ကလေးတွေကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းတတ်တဲ့အကျင့်ရအောင် သင်ကြားပေးနိုင်မယ့် နည်းလမ်း (၅) ခု

စိတ်ရှည်တယ် ဆိုတာက တချို့လူကြီးတွေတောင် မလုပ်နိုင်ကြပါဘူး။ အဲဒါကြောင့် ကလေးတွေကို စိတ်ရှည်တတ်အောင် သင်ပေးဖို့က လွယ်တော့မလွယ်ကူပါဘူး။ မလွယ်ကူပေမယ့် ကလေးတွေကို စိတ်ရှည်အောင် သင်ကြားပေးနိုင်မယ့် နည်းလမ်းလေးတွေ ရှိပါတယ်။

၁။ အချိန်ကို စီမံခန့်ခွဲခြင်း

ကလေးတွေက အသက် ၉ နှစ်အရွယ်မှာ ယေဘုယျ အတွေးအခေါ်တွေကို တွေးခေါ်တတ်နေပါပြီ။ အသက် ၉ နှစ် မတိုင်ခင်မှာတော့ ၁၅ မိနစ်နဲ့ ၄၅ မိနစ် အကြားက ကွာခြားပုံကို သိပ်ပြီး နားမလည်သေးပါဘူး။ အဲဒါကြောင့် အချိန်အကြောင်း နားလည်အောင် မိဘတွေက ကလေးကို အချိန်စီမံခန့်ခွဲပေးဖို့ လိုအပ်ပါတယ်။

နာရီမှာ အရောင်လေးတွေ မှတ်ထားပေးပြီး ဘယ်အရောင်ရောက်ရင် ဘာလုပ်ရမယ် ဆိုပြီး သတ်မှတ်ပေးတာက ကလေးကို စိတ်ရှည်တတ်လာအောင် သင်ပေးတဲ့အခါ အသုံးဝင်ပါတယ်။ ကလေးအတွက်လည်း အချိန်ကို တန်ဖိုးထားတတ်သွားပါတယ်။

၂။ ကလေးကို တစ်ယောက်တည်း ကစားတတ်အောင် သင်ပေးခြင်း

ကလေးတွေရဲ့ စိတ်ကူးစိတ်သန်းတွေမှာ ဘောင်တွေ၊ တံတိုင်းတွေ မရှိပါဘူး။ စိတ်ကူးစိတ်သန်းတွေကို သုံးပြီး ကစားရတဲ့နည်းတွေကို ကလေးတစ်ယောက်တည်း ကစားခိုင်းပါ။ ကလေးကို တစ်ယောက်တည်း ကစားခိုင်းတာက အကျိုးများစွာ ရှိပါတယ်။ ဉာဏ်စမ်း အရုပ်ဆက်နည်း၊ သစ်သားတုံးလေးတွေ ဆက်ပြီး အိမ်ဆောက်နည်းစတဲ့ ကစားနည်းတွေက ကလေးကို စိတ်ငြိမ်စေတဲ့အပြင် စိတ်ရှည်မှုကိုပါ သင်ကြားပြီးသား ဖြစ်စေပါတယ်။

၃။ ရှာဖွေရတဲ့ဂိမ်း

တစ်ခါတရံမှာ သင့်ကလေးနဲ့အတူ အပြင်ထွက်ပြီး ဂိမ်းဆော့ရင်း စိတ်ရှည်တတ်အောင် သင်ပေးလို့ ရပါသေးတယ်။ ပန်းခြံလို နေရာကို သွားပြီး သင်က ကလေးကို ပစ္စည်းတစ်ခုရဲ့ နာမည်အစ၊ အရောင်၊ ပုံစံကို ပြောပြပါ။ ပြီးရင် စက္ကန့် ၂၀ အတွင်းရှာဖို့ ကလေးကို ပြောပါ။ အဲဒီအခါ ကလေးက စိတ်ရှည်ရှည်ထားပြီး၊ စိတ်ငြိမ်ငြိမ်ထားပြီး ရှာရတဲ့အတွက် အကျိုးရှိစေပါတယ်။ ဒါပေမယ့် ဒီဂိမ်းကိုတော့ မိဘတွေ မြင်နိုင်တဲ့နေရာမှာပဲ ကစားသင့်ပါတယ်။

၄။ စကားပြောတဲ့အချိန် စောင့်ဆိုင်းတတ်အောင် သင်ကြားပေးခြင်း

တချို့ကလေးတွေက လူကြီးတွေ စကားပြောနေတာကို မသိနားမလည်ဘဲ ဖြတ်ပြောတတ်၊ နှောင့်ယှက်တတ်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် စကားပြောတဲ့အခါ ဖြတ်ပြောတာကလည်း စိတ်အနှောင့်အယှက် ဖြစ်စရာပါပဲ။ အဲဒါကြောင့် လူကြီးတွေ စကားပြောနေတုန်း ဖြတ်မပြောဖို့၊ အချင်းချင်း စကားပြောနေတုန်း အလုအယက်ဖြတ် မပြောဖို့ ငယ်စဉ်ကတည်းက သင်ကြားပေးသင့်ပါတယ်။

မိဘတွေ စကားပြောနေတုန်း ကလေးက တစ်ခုခု ပြောချင်ရင် မိဘရဲ့ လက်မောင်း သို့မဟုတ် ပုခုံးပေါ်ကို ကလေးလက် လာတင်လိုက်ပါ။ မိဘက ကလေးရဲ့လက်ကို ပြန်ထိလိုက်ရင် ကလေးတစ်ခုခု ပြောချင်နေကြောင်း မိဘတွေက သိသွားတဲ့အမှတ်အသားပါ။ အဲဒါကြောင့် မကြာခင်မှာ မိဘကလည်း စကားစဖြတ်ပြီး ကလေးပြောချင်တာကို နားထောင်ပေးနိုင်ပါတယ်။

၅။ ပွဲတွေ၊ အခမ်းအနားတွေကို စောင့်ဆိုင်းတတ်အောင် သင်ကြားပေးခြင်း

ကလေးတွေက ပွဲတွေကို သဘောကျတာကြောင့် ပွဲကို မြန်မြန်ရောက်ချင် ကြပါတယ်။ မွေးနေ့ပွဲ၊ ခရစ္စမတ်၊ ပျော်ပွဲစားထွက်မယ့် ရက်တွေကို မြန်မြန်ရောက်ချင်ကြတာကြောင့် ဂျီကျတတ်ကြပါတယ်။

ဥပမာ မွေးနေ့ကို မြန်မြန်ရောက်ချင်ရင် တနင်္ဂနွေပေါင်း ဘယ်နှရက်ပဲ လိုတော့တယ်လို့ ပြောပြလိုက်ရင် ကလေးတွေရဲ့စိတ်ထဲမှာ ပိုနီးလာပြီလို့ ထင်သွားတတ်ကြပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments