ယုန်ဖြူလေးကပေးတဲ့ သင်ခန်းစာ

အပိုင်း (၁)

တခါတုန်းက ယုန်ဖြူလေးဟာ တောင်ခြေက လှိုဏ်ဂူတခု ရှေ့မှာ စာရေးနေတယ်။ မြေခွေးတကောင်က အနားကပ်လာပြီး ယုန်ကို မေးတယ်။ "မင်းဘာအကြောင်း ရေးနေတာလဲ"

ယုန်ကပြန်ဖြေတယ်။ "အားနွဲ့တဲ့ ယုန်ဖြူငယ်လေး တကောင်က မြေခွေးကို ဘယ်လို သတ်စားလိုက်တယ် ဆိုတဲ့ အကြောင်းလေ"

မြေခွေးက မယုံဘူး၊ ဒါနဲ့ ယုန်က မြေခွေးကို လှိုဏ်ဂူထဲ ခေါ်သွားတယ်။ ခဏကြာတော့ ယုန်တကောင်ထဲ လှိုဏ်ဂူထဲက ပြန်ထွက်လာတယ်၊ ယုန်ကလေးက စာဆက် ရေးနေတယ်။

တောဝက်တကောင်က အနားကပ်လာပြီး ယုန်ကို မေးတယ်။ "မင်းဘာအကြောင်း ရေးနေတာလဲ"

ယုန်က ပြန်ဖြေတယ် "အားနွဲ့တဲ့ ယုန်ဖြူငယ်လေး တကောင်က တောဝက်ကို ဘယ်လို သတ်စားလိုက်တယ် ဆိုတဲ့ အကြောင်းလေ"

တောဝက်ကလည်း မယုံဘူး၊ ဒါနဲ့ ယုန်က တောဝက်ကို လှိုဏ်ဂူထဲ ခေါ်သွားတယ်။

နောက်ဆုံး လှိုဏ်ဂူထဲမှာ ခြင်္သေ့တကောင်က မြေခွေးအရိုးစုနဲ့ တောဝက်အရိုးစု ကြားထဲမှာ မိန့်မိန့်ကြီး ထိုင်နေတယ်။ အင်မတန် ရွှင်ပြုံးနေတဲ့ ရုပ်နဲ့ သွားကြားထိုးရင်း ယုန်ကလေး လာပို့တဲ့ စာတိုလေးကို ရွတ်ဖတ်ကြည့်လိုက်တယ်။

"ဝန်ထမ်းတဦးရဲ့ စွမ်းရည်က သူဌေးအပေါ်လည်း အများကြီး မူတည်ပါတယ်"

ဒဿန။ လူတယောက်ရဲ့ စွမ်းရည် ရှိ မရှိထက် အဲဒီလူက ဘယ်သူနဲ့ လက်တွဲလုပ်နေသလဲ အပေါ်မူတည်တယ်၊ သင်ဘယ်လောက်ပဲ အားစိုက် ထုတ်ထုတ် သူဌေး Background မကောင်းရင် အလကားပဲ၊ တခါတလေ စိုက်ထုတ်မှုထက် ရွေးခြယ်မှုက အများကြီး အရေးပါပါတယ်။ တချက် အရွေးမှားသွားတာနဲ့ နောက်က ကြိုးစားသမျှ အချည်းအနှီးပဲ၊ သင်ရွေးချယ်တဲ့ ကုမ္ပဏီနဲ့ သူဌေးက Background တောင့်ရဲ့လား။

အပိုင်း (၂)

ယုန်ဖြူလေးက ဒီအကြောင်းကို သူ့သူငယ်ချင်းကို လွှတ်ခနဲ ပြောပြမိလိုက်တယ်။ သတင်းက ချက်ချင်းကြီး တောအုပ်ထဲမှာ ပျံ့နှံ့သွားတယ်။ ခြင်္သေ့ကြီးက အရမ်း ဒေါသ ထွက်သွားတာပေါ့။ "ဒီတပတ်အတွင်း ငါ့ကို အစာ မပို့ပေးနိုင်ရင် မင်းကို သတ်စားပစ်မယ်" လို့ ခြိမ်းခြောက်တယ်။

ဒါနဲ့ ယုန်ကလေးက မှိုင်တိုင်တိုင်လေးနဲ့ လှိုဏ်ဂူဝ မှာ စာဆက် ရေးတယ်။ ဒရယ်တကောင်က အနားကပ်လာပြီး ယုန်ကိုမေးတယ်။ "မင်းဘာအကြောင်း ရေးနေတာလဲ"

ယုန်က ပြန်ဖြေတယ်။ "အားနွဲ့တဲ့ ယုန်ဖြူငယ်လေး တကောင်က မြေခွေးကို ဘယ်လို သတ်စားလိုက်တယ် ဆိုတဲ့ အကြောင်းလေး"

ဒရယ်က တဟက်ဟက်နဲ့ ရယ်ပြီး ပြန်ပြောတယ်။ "တတောတောင်လုံး ဒီအကြောင်း သိနေပြီ၊ မင်းအကွက်က ရိုးနေပြီ။ ဒါတွေ မြို့မှာသွားပြော ဟဟ"

ယုန်က ပြန်ဖြေတယ်။ "အဲဒီလို တတောတောင်လုံး သိကုန်လို့ပေါ့ ကိုဒရယ်ကြီးရယ်။ ခြင်္သေက ကျနော့်ကို အလုပ်ဖြုတ်မယ် လုပ်နေတယ်၊ ကျနော့်အစား အခြားတယောက် လိုတယ်တဲ့၊ ကိုဒရယ်ကြီး ဒီရာထူးကို မလိုချင်ဘူးလားဗျာ"

ဒရယ်က တွေဝေသွားတယ်။ နောက် လက်ခံလိုက်တယ်၊ ယုန်နဲ့တူတူ လှိုဏ်ဂူထဲ ဝင်ပြီး ခြင်္သေ့ကြီးကို သွားတွေ့ဖို့ ဆုံးဖြတ်လိုက်တယ်။ ခဏကြာတော့ ယုန်တကောင်ထဲ လှိုဏ်ဂူထဲက ပြန်ထွက်လာတယ်၊ စာဆက်ရေးတယ်။

မြင်းတကောင် ထပ်လာတယ်၊ ခုနလိုပဲ ပြောပြီး အထဲ ထပ်ခေါ်သွားတယ်။ နောက်ဆုံး လှိုဏ်ဂူထဲမှာ ခြင်္သေ့ကြီးက အင်မတန် ရွှင်ပြုံးနေတဲ့ရုပ်နဲ့ သွားကြားထိုးရင်း ယုန်ကလေး လာပို့တဲ့ စာတိုလေးကို ရွတ်ဖတ်ကြည့်လိုက်တယ်။

"ဘယ်လိုအခြေအနေပဲ ရောက်ရောက် Marketing ကောင်းရင် သူဌေးအတွက် ရလာဒ်ဆိုတာ ရှိစမြဲပဲ"

ဒဿန။ မိမိတို့ ရုံးကကိစ္စ အပြင်မပေါက်ကြားပါနဲ့၊ ပေါက်ကြားမိပြီ ဆိုရင် အလားတူအတိုင်း အစွမ်းထက်တဲ့ နည်းနဲ့ အမြန်ဆုံး ပြန် ဖာထေး သင့်တယ်။ ဝန်ထမ်းကောင်းက သူဌေးအတွက် တီထွင်ဖန်တီးမှု အိုင်ဒီယာ အမြဲ ရှိနေရမယ်။ သူဌေးက မင်းဖန်တီးတဲ့လမ်းကိုနှစ်ခြိုက်နေပြီ ဆိုရင်တော့ မင်းရဲ့ ပန်းတိုင်ဟာ မဝေးတော့ပါဘူး။

အပိုင်း (၃)

ခြင်္သေ့ကြီးက တနေ့တခြား ပိုပို ကြီးထွားလာတယ်။ ယုန်ကလေး ဆက်သတဲ့ အစာကို သူစားမဝ တော့ဘူး၊ ဒါနဲ့ ယုန်ကို ထပ်ခြိမ်းခြောက်တယ်။ "ငါ့ရဲ့ အစာလိုအပ်မှုက ခါတိုင်းထက် နှစ်ဆ ဖြစ်သွားပြီ၊ ခါတိုင်း ၄ ရက်ကို တကောင် စားတယ်၊ အခု ၂ ရက်ကို ၁ ကောင် စားမယ်။ တကယ်လို့ တပတ် အတွင်းမှ မပြောင်းလဲ ပေးနိုင်ဘူးဆိုရင် ငါမင်းကို သတ်စားရလိမ့်မယ်" တဲ့။

ဒါနဲ့ ယုန်က လိုဏ်ဂူဝက ထွက်ခွာသွားတယ်၊ တောအနက်ကြီးထဲ ပြေးဝင်သွားတယ်။ တနေရာရောက်တော့ တောင်ဆိတ်နဲ့ တွေ့တယ်။ "အားနွဲ့တဲ့ ယုန်ဖြူငယ်လေး တကောင်က မြေခွေးကို သတ်စားလိုက်တာ ယုံလား"

တောင်ဆိတ်က မယုံဘူး။ အဲ့ဒါနဲ့ တောင်ဆိတ်ကို လှိုဏ်ဂူထဲထိ လမ်းပြ ခေါ်ဆောင်သွားတယ်။ ခဏကြာတော့ ယုန်တကောင်တည်း ထွက်လာတယ်၊ ခုနလိုပဲ တောနက်ထဲ ထပ်ဝင်သွားတယ်၊ သိုးတကောင်နဲ့ ထပ်တွေ့တယ်။ အဲလိုနဲ့ပဲ အလားတူကိစ္စမျိုး ထပ်မံ ဖြစ်ပွားတယ်ပေါ့။

လတ်စသတ်တော့ တောနက်ထဲမှာ ယုန်နဲ့ ခြင်္သေ့တို့ အကြောင်းကို မသိကြသေးဘူးတဲ့။

လှိုဏ်ဂူထဲမှာ ခြင်္သေ့ကြီးက အင်မတန် ရွှင်ပြုံးနေတဲ့ ရုပ်နဲ့ သွားကြားထိုးနေရင်း ယုန်ကလေး လာပို့တဲ့ စာတိုလေးကို ရွတ်ဖတ်ကြည့်လိုက်တယ်။

"အထိုင်လုပ်ငန်းကနေ ရွေ့လျားလုပ်ငန်း ပြောင်းခြင်းရဲ့ တိုးတက်မှု"

ဒဿန။ ဈေးကွက်ကို မနားတမ်း ထိုးဖောက်ပါ၊ မတူညီတဲ့ နေရာဒေသကို လုပ်ငန်းထိုးဖောက်ခြင်းဟာ မထင်မှတ်တဲ့ ရလာဒ်ကောင်းတွေ ရနိုင်တယ် ဆိုတာ ယုံပါ။ တကယ်လို့ မထိုးဖောက်ချင် ခဲ့ရင်တောင် စိတ်ပြေလက်ပျောက် ထသွားကြည့်ပါ။

အပိုင်း (၄)

အချိန်ကာလတွေ ကြာလာတာနဲ့ တပြိုက်နက် စားလိုက်အိပ်လိုက်နဲ့ ခြင်္သေ့ကြီးဟာ တနေ့ တခြား ဝ ဝ လာတယ်။ ဒါနဲ့ အပြင်ထွက် လမ်းလျှောက်ကြည့်မယ် လို့ ဆုံးဖြတ်လိုက်တယ်။ ဂူဝလည်း ရောက်ကော သူ့ကိုယ်လုံးက ဂူဝထက် မတရား ကြီးမားနေတာကို တွေ့တယ်။ ဘယ်လိုမှ ထွက်လို့မရတော့ဘူး။

ယုန်က ဂူဝကနေ ခြင်္သေ့အဖြစ်ကို ကြည့်ပြီး ရယ်ပြီးပြောတယ်။ "နောက်ဆုံးတော့ ငါမျှော်လင့်နေတဲ့ ရက်က ရောက်လာပြီပဲ။ ဒီနေ့က စပြီး ငါဘာပြောပြော မင်းနားထောင်ရမယ်၊ တနေ့ မနက်တခါ ညနေတခါ ဂူအတွင်းကနေ ဟိန်းသံ ပေးရမယ်၊ မဟုတ်ရင် စားဖို့အစာ မပို့ပေးတော့ဘူး"

ခြင်္သေ့ကြီးက မဆိုင်းမတွဘဲ။ "ရပါတယ်၊ ရပါတယ် ငါ့ကို စားစရာသာ ပို့ပေးရင် မင်းဘာခိုင်းခိုင်း လုပ်ပေးပါ့မယ်"

ဒီအချိန်မှာ ယုန်ထပ်ရေးထားတဲ့ စာကြောင်းတိုလေးကို တွေ့လိုက်ရတယ်။

"ဗျူဟာရဲ့ အဆုံးမှာ ခွန်အားကြီးတဲ့ သူတောင် ပညာရှိတဲ့သူကို ဝပ်တွားရတာပဲလေ" တဲ့။

ဒဿန။ ဝန်ထမ်းကောင်းတယောက် ဖြစ်သွားပြီဆို ဘယ်သူဌေးမှ လက်လွတ် မခံတော့ပါဘူး။ အဲအချိန်ကျရင် အခြား ကုမ္ပဏီပြောင်းမလား သူဌေးကို လစာပဲ တိုးခိုင်းမလား မင်းစိတ်ကြိုက်ပေါ့။ ဂူထဲမှာ အမြဲအောင်းနေတဲ့ သူဌေး မလုပ်မိပါစေနဲ့။ အမြဲ အပြင်လောကနဲ့ ထိတွေ့ ဆက်ဆံပါ။

ဝန်ထမ်း စပယ်ယာပတ်ကို ခန့်ပါ။ ပထမလူ တော်သလို ဒုတိယ ပညာသင်ဝန်ထမ်းကိုလည်း တော်အောင် လုပ်ပါစေ၊ ဒါမှ နှစ်ယောက်လုံး အလုပ်မြဲနေမှာပါ။ ဝန်ထမ်းက ဗိုလ်ပြန်ကျတာ မခံချင်ရင် နားကို စွင့်ပါ၊ ဝန်ထမ်းထက် ကြိုမြင်တတ်ပါ။ မဟုတ်ရင် ဝန်ထမ်း ပြန်ရောင်းစားခံရမှာ အမှန်ပင်။

ဇတ်သိမ်း။

ယုန်ရဲ့နာမည်က ကြီးသတဲ့ထက် ကြီးလာခဲ့တယ်။ တောထဲမှာ သူပြီး ဘယ်သူမှ မရှိတော့ဘူး၊ ခြင်္သေ့ကတောင် သူ့ကို ကြောက်နေရတာအားလုံး သိသွားတယ်။ ဒါနဲ့ပဲ တောထဲမှာ ယုန်က စတင် မွှေပါလေကော၊ အပေါ် အနိုင်ကျင့်၊ အောက်အနိုင်ကျင့်နဲ့။ ခြင်္သေ့အသံနဲ့ လုပ်စားနေတယ်ပေါ့။

နောက်ဆုံးတနေ့မှာ အဲဒီနာမည်ကြီးတဲ့ ယုန်ကို မုဆိုးက အရှင်လတ်လတ် ထောင်ဖမ်းသွားတယ်။ ဂူဝမှာ စာတိုလေး ပြန်ကပ်ထားခဲ့တယ်။

"တတောင်ထက် တတောင် ပိုမြင့်တယ်"

ဒဿန။ ဘဝ မမေ့ပါစေနဲ့။ မိမိထက် သာတဲ့ ပြိုင်ဘက်က မိမိကို အသာလေး အလဲထိုးနိုင်တယ် ဆိုတာ သိထားပါ။ အောက်ခြေ မလွတ်ပါနဲ့၊ မိမိထက် ရာထူးနိမ့်သော သူများကို တလေးတစား ဆက်ဆံပါ။ မမောက်မာပါနဲ့၊ တယောက်ယောက်နဲ့ ချွန်ပြီး ခြေထိုးခံရကိန်း ရှိသည်။

နိဂုံး။ တောထဲမှာ အရင်ကလို ပုံမှန် ပြန်ဖြစ်သွားတယ်၊ ယုန်နဲ့ခြင်္သေ့ အကြောင်းနဲ့ ယုန်က မြေခွေးကို စားတဲ့ ပုံပြင်တွေလည်း မေ့ကုန်တယ်။ အရမ်း အရမ်းကို ကြာပြီးတဲ့ နောက်မှာ ကျားပျိုလေးက ဒီပုံပြင်လေးကို ပြန်ကြားမိသွားတယ်။ အရမ်းလည်း စိတ်အားထက် သန်သွားတယ်။

ကျားပျိုလေးက မျောက်တကောင်ကို ဖမ်းလိုက်ပြီး အဲဒီလို လုပ်ဇာတ် ဖန်တီးကြမယ်၊ မလုပ်ဘူးဆိုရင် သတ်ပစ်မယ် ခြိမ်းခြောက်တယ်။ မျောက်လည်း သဘောတူလိုက်တယ်။ ဒါနဲ့ ကျားက သဘောကျပြီး လှိုဏ်ဂူကြီးထဲ ဝင်သွားတယ်၊ လိုဏ်ဂူထဲမှာ မျောက်ကို စောင့်နေလိုက်တာ သုံးရက်လုံးလုံး တကောင်မှ လာမပို့ဘူး။

မအောင့်နိုင်တော့တာနဲ့ ဂူပြင် ထွက်ကြည့်တယ်။ လတ်စသတ်တော့ မျောက်မသားက လစ်သွားတာ ကြာပြီ။ မြေကြီးပေါ်မှာ စာတိုလေးတစောင် ထားခဲ့တယ်။

"သူဌေးတယောက်ဖြစ်ဖို့ ဝန်ထမ်းကို ဘယ်လိုစည်းရုံးရမလဲ အရင်နားလည်အောင် လုပ်ပါဦးလို့"

ဒဿန။ လုပ်ဆောင်မှုတိုင်းဟာ လူတိုင်းအပေါ် အသုံးမတည့်ကြပါဘူး။ ခေတ်ကာလရဲ့ပြောင်းလဲမှု၊ အခွင့်အရေးရဲ့အချိန် အပ်စပ်မှု ရှိ မရှိကို မသိဘဲ ရှေးရိုးထုံးကြီး လမ်းစဉ်နောက်ကို လိုက်မိရင်တော့ ရှုံးနိမ့်ရမှာ မလွဲမသေပင်။

Crd

Post a Comment

0 Comments