ဖန်တန်တန်မိဖုရား

တခါတုန်းက အမတ်ကြီးတပါးဟာ နန်းတော်ထဲ အခစား ဝင်လာပါတယ်။ အမတ်ကြီးဟာ ရှင်ဘုရင်နဲ့ အလွန်တရာ ရင်းနှီးသူ ဖြစ်တာကြောင့် အတွင်းဆောင်ထဲကို ရှင်ဘုရင်နဲ့ တွေ့ဖို့ ဝင်လာခဲ့တယ်။ ရှင်ဘုရင်နဲ့ မတွေ့ပဲ ရှင်ဘုရင်ရဲ့ မိဖုရား စက်တော်ခေါ် နေတာ တွေ့လိုက်ရတယ် ။ ပြီးတော့ မိဖုရားရဲ့ လုံချည်က လျှော့တော့တော့နဲ့ ဆိုတော့ တပ်မက်ဖွယ် အာရုံကို မြင်တွေ့သွားတယ်။

အမတ်ကြီးလည်း ဆက်နေလို့ မသင့်တော်တာနဲ့ ပြန်ထွက်သွားခဲ့တယ် ။ ထိုအချိန်မှာ မိဖုရားကြီး ကလည်း ခြေသံကြားလို့ လန့်နိုးလာပြီး တံခါးပေါက်ကို လှမ်းကြည့်လိုက်တော့ အမတ်ကြီးရဲ့ ကျောပြင်ကို တွေ့လိုက်ရတယ်။ အဝတ်အစားကို ပြန်ပြင်ဝတ်ရင်း စိတ်ထဲမလုံ မလဲ ဖြစ်ရင်း မိဖုရားကြီး ကျန်နေခဲ့တယ် ။

နောက်နေ့တွေမှာ အမတ်ကြီး နန်းတော် မဝင်တော့ဘူး ။ အမတ်ကြီး နေမကောင်းလို့ အခစား မဝင်နိုင်ကြောင်း ရှင်ဘုရင်ကို လျှောက်တင်ထားကြောင်းလည်း သတင်းစကား ကြားလိုက်ရတော့ မိဖုရားကြီးက စဉ်းစားတယ်။ ဟိုတနေ့က ကိစ္စနဲ့ ပက်သက် နေသလားပေါ့။ အမတ်ကြီးက ပညာတော်တယ် အတွေ့အကြုံများ တယ် ။ တိုင်းပြည်အတွက် အားကိုးရလို့ ဘုရင်ကြီးကလည်း အားထားနေ ရတယ်။

အမတ်ကြီးမှာလည်း ဟိုတနေ့က မြင်ခဲ့ရတဲ့ မိဖုရားရဲ့ နေရောင် မခတဲ့ လျှို့ဝှက်သော အလှကို မျက်စိထဲက မထွက်တော့ဘူး။ ခက်တာက ရှင်ဘုရင်ရဲ့ မိဖုရား ရှင်ဘုရင်ကိုသတ် ပလ္လင်ပေါ် တက်နိုင်မှ အလိုဆန္ဒ ပြည့်ဝရမယ့် အဖြစ် ။ ရင်ထဲဖြစ်တဲ့ ဝေဒနာကို ကျိတ်ခံစားရင်း စားလို့လည်းမရ အိပ်လို့လည်းမရ ကြံမရ စည်မရ ဖြစ်နေတုန်း နန်းတွင်းအစေခံ တယောက်က " မိဖုရား အလှဒေဝီက အမတ်ကြီးကို အခစားဝင်စေ " အမိန့်တော် ချွေလိုက်သတဲ့။

အိုး ရင်တွေ တလှပ်လှပ် ဘဝင်မှာ လေဟပ်သလို မြင်ချင်စိတ်နဲ့ သိချင်စိတ်က မစားနိုင် မသောက်နိုင်နဲ့ အိပ်ယာထဲ လဲနေတဲ့ အမတ်ကြီးဟာ ဆေးကောင်း စားလိုက်သလို ငေါက်ကနဲထ နန်းတော်ကို ကြွပီပေါ့။ နန်းတော်လည်း ရောက်ရော မိဖုရားကြီးက အပြုံးလေးနဲ့ ကြိုဆိုရင်း အမတ်ကြီး နေမကောင်းဘူးဆိုလို့ မေးလိုက်တော့ ။

" မှန်လှပါဘုရား အိပ်လို့လည်းမပျော် စားလို့လည်းမရ ရင်ထဲမှာ တမ်းတနေတာက ဘာလိုလို ညာလိုလိုနဲ့ ဘာကိုမှ အလိုမကျ ဖြစ်နေရပါတယ် ဘုရား " လို့ လူကြီးကြူနည်းနဲ့ စကားလမ်းခင်း ကြူသံလေးနဲ့ လျှောက်တင် တာပေါ့လေ။

မိဖုရားကြီးကလည်း " သြော် အမတ်ကြီးရယ် ကျွန်မကလည်း ဒါကို သိလို့ အမတ်ကြီးအတွက် ဆေးကောင်း ၃ ခွက် ဖော်စပ် ပေးထား ပါတယ် " လို့ အပြုံးလေးနဲ့ ပြောလိုက်ရင်း ရှေ့မှာတင်ထားတဲ့ ဆေးခွက်ကို လက်ကမ်းပေးလိုက်တော့ အမတ်ကြီးက ဘာပြောကောင်းမလဲ တကျိုက်တည်း မော့ချပြစ်လိုက်တယ် ။ ဘာမှ မေးမနေတော့ဘူး ၊ ချစ်သူတိုက်တဲ့ ဆေးလေ ၊ ကောင်းမှကောင်းပေါ့ ။

မိဖုရားက နောက်တခွက် ကမ်းပေးလိုက် ပြန်တယ် ။ အမတ်ကြီးကလည်း မော့ချပြစ်လိုက် တာပဲ ။ ဒီတခွက်ကျတော့ ဆေးအရသာကို နည်းနည်း ခံစားမိသွားတယ် ။ ဒုတိယခွက် ကုန်သွားတော့ မိဖုရားက တတိယမြောက် ဆေးခွက်ကို ကမ်းပေးပြန်တယ် ။ အမတ်ကြီးက နည်းနည်း တွန့်လာပြီ ။ ဆေးခွက်ကို သေချာ ကြည့်နေတယ် ။

" မိဖုရားက သောက်လိုက်ပါ အမတ်ကြီးရယ် ။ အားရှိသွားပြီး ရောဂါ ပျောက်တာပေါ့ " လို့ ချိုချိုလေး ပြောလိုက်တော့ မော့ချ လိုက်ပြန်တယ် ။ ဒီတခါတော့ အမတ်ကြီးက မိဖုရားကို သေချာ ပြန်ကြည့်တယ် ။ နောက်ပြီးတော့ စဉ်းစားတယ် ဘာလဲပေါ့ ။ မိဖုရားကလည်း ဒါကို ရိပ်မိတော့

" အမတ်ကြီး ပထမ ခွက်က ဘာခွက်လဲ " လို့ မေးလိုက်တော့ " ကြေးခွက်ပါ ဘုရား " တဲ့ ။ " ဘာအရသာရှိလဲ " ဆိုတော့ " ဖန်တန်တန်နဲ့ပါ ဘုရား " တဲ့ ။

" ဒုတိယခွက်က ဘာခွက်လဲ အမတ်ကြီး " ဆိုတော့ " ငွေခွက်ပါ ဘုရား " တဲ့ ။ " ဘာအရသာ ရှိပါသလဲ " ဆိုတော့ " ဖန်တန်တန်ပါပဲ ဘုရား " တဲ့ ။

" တတိယခွက် ကရော ဘာခွက်လဲ အမတ်ကြီး " ဆိုတော့ " ရွှေခွက်ပါ ဘုရား " တဲ့ ။ " ဘာအရသာများ ရှိသလဲ " ဆိုတော့ " ဖန်တန်တန်ပါပဲ ဘုရား " တဲ့ ။

အမတ်ကြီးက မိဖုရားရဲ့ အမေးကို ဖြေနေရင်းနဲ့ စဉ်းစားမိလာတယ် ။ သြော် အပေါ်ယံ ခွက်ကသာ ပြောင်းပေမယ့် အထဲက အရသာက မပြောင်းဘူး ဆိုတာ မိဖုရားက ပြောချင်နေတာပဲ ။ ဘာကြောင့် ပြောချင်နေတာလဲလို့ ထပ်စဉ်းစားတော့ မိဖုရားကို စွဲလမ်း နှစ်သက်မိတဲ့ အတွက်ကြောင့်ပဲ ။

မိဖုရားအဆောင် အယောင်တွေနဲ့ ဆိုတော့ ရွှေခွက်နဲ့ တူတယ်။ အိမ်က မိန်းမက ငွေခွက်နဲ့ တူတယ် အရသာကတော့ ဖန်တန်တန်ကြီး ပါပဲပေါ့ ။ ဒါကို မိဖုရားက ပြောချင်တာပဲ ဆိုပြီး သဘောပေါက်သွားတယ်။

" မှန်လှပါ သဘောပေါက်ပါပြီ မိဖုရားကြီး ၊ မိဖုရားကြီးက ပညာရှိပါ ပေတယ် " လို့ ချီးမွမ်းလိုက်တယ် ။ မိဖုရားကြီးကလည်း " အမတ်ကြီးကလည်း ပညာရှိပါပေတယ် " လို့ ပြန်ပြောလိုက်တယ်။ ဒီတော့မှ အမတ်ကြီးလည်း စိတ်ရောဂါတွေ ပျောက်ပြီး ပုံမှန်အတိုင်းပဲ စားနိုင် အိပ်နိုင် အလုပ် လုပ်နိုင်သွားပါတော့တယ်။

ဒီလိုနားလည်မယ် ဆိုရင်တော့ အိမ်ထောင်ဖက်အပေါ် သစ္စာဖေါက်စရာ မလိုတော့ဘူးပေါ့ ။ အားလုံးက ဖန်တန်တန်ပဲလေ ။

crd

Post a Comment

0 Comments