နေနဲ့လ ဘယ်သူက ပိုအရေးပါသလဲ

၁။ ဂျူးလူမျိုး ပုံပြင်တပုဒ် ရှိပါတယ်။ တနေ့ လူတယောက်က အဘိုးအိုတယောက်ကို မေးတယ်။ နေနဲ့လ ဘယ်ဟာ ပိုအရေးကြီးသလဲတဲ့။ အဘိုးအိုက အကြာကြီး စဉ်းစားပြီးပြန်ဖြေတယ်။

"လ ပေါ့ကွ၊ လက ပိုအရေးကြီးတာ ပေါ့ကွ။ ဘာဖြစ်လို့လဲ ဆိုတော့ လက ညကျမှ ထွက်တာ၊ ညအချိန် ဆိုတာ ငါတို့ အလင်းရောင် လိုအပ်နေတဲ့ အချိန်လေ။ နေ့အချိန်မှာ နဂိုတည်းက အလင်းရောင်က ရှိပြီးသား။ နေက အဲ့အချိန်မှ ထွန်းလင်းပြနေတော့ အပိုပဲလေ" လို့ အဘိုးအိုကြီးက ပြန်ဖြေတယ်။

မိတ်ဆွေရော အဲ့ဒီအဖိုးကြီးကို အာရုံပဲလို့ မထင်မိဘူးလား။ တကယ်တော့ ကျွန်တော်တို့ အားလုံး အဲ့အဘိုးအို လိုပါပဲ။

၂။ ကလေးမ တယောက် အမေနဲ့ ရန်ဖြစ်ပြီး ဒေါသပုန်ထွက်ကာ အိမ်မှ ဆင်းသွားသည်။ နောက်တသက်လုံး ဒီအိမ်ကို သေတာတောင် ပြန်မလာဘူး ဆုံးဖြတ်ထားသည်။ တနေကုန် အပြင်မှာ လျှောက်လှိမ့်နေသည်။ စစချင်းတော့ လွတ်လပ်ခြင်းကို ခံစားရသည်။

ကြာတော့ ဗိုက်က ဂလွီ၊ ဂလွီ အော်လာသည်။ မနက်တည်းက အဝတ်တထည် ကိုယ်တခုနဲ့ အိမ်ပေါ်က ဆင်းချလိုက်လာတာ ပိုက်ဆံထည့်ဖို့ မေ့လာတယ်။ အိမ်ပြန်ပြီးလည်း စားဖို့ အောက်ကျ မခံချင်ဘူး။ မိုးလည်း ချုပ်ရော လမ်းဘေးက ဖွင့်ထားတဲ့ ဆီချက်ခေါက်ဆွဲဆိုင်နား ရောက်လာတယ်။

ကြက်သွန်ဖြူမွှေးတဲ့ အနံ့နဲ့ ဆီချက်ခေါက်ဆွဲထဲက ကြက်သားနံ့လေးက သူ့စိတ်ကို မစား စားချင်အောင် နှိုးဆွနေသလိုလို။ ဒါပေမယ့် ပိုက်ဆံက မရှိတော့ တံတွေးပဲ သိပ်မြိုချနေရတယ်။ အဲ့ဒီလို တွေးနေတုန်းပဲ ရှိသေးတယ်၊ ဆိုင်ရှင် ဦးလေးကြီးက ရုတ်တရက် မေးလိုက်တယ်။ "ဒီက သမီးလေး၊ ဆီချက်ခေါက်ဆွဲမှာမလို့လား"

သူမက ရှက်ရှက်နဲ့ "အင်း၊ ဟုတ်တယ်။ ဒါပေမယ့် သမီး ပိုက်ဆံ မပါလာဘူး"

ဆိုင်ရှင်ဦးလေးကြီးက ဟားဟားဟားဟားလို့ ရယ်လိုက်ပြီး "ကိစ္စမရှိဘူး၊ ဒီနေ့ ဦးလည်း အရင်းကျေနေပြီ ဆိုတော့ ဒီတပွဲ ဦးလေး ကျွေးမယ်။ သွားသွား ဟိုခုံအလွတ်မှာ သွားထိုင်" လို့ ပြန်ဖြေတယ်။ သူမဟာ သူမ နားပင် မယုံနိုင်အောင် ဖြစ်သွားသည်။ ဦးလေးကြီးကို အူကြောင်ကြောင် ကြည့်ကာ လက်ညှိုးထိုးပြသော ထိုင်ခုံမှာ သွားထိုင်လိုက် တယ်။

သိပ်မကြာဘူး ဦးလေးကြီးက ဆီချက်ခေါက်ဆွဲ မွှေးမွှေးလေး လာချပေးတယ်။ သူမ အမြန်ဆုံး စားနည်း ဆိုတာနဲ့ စားပစ်လိုက်ရင်း ဆိုင်ရှင်ကို ပြောတယ် "ဦးလေးကြီး ဦးလေးကြီး သဘောအရမ်းကောင်းတယ်ဗျာ"

"အော် ဘယ်လိုကြောင့် ဘာဖြစ်လို့" လို့ ဦးလေးကြီးက ပြန်မေးလိုက်သည်။ သူမက "ဟုတ်တယ်လေ၊ သမီးနဲ့ ဦးလေးနဲ့ သိလည်းမသိဘူး၊ သမီးပေါ် အရမ်းကောင်းတယ်။ သမီး အမေနဲ့များ တခြားစီပဲ။ သမီးအပေါ် တစက်ကလေးမှ မကောင်းဖူးဘူး၊ တအားစိတ်တိုဖို့ ကောင်းတယ်" လို့ပြန်ဖြေတယ်။

ဆိုင်ရှင် ဦးလေးကြီးက တဟားဟား ထပ်ရယ်လိုက်သည်။ ပြီးနောက် "ဒီမှာ သမီး၊ ခုနက ဦး သမီးကို ခေါက်ဆွဲတပန်းကန်ပဲ ကျွေးဖူးတာနော်၊ သမီးအမေက သမီးအတွက် နှစ် ၂၀ စာ ထမင်းချက်ကျွေးလာတာ တစက် ကလေးမှ မကောင်းဘူး၊ ကျေးဇူး မတင်သင့်ဖူးပေါ့ ဟုတ်သလား" လို့ ပြောသည်။

ဦးလေးကြီးစကား ဆုံးတာနဲ့ တပြိုင်နက် သူမ အိပ်ယာက နိုးလာတဲ့ လူတယောက်လို သတိရသွားတယ်။ အိန္ဒြေမဆည်နိုင်ပဲ မျက်ရည်ပေါက်များ အလိုလို ကျလာသည်။ စားလက်စ ခေါက်ဆွဲကို တဝက်ပဲ စားကာ အိမ်သို့ ပြေးပြန်သွားသည်။

လမ်းသေးလေးရဲ့ ဓာတ်မီးတိုင် မှိန်မှိန်လေးအောက်က အမေ့ကို သူမ ခပ်ဝေးဝေးက လှမ်းမြင်နေရတယ်။ အမေ စိတ်ပူပြီးဘေးဘယ်ညာ လိုက်ကြည့်ကာ သူ့ကိုရှာနေတာ ဘယ်အချိန်ကတည်းကလဲ မသိ၊ "အော် အမေရယ်" သူမ နှလုံးသား တစစီ အရည်ပျော်သွားခဲ့တယ်။

အမေ့ကို တောင်းပန်ပါတယ် အခွန်း တသောင်း ပြောတောင် ငါအပြစ်က ကျေပါ့မလား။ အမေ့နားရောက်သွားတော့ တောင်းပန် စကားတောင် မစရသေးဘူး အမေက "အာ ဒီကလေးမ တနေကုန် ဘယ်တွေ လျှောက်သွားနေတာလဲ၊ ငါ့မှာ စိတ်ပူလို့ သေတော့မယ်၊ လာလာ မြန်မြန် အိမ်ပြန်မယ်၊ လက်ဆေးပြီး ထမင်း စားတူတူစားမယ်၊ ဆာနေလောက်ရောပေါ့"

ထိုည အိမ်အပြန်လမ်းတွင် တကမ္ဘာလုံးမှာ အပျော်ဆုံးက သူမ ဖြစ်လိမ့်မည်။ အသက် ၂၀ ကျော်မှ မိခင်မေတ္တာဆိုတာ ဘာလဲ သူသိရှိခွင့် ရခဲ့လို့ဖြစ်သည်။

နေ့တိုင်း သင့်ကို စောင့်ရှောက်နေတဲ့ သူကို သင့်စိတ်ထဲ ဘာမှမဟုတ်ဘူး သင်ထင်နေပါလိမ့်မယ်။ ဒါပေမယ့် သူစိမ်းလူ သင့်အပေါ် ဒီလိုလေး ခဏ ဆက်ဆံပြလိုက်တာနဲ့ အဲ့ဒီလူ အရမ်းကောင်းတယ် လို့ သင်ထင်မယ်။ သင့်မိဘ၊ သင့်မိန်းမ (ယောက်ျား) သင့်အတွက် အချိန်ပြည့် ပေးဆပ်နေတာကို သင်က ဒါ သူလုပ်သင့်တဲ့ ဝတ္တရားလေ ဆိုတဲ့ စကားထက် ပိုမတွေးကြပါဘူး။

ဒါ့ပြင် နည်းနည်းလေး လျော့ကောင်းပြရင် သင်က အပြစ် ပြောချင်နေ ပါသေးတယ်။ ဒါပေမယ့် သူစိမ်းလူက သင့်မိဘ၊ သင့်ယောက်ျား (မိန်းမ) ရဲ့ ဆယ်ပုံတပုံလေး ကောင်းပြလိုက်တာနဲ့ သင့်မှာ ဝမ်းသာလို့မဆုံး၊ ကျေးဇူးတင်လို့ မဆုံးဘူး။ အဲ့ဒါဟာ လက ကောင်းတယ်၊ နေက အဲ့လောက် မဟုတ်ဘူး ဆိုတဲ့ အဓိပ္ပါယ်နဲ့ ဘာမှ မထူးပါဘူး။

နေက အမြဲထွန်းလင်းနေပါတယ်။ လူတွေက သူ့ရဲ့ အလင်းရောင် ကျေးဇူးကို မေ့နေကြပါတယ်။ အဲ့လိုပဲ မိဘ ဆွေမျိုးတွေဘေးမှာ ရှိနေရက်နဲ့ လူတွေဟာ သူတို့ရဲ့ နွေးထွေးမှုကို မေ့လျော့ နေတတ်ကြတယ်။ ဘာမဟုတ်တဲ့ ကိစ္စ အသေးအဖွဲလေး ကူညီတဲ့ လလို အလင်းနဲ့ သူစိမ်းသူ ကျတော့ ကျေးဇူးတင်လို့ မဆုံးဘူး၊ ပြန်ပြောလို့ မဆုံးတော့ပါဘူး။ နေမင်းကြီး ထွန်းလင်းပေးနေတာ အပို လို့တော့ မယူဆလိုက်ပါနဲ့။

Crd

Post a Comment

0 Comments