အုတ်ပုံကို ဘယ်နေရာ ရွှေ့မလဲ

တနေ့မှာ ဘုန်းကြီးကျောင်း တကျောင်းကို လက်တဖက်တည်း ရှိတဲ့ သူတောင်းစားတယောက် ရောက်လာပြီး စားစရာ လာတောင်း စားတယ်။ အဲ့မှာ ကျောင်းထိုင်ဘုန်းကြီးနဲ့ တိုးတော့ ကျောင်းထိုင်ဆရာတော် ဆီမှာ စားစရာတောင်းတယ်။

ဆရာတော်က ဆွမ်းစားဆောင် ရှေ့က အုတ်ပုံကို လက်ညိုး ထိုးပြပြီး "ဒကာတော် အဲ့ဒီအုတ်ပုံကို ဆွမ်းစားဆောင်နောက်ကို အရင် ရွေ့ပေးပါအုန်း" လို့ မိန့်တော်မူတယ်။

အဲ့တော့ လက်ပြတ် သူတောင်းစားက ဘုန်းကြီးကို မကျေမနပ်နဲ့ "အရှင်ဘုရား။ တပည့်တော် မှာ လက်တဖက်တည်းရှိတာ ဘယ်လိုလုပ်ပြီး ဒီအုပ်ပုံကို ရွေ့နိုင်မှာလဲ။ အရှင်ဘုရား ဆွမ်းကျန် ဟင်းကျန်လေးတောင် မစွန့် ပေးချင်လည်း နေပါ။ တပည့်တော် တခြားမှာပဲ သွားတောင်း စားတော့မယ်" လို့ ပြောတယ်။

ဘုန်းကြီးက ဘာမှ ပြန်မပြောဘူး။ အုတ်ပုံဆီ လျှောက်သွားပြီး လက်တဖက်တည်းနဲ့ အုတ်ခဲကို မပြီး ဆွမ်းစားဆောင် နောက်မှာ သွားချ တယ်။ ပြီးတော့မှ လေသံ အေးအေးနဲ့ "ဒီလို အလုပ်မျိုးက လက်တဖက်တည်းနဲ့လည်း လုပ်လို့ ရတယ်" လို့ ပြောတယ်။

လက်တဖက်ပြတ် သူတောင်းစားလည်း ဗိုက်ကဆာ၊ စားသောက်စရာလည်း လိုချင်တာနဲ့ ဘုန်းကြီးပြောတဲ့ အတိုင်း လုပ်ပါလေရော။ လက်တဖက်တည်းနဲ့ အုတ်ခဲတွေ တခဲချင်း တခဲချင်းစီ ဆွမ်းစားဆောင်နောက်ကို သယ်လိုက်တာ အချိန်အတော်လေးလည်း ကြာရော အုတ်ခဲပုံ တပုံလုံး ကျောင်းအနောက် ရောက်သွားပါလေရော။

အဲ့ဒီနောက် ဘုန်းကြီးလည်း ထမင်းဟင်းတွေကို ကောင်းကောင်း ပြင်ဆင်ပြီး ကျွေးလိုက်တယ်။ သူတောင်းစား ထမင်း စားပြီးတော့ ဘုန်းကြီးက ပိုက်ဆံ တချို့ ထုတ်ပေးတယ်။ သူတောင်းစားလည်း ပိုက်ဆံတွေ ရတော့ အရမ်း ဝမ်းသာသွားတယ်။ ဒါနဲ့ "ကျေးဇူးတင်လိုက်တာဘုရား၊ ကျေးဇူးတင်ပါတယ် အရှင်ဘုရား" နဲ့ ထိုင်ရှိခိုးရော။

ဘုန်းကြီးက "ဘုန်းဘုန်းကို ကျေးဇူးတင်စရာ မလိုပါဘူး ဒကာတော်။ ဘာကြောင့်လဲ ဆိုတော့ အဲ့ဒီ ပိုက်ဆံတွေဟာ ဒကာတော်ရဲ့ အားအင် အစွမ်းအစ ကနေ လာတဲ့ ပိုက်ဆံတွေပဲလေ" တဲ့။ သူတောင်းစားဟာ သူရဲ့ အစွမ်းအစ ကနေ ရတဲ့ငွေ အတွက် အရမ်း ကြည်နူး ပီတိ ဖြစ်မိတယ်လို့ ခံစားရတယ်။ "တပည့်တော် အမြဲ မှတ်သားထားပါ့မယ် ဘုရား" ဆိုပြီး ဘုန်းကြီးကို ကျေးဇူးတင်စွာနဲ့ ကန်တော့ပြီး ထွက်ခွာသွားခဲ့ ပါတော့တယ်။

နောက်ထပ် လေးငါးရက်လောက် ထပ်ကြာတော့ နောက်ထပ် သူတောင်းစား တယောက်က ကျောင်းကိုလာပြီး ဆွမ်းကျန် ထမင်းကျန် ထပ် လာတောင်းစားတယ်။ ဘုန်းကြီးလည်း သူတောင်းစားကို ဆွမ်းစားဆောင်နောက် ခေါ်သွားပြီး အုတ်ပုံကို လက်ညိုး ထိုးပြပြီး ဒီအုတ်ပုံ ကို ဆွမ်းစာဆောင် အရှေ့ အရင် ရွေ့ပေးပါဦး လို့ ပြောတယ်။

ဒါပေမဲ့ ခြေလက်အကောင်းနဲ့ အဲ့ဒီသူတောင်းစားဟာ ဘုန်းကြီး ခိုင်းတာ ကို စိတ်မဝင်စားပါဘူး။ "ဆွမ်းကျန်လေး တောင်းစားတာတောင် မကျွေးချင်ဘူး။ လူကိုများ ဟိုခိုင်းလိုက် ဒီခိုင်းလိုက်နဲ့" လို့ မကျေမနပ်နဲ့ ပြောပြီး ထွက်ခွာသွားတော့တယ်။ သံဃာတွေက အဲဒါကို မြင်တော့ ဘုန်းကြီးကို ဝိုင်းမေး ကြတယ်။

"အရင်တခေါက် တုန်းက အရှင်ဘုရားက ဟိုသူတောင်းစားကို ဒီအုတ်ပုံကြီး ဆွမ်းစားဆောင်နောက် ရွေ့ ခိုင်းတယ်။ ခုတခါကျ ဒီသူတောင်းစားကို ကျောင်းရှေ့ ပြန်ရွေ့ခိုင်းတယ်။ တကယ်တမ်းတော့ အရှင်ဘုရားက အုတ်ပုံကို ဘယ်နား ထားစေချင်တာလဲ ဘုရား"

ဘုန်းကြီးက သံဃာတော်တွေကို "အုတ်ပုံက ဆွမ်းစားဆောင် ရှေ့ မှာပဲ နေနေ နောက်မှာပဲ နေနေ မထူးခြားပါဘူး။ အတူတူ ပါပဲ။ ထူးခြားတာက အဲ့ဒီ သူတောင်းစားတွေ အတွက် ရွှေ့မယ် မရွှေ့ဘူး ဆိုတာ လေးပါပဲ" လို့ ပြန်မိန့်လိုက်တယ်။

အချိန်ကာလတွေ နှစ်ချီပြီး ကြာသွားခဲ့တယ်။ တနေ့မှာ အဝတ်အစား သန့်သန့်ပြန့်ပြန့်နဲ့ လူတယောက် ကျောင်းမှာ အလှူလာလုပ်တယ်။ အဲ့ဒီလူဟာ လက်တဖက်ပဲ ရှိတယ်။ တကယ်တမ်းတော့ အဲ့ဒီလူဟာ အရင်တုန်းက ဘုန်းကြီး အုတ်ပုံရွေ့ဖို့ ခိုင်းလိုက်တဲ့ လက်တဖက်ပြတ်နဲ့ သူတောင်းစားပါပဲ။

သူဟာ ဘုန်းကြီးနဲ့ ဆုံတွေ့ခွင့် ရခဲ့ပြီးတဲ့နောက် သူ့ကိုယ်တွင်းမှာ ရှိတဲ့ သူရဲ့ တန်ဖိုးကို သိရှိနားလည် သွားခဲ့ပြီး သူနဲ့ သင့်တော် လျောက်ပတ်တဲ့ အလုပ်အကိုင်တွေကို ကြိုးစားလုပ်ကိုင်ရင်း ကိုယ့်ကိုယ်ကို အခြေအနေ ကောင်းမွန် မြင့်တက်လာစေ နိုင်ခဲ့တာပါပဲ။

ကိုယ့်ကိုယ်ကို ယုံကြည်၊ ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်သိတတ်ပြီး ကိုယ့်အားကိုယ် ကိုးတတ်ခြင်းဟာ လူဖြစ်ခြင်းရဲ့ အရေးအကြီးဆုံး အခြေခံ အကြောင်းအရင်းပဲ ဖြစ်ပါတယ်။

Crd

phoomyatchal

Post a Comment

0 Comments