ကျောက်ဆစ်သမား

တခါတုန်းက ဆင်းရဲသား ကျောက်ဆစ်သမား တယောက် ရှိတယ်။ သူက ဘာလို့များ ငါဟာ ဆင်းရဲနေရသလဲ ဆိုပြီး တချိန်လုံး သူ့ကိုယ်သူ သနားနေသတဲ့။ တွေ့တဲ့လူတိုင်းက သူ့ထက် သာနေကြတာကိုး လို့ သူက အကြောင်းပြချက် ပေးပါသတဲ့လေ။

"ငါဟာ အမြဲတမ်း ပင်ပင်ပန်းပန်း အလုပ် လုပ်ရတယ်။ မာကျောလေးလံတဲ့ ကျောက်တုံးတွေကို နေ့တိုင်း ဖဲ့ယူပြီး ကျောက်ဆစ်နေရတယ်" လို့ တွေးပြီး ငိုကျွေးမြည်တမ်း နေတာပေါ့။

သိကြားမင်းကြီးက နေ့တိုင်း ကျောက်တောင်ခြေရင်းမှာ ငိုနေတဲ့ ကျောက်ဆစ်သမားကို ကြည့်ရင်း သူလည်း စိတ်မချမ်းသာ ဖြစ်ရတယ်။ တရက်တော့ ကျောက်ဆစ်သမားလေးဟာ တိုင်းခမ်း လှည့်လည်လာတဲ့ ရှင်ဘုရင်ကြီးကို တွေ့လိုက်တော့ အားကျသွားတယ်။

"ဘုရင်ကြီးဟာ သိပ်ကို ခန့်ညားတာပဲ၊ ဝတ်စား ဆင်ယင်ထားတာ သိပ်ကို လှပတယ်။ အနားမှာလည်း ကိုယ်ရံတော်တွေနဲ့၊ လူတွေက သိပ်ကို ချစ်ကြတာပဲ။ ငါ့လို ကျောက်ဆစ်သမား ကိုတော့ လူတွေက ချစ်ဖို့ နေနေသာသာ ရှိတယ်လို့တောင် မမှတ်ကြဘူး" လို့ တွေးပြီး ဝမ်းနည်းမိတယ်။

ကျောက်ဆစ်သမားဟာ ကျောက်တုံးတွေ သယ်နေကျ ကျောက်တောင်နားမှာ ထိုင်ရင်း သူ့ဘဝသူ သနားနေပြန်တယ်။ အလုပ်တောင် မလုပ်နိုင်ဘဲ ငိုနေပြန်တာပေါ့။ သိကြားမင်းဟာ ကျောက်ဆစ်သမားရဲ့ ငိုသံကို ကြားတိုင်း စိတ်ညစ်တာမို့ ဒီတခါတော့ သူဆင်းလာခဲ့တယ်။ ကျောက်ဆစ်သမားကို ပျော်အောင် ဘာပဲဖြစ်ဖြစ် လုပ်ပေးလိုက်မယ် လို့ သိကြားမင်းကြီး က ဆုံးဖြတ်လိုက်တယ်။

"ကျောက်ဆစ်သမားလုလင်၊ ဘာကြောင့်များ ငိုကြွေးမြည်တမ်း နေရသလဲ"

"ရှင်ဘုရင်ဘဝကို လိုချင်လို့ပါ" "ရှင်ဘုရင်ကြီး ဖြစ်ပြီဆိုရင် သင် ပျော်ရွှင်မှာလား"

"ရှင်ဘုရင် ဖြစ်ခွင့်ရရင် ပျော်ရွှင်မှာပါ။ သူဟာ ဒီကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးပါပဲ။ လူတိုင်းက သူ့ သဘောအတိုင်း နေကြရပါတယ်"

သိကြားမင်းကြီးဟာ သူ့ရဲ့ တန်ခိုးစွမ်းအားနဲ့ ကျောက်ဆစ်သမားလေးကို တိုင်းပြည်တပြည်ရဲ့ ရှင်ဘုရင် ဖြစ်သွားအောင် ဖန်ဆင်းပေးလိုက်သတဲ့။

အခုတော့ ကျောက်ဆစ်သမားဟာ ပျော်နိုင်သွားပါပြီ။ သူဟာ ရှင်ဘုရင်ကြီး ဖြစ်သွားပြီလေ။ ရေမြေတောတောင် နယ်မြေများစွာကို သူပိုင်တယ်။ သူ့ကို ချစ်ကြတဲ့ လူထုလည်းရှိတယ်။ ဘာမဆိုရနိုင်တဲ့ ဘုရင်ကြီး ဖြစ်သွားပြီမို့ သူဟာ သိပ်ကံကောင်းတဲ့သူပေါ့။ ဒါပေမဲ့ ဒါဟာ နန်းတော်ရဲ့ အမြင့်ဆုံး အဆောင်ကနေ နေမင်းကြီးနဲ့ စကားမပြောမိခင် နေ့ရက်အထိ ပါပဲ။

တရက်တော့ ရှင်ဘုရင်ကြီး ဟာ နန်းတော်ဆောင်ထိပ်ကနေ တိုင်းပြည်ကို ကြည့်နေတုန်း နေမင်းကြီး တဝင်းဝင်း တောက်ပနေတာကို သတိထားမိတယ်။ ပြီးတော့ သူ့ဘဝသူ တွေးမိတယ်။ "ငါဟာ ရှင်ဘုရင်ဆိုတော့ အရာရာကို အမိန့်ပေးလို့ ရတယ် ဆိုပေမယ့် နေလုံးကြီးကိုတော့ အမိန့်မပေးနိုင်ဘူး။ မှောင်မိုက်အေးစက်တဲ့ ဆောင်းညတွေ ပြီးလို့ နေလုံးကြီး ထွက်လာပြီဆိုရင် လူတွေက ပျော်ရွှင်သွားကြတယ်။ လူတွေက ငါ့ထက် နေမင်းကြီးကို ပိုချစ်ကြတာပဲ" တဲ့။

"အသင် နေမင်း၊ သင့်ကို ဘာကြောင့် လူတွေက လိုလားချစ်ခင်ကြသလဲ" လို့ ဘုရင်က မေးလိုက်တယ်။ "ရှင်ဘုရင်၊ ငါဟာ လူသားတွေအတွက် အလင်းရောင်နဲ့ အနွေးဓာတ်ကို ပေးတာမို့ ငါ့ကို ချစ်ခင်ကြတာပါ" လို့ နေမင်းက ပြန်ဖြေသတဲ့။ ဒီလိုနဲ့ ဘုရင်ဟာ တချိန်လုံး ဒါကိုပဲ တွေးနေမိတယ်။ သူမပျော်နိုင်တော့ဘူး။

တရက်တော့ ဘုရင်ဟာ သိကြားမင်းကို တိုင်တည်လိုက်တယ်။ သိကြားမင်းဟာ သူဖန်တီးပေးထားတဲ့ ဘုရင်က တိုင်တည်လာတော့ မေးကြည့်တာပေါ့။ "သင်ဘာကြောင့် ပူဆွေးနေတာလဲ။ သင်ဟာ ကမ္ဘာ့အပျော်ဆုံး ဖြစ်ရမှာမဟုတ်လား"

"ကျွန်တော့်ရဲ့ ခမ်းနားကြီးကျယ်မှုဟာ နေမင်းကြီးနဲ့ ယှဉ်ရင် သေးနုပ်လှပါတယ်။ ကျေးဇူးပြုပြီး နေမင်းကြီး ဖြစ်အောင် လုပ်ပေးပါ"

"ကဲ ငါဟာလည်း သင့်ကို ပျော်ရွှင်အောင် လုပ်ပေးဖို့ ဆုံးဖြတ်ထားတာမို့ သင့်ကို နေမင်းဘဝကို ပြောင်းပေးလိုက်မယ်။ ပျော်ရွှင်စွာ နေပေတော့" ဆိုပြီး နေမင်းဖြစ်အောင် ဖန်ဆင်းပေးလိုက်တယ်။

ကျောက်ဆစ်သမားဟာ ဘုရင်ဘဝကနေ နေမင်းကြီး ဖြစ်ပြီး လောကကြီးကို အပူဓာတ်နဲ့ အလင်းရောင်ဓာတ်တွေ ပေးနေတော့ တာပေါ့။ လူတွေက သူ့ကို အားကိုး အားထား ပြုနေကြတော့ သူပျော်ပြီလေ။ တရက်တော့ နေမင်းကြီးဟာ ကမ္ဘာပေါ်ကို ထွန်းလင်း တောက်ပပေးနေတုန်း သူ့ရဲ့ အလင်းရောင်တွေကို တစုံတယောက်က လာကွယ်ထားလိုက်တယ်။ ကမ္ဘာကြီးကို စူးရှတဲ့ အလင်းရောင်တွေ ရောက်မသွား နိုင်တော့ဘူးပေါ့။

နေမင်းကြီးကို အင်အားအကြီးဆုံးလို့ ထင်ပေမယ့် နေမင်းထက် အင်အားကြီးသူ ပေါ်လာပြန်ပြီ။ နေမင်းကြီးက မေးတယ်။ "သင်ဘယ်သူလဲ။ ဘာကြောင့် ငါရဲ့ အလင်းရောင်နဲ့ အပူဓာတ်တွေကို ကွယ်ထားနိုင်ရတာလဲ" ဒီလို မေးလိုက်တဲ့အခါ လာကွယ်ထားတဲ့ အရာက ပြန်ဖြေတယ်။ "နေမင်းကြီးရေ ကျုပ်က တိမ်တိုက်ပါ။ နေမင်းရဲ့ ရှေ့ကနေ ကွယ်ထားလို့ ကမ္ဘာပေါ်မှာ မိုးအုံ့သွားတာပါ"

တိမ်တိုက်ဟာ နေမင်းထက် ပိုပြီး စွမ်းအားတွေ ရှိနေပါလား လို့ တွေးမိတော့ သူဟာ ဝမ်းနည်းသွားပြန်တယ်။ သူဟာ နေမင်း မဖြစ်ချင်တော့ဘူး။ ဒါကြောင့် သူက မိုးနတ်သိကြားမင်းကို သွားပြီး တိုင်တည်တယ်။ "သိကြားမင်း ရယ် အင်အားကြီးတဲ့ တိမ်တိုက်အဖြစ် ပြောင်းလဲပေးပါဦး" လို့ ပြောတာပေါ့။ သိကြားမင်းဟာ သူ့အစွမ်းနဲ့ နေမင်းကို တိမ်တိုက်ကြီး ဖြစ်အောင် လုပ်ပေးလိုက်တယ်။

ခုမှပဲ သူပျော်တော့တယ်။ သူဟာ လောကကြီးကို အုပ်မိုးထားတဲ့ တိမ်တိုက်ကြီးပေါ့လေ။ ဒါပေမဲ့ သူတရက်တော့ မပျော်နိုင်တော့ဘူး။ လေတွေ တိုက်လာတယ်လေ။ လေပြင်းပြင်းတွေ တိုက်လိုက်တိုင်း တိမ်တိုက်ဟာ လွင့်လွင့်သွားတယ်။ တိမ်တိုက်ဟာ အင်အားအကြီးဆုံးလို့ ထင်တာ မှားနေပါ ပေါ့လား။ လေဟာ သူ့ထက် အင်အားကြီးနေပါ့လား။ ဒီလိုနဲ့ တိမ်တိုက်ဟာ သိကြားမင်း ကို တိုင်တည်လိုက် ပြန်တာပေါ့။

သိကြားမင်းကလည်း ဒီတသက် သူစိတ်ချမ်းသာ ပါစေတော့ ဆိုပြီးတော့ တိမ်တိုက်ကို လေထု ဖြစ်အောင် လုပ်ပေးလိုက်တော့တယ်။ လေဖြစ်သွားပြီ ဆိုတော့ ကမ္ဘာအနှံ့ လိုက်လံ ရွှေ့လျားပြီး ပျော်နေတာပေါ့။ သူဟာ အင်အားအကြီးဆုံး ဖြစ်သွား ပြီလေ။ သူ့ကြောင့် ရေလှိုင်းတွေ ထလာတယ်။ သူ့ကြောင့် အပင်တွေ ယိမ်းနွဲ့ကုန်ကြတယ်။ နေအပူဒဏ်ကိုလည်း ကာထားပေးလို့ ရတယ်။ ထုံးစံအတိုင်း သူမပျော်တော့ ပြန်ပါဘူး။ ကျောက်တောင်ကြီးကို လေနဲ့ သွားတိုက်မိလို့ပါ။

သူဘယ်လောက်ပဲ လေပြင်းတွေ တိုက်တိုက် ကျောက်တောင်ကြီးက မလှုပ်ဘူး။ ကျောက်တောင်ကြီးက ခိုင်မာ ခန့်ညားလိုက်တာ။ လေဟာ လောကမှာ အင်အားအကောင်းဆုံး ဆိုရင် ကျောက်တောင်ကြီးကို လှုပ်ယိမ်းသွားအောင် လုပ်နိုင်ရမှာပေါ့။ ဒါပေမဲ့ မရဘူးလေ။ သူ မပျော်တော့ပြန်ဘူး။ ထုံးစံအတိုင်း သိကြားမင်း ကို တိုင်တည်ရပြန်ပြီ။ သိကြားမင်း ကတော့ ပြောတယ်။ "မင်းကို ကျောက်တောင်ဖြစ်အောင် လုပ်ပေးလိုက်မယ်။ ဒါပေမဲ့ ဒါဟာ နောက်ဆုံးအကြိမ်ပဲ" တဲ့။

လေဟာ ခုဆိုရင် ကျောက်တောင်ကြီး ဖြစ်သွားခဲ့ပြီ။ သူဟာ လောကမှာ အခိုင်မာဆုံးပဲ။ ဘယ်လောက် လေတိုက်တိုက် သူ့ကို လှုပ်ယိမ်းသွားအောင် မလုပ်နိုင်ဘူးလေ။ ခုမှပဲ သူဟာ ပျော်ရွှင်တော့တယ်။ ကျောက်တောင်ကြီးဟာ သူသာလျှင် အင်အားအကြီးဆုံးလို့ ယုံကြည်သွားပြီလေ။

ဒါပေမဲ့ တရက်တော့ ကျောက်တောင်ရဲ့ အောက်ခြေနားမှာ လူတယောက်က ကျောက်သားတွေကို ဖဲ့ယူနေတယ်။ ကျောက်တောင် ဟာ အလွန် ထိတ်လန့်သွားခဲ့တယ်။ သူ့လို ကျောက်တောင်ကြီးကိုတောင် ဖဲ့ယူနိုင်ပါလား။ "အသင်ဘာကြောင့် ယခုလို ကျောက်သားတွေကို ဖဲ့ယူနိုင်ရတာလဲ"

"ကျောက်တောင်ကြီးရေ၊ ကျွန်တော်က ကျောက်ဆစ်အလုပ်သမားပါ။ ကျောက်သားတွေကို ယူပြီး အသုံးအဆောင်တွေ ထွင်းထု ရောင်းစားရပါတယ်"

"သင်ဟာ ငါ့လို ကျောက်တောင်ကြီးကိုတောင် ပဲ့အောင် လုပ်နိုင်တယ်။ သင်ဟာ စွမ်းအားအကြီးဆုံး လူသားပဲ” လို့ ပြောမိသတဲ့။

"ဟုတ်တာပေါ့ ကျွန်တော်ဟာ အရာအားလုံးထက် အင်အားအကြီးဆုံးပါပဲ" လို့ ကျောက်ဆစ်သမားက ပျော်ရွှင်စွာ ပြန်ပြောတယ်။ ကျောက်တောင်ကြီးဟာ ကျောက်ဆစ်သမားအဖြစ်ကို လိုချင်သွားခဲ့တယ်။ မိုးသိကြားမင်းကို အကူအညီ တောင်းတာပေါ့။ ဒီတော့မှ သိကြားမင်း က ပြောတယ်။

"သင်ဟာ တချိန်တုန်းက ကျောက်ဆစ်သမားပဲ။ ဒါပေမဲ့ သင့်ဘဝကို သင်ပျော်ရွှင်မနေဘူး။ သင်ဟာ ဘုရင်ဖြစ်လည်း မပျော်ဘူး။ နေမင်း ဖြစ်လည်း မပျော်ဘူး။ တိမ်တိုက်ကြီး ဖြစ်လည်း မပျော်ဘူး။ ဒီအတိုင်းဆို ဘယ်တော့မှ ပျော်မှာ မဟုတ်ဘူး။ ပျော်ရွှင်မှု ဆိုတာ တကယ်တမ်း သင့်ရင်ထဲက လာတဲ့အရာပါ" လို့ သိကြားမင်း က ပြောပြတယ်။

ဒီတော့မှ ကျောက်တောင်ကြီးက တွေးမိတယ်။ သူဟာ တချိန်တုန်းက ကျောက်ဆစ်သမားတဦးပဲ မို့လား။ ဒါပေမဲ့ သူဟာ အမြဲတမ်း စိတ်ဆင်းရဲနေခဲ့တယ်။ မိမိဘဝကို ကျေနပ်နေသူကမှ ပျော်ရွှင်သူဆိုတာ သူ သိသွား ပါပြီ။ မိုးသိကြားမင်း ကြီးက သူ့ကို ကျောက်ဆစ်သမားဘဝ ရောက်အောင် ပြန်လုပ်ပေးလိုက်တယ်။

ကျောက်ဆစ်သမားဟာ နောက်နေ့ကစပြီး ပျော်ရွှင်စွာနဲ့ သူ့ရဲ့ အလုပ်တွေကို လုပ်သွားခဲ့ပါတော့တယ်။ ဘုရင်ကြီး ဖြတ်သွားရင်လည်း ပျော်ရွှင်စွာ လှမ်းကြည့်နေတတ်ပြီ။ နေမင်းကြီးကိုလည်း ပျော်ရွှင်စွာ နူတ်ဆက်တယ်။ တိမ်ထုကြီးကိုလည်း ကျေးဇူးတင်တယ်။ လေအေးတွေ တိုက်တော့လည်း စိတ်ချမ်းသာတယ်။ ကျောက်တောင်ကြီးရဲ့ ခိုင်မာမှုကိုလည်း သူကျေနပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူပျော်နေတာကိုး။

Thantzin Soe

Post a Comment

0 Comments