ကျေးဇူးသိတတ်သောသူ

တခါတုန်းက အလွန်ရက်စက် ကြမ်းကြုတ်သော သခင်ထံမှ ကျွန်တယောက်သည် ထွက်ပြေးလေသည်။ ထိုကျွန်သည် သူ့ကို ပြန်လည် မဖမ်းမိအောင် သဲကန္တာရထဲတွင် ပုန်းအောင်း နေလေသည်။

သူသည် နေထိုင်ရန် နေရာနှင့် စားရန် အစားအစာတို့ကို ရှာဖွေရန် လှည့်လည် သွားလာစဉ် ဂူတခုသို့ ရောက်ရှိသွားလေသည်။ ထိုဂူတွင် မည်သူတစုံ တယောက်မျှ နေထိုင်သည်ကို မတွေ့ရပေ။ စင်စစ်သော်ကား ထိုနေရာမှာ ခြင်္သေ့တကောင်၏ နေရာပင် ဖြစ်တော့သည်။

သူရောက်သည့် ခဏ၌ပင် ခြင်္သေ့လည်း ဂူဝ၌ ပေါ်လာလေသည်။ စိတ်ပျက် အားငယ်နေသဖြင့် သူသည် ခြင်္သေ့ကို ရင်ဆိုင် တွေ့နေရသော်လည်း လွတ်မြောက်ရန် လမ်းစကို ရှာဖွေရန် မကြိုးစားတော့ပေ။ ဖြစ်လိုရာ ဖြစ်စေတော့ဟုသာ စိတ်ကို လျှော့၍ ထားလိုက်လေတော့သည်။

သို့သော် သူ ရုတ်တရက် အံ့ဩသွားသည်။ အဘယ်ကြောင့်ဆိုသော် ခြင်္သေ့သည် သူ့ကို ခုန်အုပ်ဝါးမျို ပစ်လိုက်မည့်အစား မိတ်ဖွဲ့လိုဟန် လက္ခဏာကို ပြသောကြောင့် ပေတည်း။

ခြင်္သေ့က ရွှင်မြူးသော အသံဖြင့် ဟိန်းဟောက်ကာ ၎င်း၏ ခြေတဖက်ကို မြှောက်၍ ပြလေသည်။ ထိုခြေတွင် ဖူးဖူးရောင်၍ ရင်းနေသော အနာကြီးကို မြင်ရသဖြင့် သေချာစွာ စူးစမ်းကြည့်ရှုရာ ခြေချောင်းကလေးများ အကြား ကြီးမားသော ဆူးကြီးတချောင်း စူးဝင်နေသည်ကို တွေ့ရသည်။

သူသည် သနားလှသဖြင့် ထိုးဆူးကို နှုတ်ကာ အနာကို တတ်နိုင်သမျှ ကောင်းစွာ စည်းနှောင်၍ ပေးလိုက်လေသည်။ သို့ဖြင့် ရက်များမကြာမီ အနာသည် ကောင်းစွာ ပျောက်ကင်းသွား လေတော့သည်။

ခြင်္သေ့ကြီးသည် သူ့ကို အတိုင်းမသိ ကျေးဇူးတင်သောကြာင့် သူ့ကို မိတ်ဆွေတဦး အဖြစ် အသိအမှတ် ပြုကာ ကာလအတန်ကြာမျှ ဂူထဲတွင် အတူတကွ နေထိုင်ကြလေသည်။

တနေ့သ၌ ထိုသူသည် သူ၏ အပေါင်းအသင်းဖြစ်သည့် လူသားများကို လွမ်းဆွတ်လာပြီ ဖြစ်သောကြောင့် ခြင်္သေ့အား နှုတ်ဆက်၍ သူ့ရပ်ရွာသို့ ပြန်သွားလေသည်။ လမ်းတွင် သူ့ကို မှတ်မိကြသော ရွာသားတို့သည် ဖမ်းဆီး၍ သံကြိုးဖြင့် တုပ်နှောင်ကာ သူ၏ သခင်ဟောင်း ရှေ့မှောက်သို့ ပို့အပ်လေသည်။

သခင်မှာ ထိုသူအား ဥပမာပြ၍ အခြားသော အစေခံများ ရွံ့ကြောက်စေအံ့ဟု စိတ်ပိုင်းဖြတ်ထားသူ ဖြစ်လေသည်။ ထို့ကြောင့် သူ့ကို ပရိတ်သတ် ထူထပ်လှသည့် ပြကွင်းကြီးတခုတွင်းရှိ သားရဲတိရစ္ဆာန်တို့ထံ ပစ်ချရန် အမိန့်ပေးလေ၏။ ထိုသတ္တဝါများထဲတွင် အလွန်ကြီးမား၍ ရိုင်းစိုင်းသော ခြင်္သေ့ကြီး တကောင်လည်း ပါဝင်လေသည်။

ထို့နောက် ထိုကျွန်အား တိရစ္ဆာန်များ အကြားသို့ ပစ်ချလိုက်လေ၏။ သို့ရာတွင် ပရိတ်သတ်တို့မှာ ရုတ်တရက် အံ့အားသင့်လျက် မတွေးတတ်နိုင် ဖြစ်သွားရလေသည်။ အကြောင်းကား အဆိုပါ ခြင်္သေ့ကြီးသာ် ထိုလူသားကို တချက်မျှ လှမ်းကြည့်ပြီးလျှင် အလွန်ဝမ်းမြောက်ခင်မင်လှသော အမူအရာဖြင့် ခြေရင်း၌ အသာအယာ ဝပ်၍ နေလိုက်သောကြောင့်ပင်တည်း။

စင်စစ်မှာ ထိုခြင်္သေ့ကြီးသည် ကန္တာရ ဂူကြီးအတွင်းမှ မိတ်ဆွေဟောင်းကြီးပင် ဖြစ်လေတော့သည်။ ပရိသတ်တို့သည်လည်း ထိုကျွန်၏ အသက်ကို လွှတ်သင့်ကြောင်းဖြင့် အဆက်မပြတ် အော်ဟစ် တောင်းဆိုကြ ကုန်လေ၏။

ထိုမြို့ကို အုပ်ချုပ်ရသော ဘုရင်ခံကလည်း အကြောင်းစုံ သိရသော် သို့ကျေးဇူးသိတတ်၍ သစ္စာရှိလှသည့် တိရစ္ဆာန်ရိုင်းကြီးအား အံ့ဩချီးကျူးမိ၏။ ထို့ကြောင့် ခြင်္သေ့ရော ကျွန်ပါ နှစ်ဦးစလုံး၏ အသက်ကို ချမ်းသာပေး၍ လွတ်လပ်စွာ နေထိုင်ကြစေဟု စီရင်ချက်ချ လိုက်လေသတည်း။

တချို့လူတွေဟာ ကျေးဇူးတရားကို တိရစ္ဆာန်လောက်တောင် နားမလည်နိုင်ကြပါဘူး။

Crd

Post a Comment

0 Comments