တန်ဖိုး နားမလည်သူများ

တခါတုန်းက အဘိုးအို တယောက်ဟာ တောင်ခြေမှာ နေတယ်။ ခရီးသွားတွေက တောင်ပေါ်ကို တက်ကြတယ်။ တောင်ပေါ်မှာရှိတဲ့ ဘုရားကို သွားဖူးကြတယ်။ တောင်ကြောပေါ်တက်တဲ့ လမ်းမှာ ရေမရှိဘူး။

တောင်ခြေမှာ ရှိတဲ့ အဘိုးအိုဟာ တောင်ကြောပေါ် တက်တဲ့ လမ်းခရီး အလယ်လောက်မှာ ရေချမ်းစင် တခု သွားဆောက်ထားတယ်။ အဘိုးအို ဆောက်ထားတဲ့ ရေချမ်းစင်မှာ လူတွေက ရေအေးအေးလေး တခွက်လောက် သောက်ပြီး အပန်းဖြေကာ တောင်ပေါ် ဆက်တက်ကြ ရတယ်။

လူတွေက ရေကို လိုသလောက် ခပ်သောက်တာ မဟုတ်ပါဘူး။ တခွက်ခပ်ပြီး တဝက် သွန်လိုက်ကြတာ များပါတယ်။ အဘိုးအိုက တောင်ပေါ်မှာ ရှိတဲ့ ရေချမ်းစင်ကို မနက် တခေါက်၊ နေ့လယ် တခေါက် ဆိုင်းထမ်းလေးနဲ့ ရေအေးအေးလေးတွေ လာဖြည့်ပေးနေတာ နှစ်အတော် ကြာပါပြီ။

တောင်တက်တဲ့ သူတွေက အဘိုးအို ရေထမ်းလာတာကို ကြည့်ပြီး "မြန်မြန် ရေသွားဖြည့်ပါ၊ ရေကုန်နေရင် ဘယ်လိုလုပ်မလဲ" "ဘယ့်နှယ့် အဘိုး၊ ခင်ဗျား ရေက သန့်ရဲ့လား" "သောက်ရေ ထည့်ရင် ရေစစ်နဲ့ ထည့်နော်"

"သောက်ရေ မဖြည့်ခင် အိုးတွေကို ပြောင်အောင်ရော ဆေးရဲ့လား" "ရေအိုးစင်က နဲနဲ မြင့်နေတယ်၊ ကျူပ်တို့လို အရပ်ပုတဲ့ သူတွေအတွက် အဆင်မပြေဘူး" "တကယ်ဆိုရင် တောင်ခြေကနေ ရေပိုက်နဲ့ အမြဲ ရေရအောင် ပိုက်လိုင်း သွယ်ထားရင် ပြီးတဲ့ဟာ"

အဘိုးအိုက တခွန်းမှ ပြန်မပြောပါဘူး။ ဆိုင်းထမ်လေးနဲ့ မြေအိုးကို တဖက် တလုံးဆီ ထမ်းလာပြီး ရေအပြည့် နှစ်လုံးကို တင်ပြီးတိုင်း၊ အလွတ်နှစ်လုံးကို ပြန်ပြီး တောင်ခြေ ပြန်ထမ်းသွား တတ်တယ်။ အဘိုးအိုက သူလုပ်နေကြ အလုပ်ကို တာဝန်တခုလို ကုသိုလ်ပြုနေတာပါပဲ။ တနေ့ကို မနက်စောစော တခေါက်၊ နေ့လယ် တခေါက် ရေပို့ပေးပါတယ်။

နှစ်တွေ ကြာလာတော့ အားအင်တွေ ကုန်ခမ်းလာတဲ့ အဘိုးအိုဟာ ရေတွေကို အိုးအပြည့် မသယ်နိုင်တော့ပါဘူး။ ဒါပေမဲ့ တမနက်ကို တခေါက် တက်တဲ့ နေရာမှာ နှစ်ခေါက် တက်တယ်။ တဝက်ကို နှစ်ကြိမ် သယ်လာတဲ့ သဘောပေါ့။ အသက်တွေ ကြီးပြီလေ။

"အဘိုးကြီး မြန်မြန်လုပ်ပါ ရေဆာလှပြီ" "ရေအိုးစင်ကိုလည်း ဆေးလေးဘာလေး သုတ်ပါအုံး၊ ကျက်သရေမရှိဘူး" "ရေပြတ်နေပြီဗျို့ မြန်မြန်လေးလာပါ" "ရေအိုး စင်မှာ သဲလေးခင်း စကားပင်ငယ်လေးတွေ စိုက်၊ စိမ်းစိမ်းစိုစိုနဲ့ ဆိုပိုကောင်းတာပေါ့"

နောက်ပိုင်းမှာတော့ အဘိုးအိုဟာ တနေမှာ နှစ်ခေါက်၊ တခေါက်ကို အိုးတလုံးမှာ တဝက်၊ မနက်တအိုး နေ့လယ်တအိုး၊ သူ ဒါပဲ ပို့နိုင်တော့တယ်။

တနေ့တော့ အဘိုးအို အိပ်ရာက မထနိုင်ဘူး။ တောင်ပေါ်က ရေအိုးစင်မှာ လူတွေ စုနေကြပြီ။

"ရေ ရေ၊ ဘယ်မှာလဲ၊ ဘာကြောင့် ရေကို ပုံမှန် မထည့်ထား ရတာလဲ၊ အလကား အသုံးကို မကျဘူး"

လူတွေက စိတ်ဆိုးပြီး ရေအိုးစင်ကို ခြေနဲ့ ကန်ကြတယ်၊ အမိုးကို ဆွဲဖျက်ကြတယ်။ ရေမရှိတော့တဲ့ သောက်ရေအိုးကို ရိုက်ခွဲပစ်ကြတယ်။ "အလကား ရေဖြည့်ပေးနေတဲ့ အဘိုးကြီး အသုံးကို မကျဘူး"

Crd

Post a Comment

0 Comments