အတွေးလွန်တော့ ကျွန်ဖြစ်

တခါတုန်းက ဖားတကောင်ဟာ ကင်းခြေများတကောင် လမ်းလျှောက် လာတာကို မြင်တော့ ဒီလို စဉ်းစားမိတယ်။ ငါ့မှာ ခြေနှစ်ချောင်း လက်နှစ်ဖက် ရှိတာတောင် လမ်းလျှောက်ရတာ ခက်ခဲတယ်။ တခါတလေ ဘယ်ညာ မှားပြီး ခြေလှမ်းတွေ လွဲနေတတ်သေးတာ။

ဒါပေမယ့် ဒီကောင်ကြီးက ခြေထောက်တွေ မရေတွက်နိုင်အောင် ရှိနေတာ ဘယ်လိုများ လမ်းလျှောက်သလဲ မသိဘူး။ တော်တော် ထူးဆန်းတာပဲ။ ဒီကင်းခြေများ ဒီခြေထောက်က အရင်လှမ်း ဟိုခြေထောက်က နောက်မှလှမ်း ဆိုပြီး သူ့ခြေထောက်တွေ ကိုသူ ဘယ်လိုများ ထိန်းချုပ်လဲ မသိဘူး။

အဲ့ဒါနဲ့ ဖားက ကင်းခြေများကို သွားပြီး မေးလိုက်တယ်။ "ဒီလောက်များတဲ့ ခြေထောက်တွေနဲ့ မင်း ဘယ်လို လမ်းလျှောက်သလဲ။ ငါ သေသေချာချာ စဉ်းစားကြည့် ပြီးပြီ၊ ဘယ်လိုမှ တွေးမရဘူး။ ခြေထောက် တချောင်းချင်းစီကို ထိန်းချုပ်နိုင်ဖို့ ဆိုတာ တော်တော် မလွယ်တဲ့ ကိစ္စပဲ"

ထိုအခါ ကင်းခြေများက "ငါလည်း မွေးကတည်းက ဒီလိုပဲ လျှောက်လာခဲ့တာ။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး တခါမှ မတွေးဖူးပါဘူး။ ဘာပဲဖြစ်ဖြစ်မေးလာပြီ ဆိုတော့လည်း အဖြေ ရှာရမှာပေါ့။ နေအုန်း၊ ငါ စဉ်းစားကြည့်လိုက် ဦးမယ်" ဆိုပြီး တအောင့်လောက် ရပ်ပြီး တွေးကြည့်နေရောတဲ့။

အဲ့ဒီအတွေးမျိုးဟာ ကင်းခြေများအတွက် ပထမဆုံးသော အတွေးဖြစ်သလို ဘယ်ခြေထောက်ကို အရင်ရွေ့ရမလဲ ဘယ်ခြေထောက်ကိုတော့ နောက်မှ ရွေ့ရမလဲ ဆိုပြီး ခြေထောက်တွေ တချောင်းခြင်းစီနဲ့ စမ်းစစ် ကြည့်လိုက်တဲ့အခါ ခြေလှမ်းတွေ မှားကုန်ပြီး တည့်တည့်တောင် လျှောက်လို့ မရတော့ပဲ ကို့ယို့ကားယားတွေ ဖြစ်ကုန်ပါလေရော။

ဒါနဲ့ ဖားကို ပြောတာပေါ့။ "မင်းနောက်တခါ တခြား ကင်းခြေများတွေကို ဒီလို မေးခွန်းမျိုး ဘယ်တော့မှ သွားမမေးမိစေနဲ့ နားလည်လား။ ငါ့ဖာသာ ဒီပုံစံအတိုင်း လမ်းလျှောက်လာခဲ့တာ ဘာပြသနာမှ မရှိခဲ့ဖူးဘူး။ အခု မင်းမေးခွန်းကြောင့် ငါ လမ်းလျှောက် ရတာတောင် ခက်ကုန်ပြီ။ ဘယ်ခြေထောက်ကို အရင် စလှမ်းရမှန်း မသိတော့ဘူး ဘယ်လိုလုပ်မလဲ"

ကျနော်တို့ လူတွေလည်း ဒီအတိုင်း နေ နေကြတာ အေးချမ်းနေကြပြီး။ ဒါပေမဲ့ တခြားလူတွေက သူတို့ပြသနာ အသီးသီးတွေ ယူလာပြီး ပြောကြတဲ့ အခါ ကိုယ်သွားနားထောင်ပြီး သူတို့နဲ့ အတူ သွားပြီး စိတ်ရှုပ် စိတ်ညစ်ရရော။ ဘဝက နေလို့ရ စားလို့ လောက်ငှနေရင် ဘာမှပူလောင်စရာ မရှိပါဘူး။

တခြားလူတွေ ဘဝကောင်းစားနေတာ မြင်ရော ဟိုလူက ဒီလို ကောင်းစားနေတာ။ ဒီလူက ဒီလို စိန်ရွှေ ရတနာ ပိုက်ဆံတွေ ချမ်းသာတာ၊ အိမ်ရှိတာ၊ ကားရှိတာ၊ ရည်းစားချောချောလေး ရှိတာ ဆိုတာတွေလည်း မြင်ရော ကိုယ့်ဖာသာကိုယ် လျှောက်ပြီး တွေးတော့..


နောက်ဆုံးတော့ သောကတွေက ကိုယ့်စိတ်ကို ကူးစက် ပူလောင်စေ တော့တာပါပဲ။ ဘယ်သူ ဘာပြောပြော ကိုယ့်လမ်းကိုယ် မှန်မှန်လေး လျှောက်လှမ်း သွားပါ။ သူများ ပြောစကားတွေနဲ့ လမ်းမှား မရောက်ပါစေနဲ့။ မတွေဝေပါနဲ့။

Crd

Post a Comment

0 Comments