သစ်ပင်က ပေးသော သင်ခန်းစာ

တခါတုန်းက ရွာတရွာမှာ ပင်စင်စား အဘိုးအိုတဦးနှင့် လူငယ်တဦးတို့ဟာ ခြံချင်းကပ်ရပ် နေထိုင်ခဲ့ ကြပါတယ်။ သူတို့နှစ်ယောက်လုံးရဲ့ ခြံ ထောင့် တဖက်စီမှာ မျိုးတူ အပင်ပေါက် တပင်စီကို အတူတူ စိုက်ပျိုးခဲ့ ကြတယ်။

လူငယ်ကတော့ သူရဲ့ အပင်ကို ရေများများလောင်း၊ မြေသြဇာ များများ ကျွေးလေ့ ရှိပြီး၊ အဘိုးအိုကတော့ ရေနှင့် မြေသြဇာ အနည်းငယ် ကိုသာ အပင်ကို ပေးလေ့ ရှိတယ်။

လူငယ်လေးရဲ့ အပင်ကတော့ လှပ စိမ်းလန်း စိုပြည် နေတယ်။ အဘိုးအိုရဲ့ အပင်ကတော့ သာမန်လောက်သာ ကြီးထွားပေမယ့် လူငယ်ရဲ့ အပင်ထက် ကြံ့ခိုင် သန်စွမ်းတယ်။

တညမှာတော့ မိုးတွေ သည်းထန်စွာ ရွာပြီး လေပြင်းများလည်း တိုက်ခတ်ခဲ့တယ်။ နောက်တနေ့ မနက် သူတို့နှစ်ယောက်လည်း အပင်တွေရဲ့ အခြေအနေကို ထွက်ကြည့် ကြတယ်။

လူငယ်ရဲ့ အပင်က အမြစ်မှ ကျွတ်ထွက် ကုန်ပြီး၊ အဘိုးအိုရဲ့ အပင်မှာ အပျက်အစီး မရှိကြောင်း အံ့သြဖွယ် တွေ့ရတယ်။ လူငယ်လည်း သေသေချာချာ ဂရုစိုက်ထားတဲ့ သူရဲ့ အပင်က ဘာကြောင့် အမြစ်ကနေ ကျွတ်ထွက်ရတာလဲ လို့ အဘိုးအိုကို မေးမြန်းတယ်။

အဘိုးအိုက "လူကလေး မင်းကြည့် ကြည့်၊ လူကလေးက အပင်တပင်မှာ လိုအပ်မယ့် အရာအားလုံးကို ဖြည့်ဆည်းပေးတယ်။ လိုသမျှ အလျှံအပယ် ရနေတော့ အပင်က ရှာဖို့ ဖွေဖို့ ဘယ်ကိုမှ သွားစရာ မလိုတော့ဘူး။

ဒါ့ကြောင့် လူကလေး အပင်ရဲ့ အမြစ်တွေက အောက်ကို ထိုးဖောက် မဆင်းတော့ဘူး။ အပင်ရဲ့ အမြစ်တွေဟာ အပေါ်ယံမှာပဲ ရှိနေတဲ့ အတွက် ဒီမိုး၊ ဒီလေတွေ သူတို့အပေါ် ကျတဲ့အခါ လွယ်လွယ်နဲ့ ပျက်စီး သွားရတယ်။

အဘိုးကတော့ အဘိုးရဲ့ အပင်တွေကို သူတို့ အသက်ရှင်ဖို့ လုံလောက်ရုံပဲ ထောက်ပံ့ ပေးတယ်။ လိုအပ်ချက် အားလုံး ပြည့်ဝဖို့ အတွက် အပင်ရဲ့ ကျန်တဲ့ အမြစ်တွေဟာ မြေကြီးအောက်ထဲ ထိုးဖောက်ပြီး ရှာဖွေရတယ်။

အဘိုးအပင်ရဲ့ အမြစ်တွေက မြေကြီးထဲကို နက်နက် ရှိုင်းရှိုင်း တိုးဝင်နေတဲ့ အတွက် သဘာဝတရားရဲ့ အပြင်းအထန် တိုက်ခိုက်ခြင်းကိုလည်း ကြံ့ကြံ့ ခံနိုင်ခဲ့တယ်"

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ မိတ်ဆွေ၊ သင်တို့ကော ကိုယ်ပြုစု ပြိုးထောင်ပေးနေတဲ့ အပင်လေးတွေကို လိုတာထက် ပိုပြီး မြေသြဇာ အများအပြား ကျွေးလေ့ ရှိသလား၊ ဒါမှမဟုတ် လောကဓံကို ခံနိုင်အောင် လေ့ကျင့်ပေးကြ ပါသလား။

CRD

Post a Comment

0 Comments