အိုးပေါက်လေး

တခါတုန်းက အမျိုးသမီး တယောက်ဆီမှာ အိုးလေး ၂ လုံး ရှိတယ်။ ပထမအိုးလေး ကတော့ အကောင်းတိုင်းလေးပဲ ဖြစ်ပြီး ဒုတိယအိုးလေးကတော့ အပေါက် ပါတဲ့ အိုးလေးပဲ ဖြစ်ပါတယ်။

အမျိုးသမီးဟာ အိမ်အတွက် သုံးတဲ့ရေကို စမ်ချောင်းလေးကနေ အမြဲ သွားခပ်ရလေ့ ရှိပါတယ်။ ရေခပ်တဲ့ အခါမှာ အိုး၂ လုံးကို ထမ်းပိုးနဲ့ ထမ်းပြီး သယ်လေ့ ရှိတယ်။

အမျိုးသမီးဟာ အိုး၂ လုံးကို ရေအပြည့်ထည့် သယ်လေ့ ရှိပေမယ့် အိမ်ကို ရောက်တဲ့အခါ အိုးပေါက်လေးဟာ ရေအပြည့် ပါလေ့ မရှိပါဘူး။ ကြာလာတော့လည်း အိုးပေါက်လေးဟာ အိုးကောင်းလေးနဲ့ ယှဉ်ပြီး အမြဲ အားငယ်လေ့ ရှိပါတယ်။

သူအမြဲ ညည်းညူလေ့ ရှိတာက "ငါ့သခင်မ အတွက် ငါ တာဝန် မကျေခဲ့ဘူး၊ ရေကို အမြဲ အပြည့်အဝ မသယ်ပေးနိုင်ခဲ့ဘူး" ဆိုပြီး သူ့ကိုသူ အမြဲ စိတ်ဓာတ်ကျ အားငယ်လေ့ ရှိတယ်။ သူ့ သူငယ်ချင်းဖြစ်တဲ့ အိုးကောင်းလေးကိုလည်း အဲဒီလိုမျိုး ညည်းညူပြလေ့ ရှိပါတယ်။

တရက်မှာတော့ အမျိုးသမီးဟာ စမ်းချောင်းကနေ အိုး၂ လုံးနဲ့ ရေခပ်ပြီး ပြန်လာပါတယ်။ အဲ့ဒီအချိန်မှာ အိုးကောင်းလေးဟာ အိုးပေါက်လေးကို "သူငယ်ချင်းရေ၊ အခု လာတဲ့လမ်းက ပန်းပင်တွေ ဝေဝေဆာဆာ ပွင့်နေတာကို မင်းမြင်ရဲ့လား" လို့ မေးလိုက်ပါတယ်။

အိုးပေါက်လေးက "အင်း တွေ့တယ် သူငယ်ချင်းရေ၊ ပန်းလေးတွေက တောပန်းလေးတွေ ဖြစ်ပေမယ့် ဝေဝေဆာဆာ ပွင့်နေတာ လှလိုက်တာ" လို့ ပြန်ဖြေပါတယ်။

အိုးကောင်းလေးက "ဟုတ်တယ်၊ အဲ့ဒါ မင်း ရေလောင်းပေးခဲ့တဲ့ အပင်လေးတွေပေါ့။ မင်းကို သခင်မက အမြဲတမ်း ပန်းပင်လေးတွေ ဘက်ကနေ သယ်နေတာ အကြောင်း ရှိတယ်။

မင်းအိုးရဲ့ ပေါက်နေတဲ့ နေရာက ထွက်ကျတဲ့ ရေတွေဟာ ပန်းပင်လေးတွေ အတွက် ရေဖြန်းပြီးသား ဖြစ်စေတာမို့ ပန်းပင်လေးတွေ ဝေဆာလှပစွာ ပွင့်လန်းလာ ရတာပေါ့။ မင်းကြောင့် ပန်းလေးတွေ ပွင့်လန်း လာခဲ့ရပြီး လှပတဲ့ ပန်းခင်းလေး ဖြစ်လာတာပေါ့"

အိုးကောင်းလေးရဲ့ စကားကို ကြားမှ အိုးပေါက်လေးက သူတန်ဖိုးကို သူ နားလည်သွား ရတော့တာပေါ့။

ကိုယ့်ရဲ့ အားနည်းချက်ကို ချည်းပဲ အားရုံစိုက်ခြင်းက ကိုယ့်ကိုယ်ကို စိတ်ဆင်းရဲစေပါတယ်။ ကိုယ့်ရဲ့ အားနည်းချက်ကနေ အားသာချက် ဖြစ်လာနိုင်သလို အဆိုးထဲက အကောင်း ရှာတွေ့နိုင်ပါတယ် လို့ ဒီပုံပြင်လေးက ပြောပြနေတာပဲ ဖြစ်ပါတယ်။

ပြီးပြည့်စုံတယ် ဆိုတာ လောကကြီးမှာ မရှိပါဘူး။ လူတိုင်းမှာ အားသာချက် အားနည်းချက်ဆိုတာ ရှိပါတယ်။ လူတိုင်းလူတိုင်း သူ့နေရာနဲ့သူ တန်ဖိုး ရှိကြပါတယ်။

crd

Post a Comment

0 Comments