ယုန်ကလေးပေးတဲ့ သင်ခန်းစာ

တခါတုန်းက မိန်းမ အလွန်ကြောက်ရတဲ့ ယုန်ပစ်မုဆိုး တယောက် ရှိတယ်။ မုဆိုးရဲ့ မိန်းမက သူ့ယောကျ်ားကို မယုံဘူး။ ရလာတဲ့ ယုန်အရေအတွက်ကို တိတိ ကျကျ သိနိုင်ဖို့ မိုးလင်းပြီ ဆိုရင် ယုန်ပစ် ထွက်ဖို့ မြား ၁၀ စင်း၊ ထန်းလျက် ၁၀ လုံး၊ ယုန်ကောက်ဖို့ အမဲလိုက်ခွေး တကောင် ပြင်ပေးထားလေ့ ရှိတယ်။

ဆိုလိုတာက မုဆိုးက အရမ်း လက်ဖြောင့်တဲ့သူ ဖြစ်လို့ မြားတစင်း ဆိုရင် ယုန်တကောင် မှန်လိမ့်မယ်။ အမဲလိုက်ခွေးကို သွားကောက် ခိုင်းပြီး ဆုအဖြစ် ထန်းလျက် တလုံး ကျွေးရမယ်။ မြား ၁၀ စင်း၊ ထန်းလျက် ၁၀ လုံး ဆိုရင် ယုန် ၁၀ ကောင်ပေါ့။

ဒီလိုနဲ့ တနေ့မှာ ယုန်ပစ် ထွက်လာကြတယ်။ မြား ၉ စင်း၊ ယုန် ၉ ကောင် အထိ ကတော့ အဆင်ပြေနေတယ်။ နောက်ဆုံး ၁၀ စင်းမြောက် မြားကို ပစ်လိုက်တဲ့ အခါ ယုန်ကို မှန်သွားတာ တွေ့လိုက်တယ်။ အမဲလိုက်ခွေး ကလည်း ချက်ချင်း ယုန်နောက် လိုက်သွားတယ်။

ဒါပေမယ့် အကြာကြီးနေမှ ခွေးဟာ မောပန်းပြီး ယုန်မပါဘဲ ပြန်ရောက် လာတယ်။ မုဆိုးက စိတ်ကလည်းဆိုး၊ မိန်းမကိုလည်း ကြောက်ရတော့ ခွေးအသုံးမကျကြောင်း ပြန်ပြောပြနိုင်ဖို့ သက်သေ အဖြစ် ကျန်တဲ့ ထန်းလျက်ခဲ တလုံးကို ခွေးကို မကျွေးတော့ဘဲ ပြန်သိမ်းဖို့ လုပ်တယ်။

ခွေးကလည်း သခင့် အမူအရာကို ကြည့်ပြီး "မရက်စက်ပါနဲ့ သခင်ရယ်။ ကျုပ်လည်း အဲဒီ့ယုန်ရဲ့ နောက်ကို ပြေးနိုင်သလောက် ပြေးပြီး လိုက်ခဲ့တာပါပဲ။ စာနာပါ၊ ညှာတာပါ။ ကျုပ်အပြစ်လို့ တဘက်သတ်ကြီး မဆုံးဖြတ်ပါနဲ့" လို့ စိတ်ထဲကနေ စကားတွေ ပြောနေသတဲ့။

မြားချက်ထိပြီး ဒဏ်ရာရသွားတဲ့ ယုန်အကြောင်း ကိုလည်း ပြောရဦးမယ်။ ဒဏ်ရာရသွားတဲ့ ယုန်ကလေးလည်း မောကြီးပန်းကြီးနဲ့ မိသားစု သူငယ်ချင်းတွေဆီ ပြန်ရောက်သွားတယ်။

တခြား ယုန်ကလေးတွေ ကလည်း "မြားချက်က အရေပြားကို ရှပ်ထိသွားလို့ တော်သေးတာပေါ့၊ မသေကောင်း မပျောက်ကောင်းပဲ" စသဖြင့် ဝိုင်းဝန်းအားပေးပြီး ယုန်ကလေးကို အပြေးသန်တဲ့ ခွေးလက်က ဘယ်လို လွတ်လာတာလဲ လို့ မေးကြတယ်။

"ပြေးလာလို့ ရောက်လာတာပေါ့" လို့ ဒဏ်ရာရ ယုန်ကလေးက ပြန်ဖြေတယ်။ ကျန်တဲ့ယုန်တွေကလည်း ပြေးတိုင်း မရောက်တဲ့ အကြောင်း၊ ပြေးရင်းနဲ့ ခွေးပါးစပ် ရောက်သွားကြရတာက များကြောင်း ပြန်ငြင်းကြတယ်။ ယုန်ကလေးက သူငယ်ချင်းတွေကို ကြည့်ပြီး ပြောပြတယ်။

"ဒီလိုကွ။ ခွေးက လိုက်ပြေး ပြေးတယ်။ ငါက ထွက်ပြေး ပြေးတယ်။ ပြေးတာချင်းတော့ တူတယ်။ ပြေးပုံချင်း မတူဘူးကွ" ကျန်တဲ့ ယုန်တွေက နားမလည်ကြလို့ ယုန်ကလေးက ထပ်ရှင်းပြတယ်။

"ဒီလို သူငယ်ချင်းတို့ရ၊ ခွေးက ပြေးနိုင်သလောက် ပြေးခဲ့တယ်။ ငါက သူ့လို ပြေးနိုင်သလောက်ပဲ ပြေးခဲ့တာ မဟုတ်ဘူးကွ။ အသားကုန် ပြေးခဲ့တာ"

"ဟင်၊ ဘယ်လို"

"အေး၊ ဟုတ်တယ်။ ငါက အစွမ်းကုန် ပြေးခဲ့တာ။ ငါသာ ပြေးနိုင် သလောက်ပဲ ပြေးခဲ့ရင် ဒီချိန်ဆို တခြားယုန်တွေလို ရွာလယ်ဈေးမှာ အရောင်း ခံနေရလောက်ပြီကွ" နားထောင်နေကြတဲ့ ယုန်အားလုံးက ဒဏ်ရာရ ယုန်လေးရဲ့ ဒဿနကို ကြားရတဲ့အခါ အံ့သြသွား ကြတယ်။

ယုန်ကလေးက တလုံးချင်း ဆက်ပြောတယ်။ "ဟုတ်တယ်လေ ပြေးနိုင်သလောက်သာ ပြေးခဲ့တဲ့ ငါတို့ရဲ့ မြားချက်သင့် ယုန်တွေ အားလုံး သေဆုံးခဲ့ပြီးပြီ။ ငါကတော့ သူများလို အသေမခံနိုင်ဘူး။ ပြေးနိုင်သလောက်သာ ပြေးတဲ့ ခွေးနဲ့ အသားကုန်ပြေးတဲ့ ငါ။ အစွမ်းကုန် ပြေးခဲ့လို့ ငါ လွတ်မြောက်လာရတာ။

ဒါကြောင့် ခွေးနဲ့ငါ ပြေးပုံချင်း၊ ပြေးနည်းချင်း မတူဘူးလို့ ပြောတာ။ မင်းတို့လည်း တနေ့နေ့ တစ်ချိန်ချိန်မှာ အဲဒီမုဆိုးရဲ့ မြားချက် ထိလို့များ ပြေးနိုင်သလောက်သာ ပြေးကြမယ် ဆိုရင် သေဆုံးကြရဦး မှာပဲ။ လွတ်မြောက်ဖို့ အတွက်၊ ရှင်သန်ဖို့ အတွက်၊ အောင်မြင်ဖို့အတွက် အသားကုန် ပြေး၊ အစွမ်းကုန် ပြေး"

ဒီပုံပြင်ထဲမှာ ဒဏ်ရာရနေတဲ့ ယုန်လေးက အရှုံးတရား တို့ရဲ့ နိမိတ်ပုံပါ။ လူအများစုဟာ ဒဏ်ရာကို အကြောင်းပြု ပြီး ပြေးနိုင်သလောက် သာ ပြေးခဲ့ကြတယ်။ နောက်ဆုံး အမဲလိုက်ခွေးရဲ့ အစွယ်အောက်မှာ အသက်ဆုံးပါးခဲ့ကြ ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ပြေးနိုင်သလောက်ပဲ ပြေးမိနေတယ် ဆိုတာကို သတိမပြုမိကြပါဘူး။

တချို့များဆိုရင် စိတ်ဒဏ်ရာလေး နည်းနည်း ရလိုက်တာနဲ့ အိပ်ရာထဲတောင် ခွေခေါက် လဲသွားတတ် ကြတာပါ။ ဘဝမှာ ကြုံတွေ့ရတဲ့ ဒုက္ခတွေ ဆိုတာ မြားချက်တွေပါ။ တနေ့နေ့ တချိန်ချိန် တနေရာရာမှာ အဲဒီ့မြားချက်တွေရဲ့ ပစ်ခွင်းမှု ဒဏ်ကို လူတိုင်း ခံကြရ စမြဲပါ။ အောင်မြင်မှုကို ပိုင်ဆိုင်ချင်ရင် ရလာတဲ့ ဒဏ်ရာကို ယိုးမယ် မဖွဲ့သင့်ပါဘူး။

ဒဏ်ရာနဲ့ အခက်အခဲ ဆိုတာ အောင်မြင်မှု အတွက် အခွင့်အရေးတွေပဲ ဖြစ်ပါတယ်။ ဘဝမှာ ဒဏ်ရာတွေ ဘယ်လောက်ပဲ ရထားပါစေ မျှော်လင့်ချက်ကို မစွန့်လွှတ်သရွေ့ အောင်မြင်မှုကို ပိုင်ဆိုင်နိုင်ခွင့် ရှိနေဆဲပါ။

ပုံပြင်မှာ ဒဏ်ရာရ ယုန်သူငယ်ဟာ အသက်ရှင်သန်ခွင့် ဆိုတဲ့ မျှော်လင့်ချက်ကို မစွန့်လွှတ်ဘဲ မိမိ လုပ်နိုင်တာကို လုပ်နိုင် သလောက်တင် မဟုတ်ဘဲ အစွမ်းကုန် လုပ်ခဲ့တဲ့ အတွက် အသက်ရှင်သန်မှု ဆိုတဲ့ အောင်မြင်ခြင်းကို ရနိုင်ခဲ့တာပါ။

အခက်အခဲဆိုတာ အသိဉာဏ် ကြီးသူတွေ အဖို့ ယာယီ အတားအဆီးသာ ဖြစ်ပါတယ်။ ရှင်သန်ခြင်း ဆိုတာ မျှော်လင့်ခြင်းရဲ့ နောက်ထပ် အဓိပ္ပါယ် တခု ဖြစ်ပါတယ်။ အောင်မြင်ခြင်း ဆိုတာလည်း အစွမ်းကုန် ကြိုးစားခြင်းရဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။

လူတွေရဲ့ ဘဝမှာ ကြုံတွေ့လာရတဲ့ အခက်အခဲတွေ ဆိုတာ မုဆိုးနဲ့ တူတယ်။ မြားချက်နဲ့ တူတယ်။ အမဲလိုက်ခွေးနဲ့ တူတယ်။ အောင်မြင်မှုနဲ့ လွဲချော်နေသေးလို့ စိတ်ဓာတ် ကျနေသူတွေက မြားမှန်တဲ့ ယုန်ကလေးတွေ နဲ့ တူတယ်။ သူတို့နောက် မှာလည်း လောကဓံ ဆိုတဲ့ အမဲလိုက်ခွေးက အပြီး ကိုက်ဝါးမျိုပစ်ဖို့ တကောက်ကောက်လိုက်လို့။

မိမိတို့က အစွမ်းကုန် မဟုတ်ဘဲ ပြေးနိုင်သလောက်ပဲ ပြေးရင်တော့ ဟင်းတခွက်ပဲ ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် ရှင်သန်ခြင်းများကို ပိုင်ဆိုင်နိုင်ဖို့ အောင်မြင်ခြင်းများကို ရယူနိုင်ဖို့ မျှော်မှန်းခဲ့တဲ့ ပန်းတိုင်ကို ရောက်ရှိနိုင်ဖို့ ပြေး ပြေး၊ အစွမ်းကုန် ပြေးပါ။

Crd ကိုကြယ်စင်

Post a Comment

0 Comments