ ဆင်ကြီးတကောင်နဲ့ တွေ့တယ်။ အဲဒီအခါ ခြင်္သေ့က ဆင်ကြီးရှေ့မှာ ဟိန်းဟောက်လိုက်တယ်။ အဲဒီနောက် သူက "ဟေ့ကောင် အကောင်ကြီးပြီး အချိန်မစီးတဲ့ ဆင်ကြီး၊ တောဘုရင်ဆိုတာ ဘယ်သူလဲ မြန်မြန်ဖြေ ဖြေ"

ခြင်္သေ့ရဲ့ စကားမဆုံးခင် မှာဘဲ ဆင်ကြီးက ခြင်္သေ့ကို နှာမောင်းနဲ့ ဆွဲယူ ကိုင်ပေါက် လိုက်ပါတယ်။ ခြင်္သေ့ဟာ မြေကြီးပေါ်ကို ဒလိမ့်ကောက်ကွေးနဲ့ ပြုတ်ကျသွားတယ်။ အဲဒီနောက် နာကျင်စွာနဲ့ ကုန်းထ လာတယ်။

ထော့ကျိုး ထော့ကျိုးနဲ့ မတ်တပ်ရပ်ရင်း ဆင်ကြီးကို "အဖြေ မသိဘူးဆိုလည်း မသိဘူးလို့ ပြန်ပြောလေဗျာ။ ကျနော်က ခင်လို့ နောက်တာကို ဒီလောက်ကြီး စိတ်ဆိုးတာတော့ မကောင်းဘူးပေါ့ဗျာ" လို့ ပြောလိုက် ပါတော့တယ်။

ကျနော်တို့တွေရဲ့ ပတ်ဝန်းကျင်မှာလည်း ခြင်္သေ့လို ဟောက်စား မျိူးတွေ ရှိတတ်ကြပါတယ်။ သတိထားနိုင်ကြပါစေ။

PhyoThuta

Post a Comment

0 Comments