အပ်ပျောက်လျှင် ဆင်နှင့် ရှာပါ

ဒီစကားလေးကို ငယ်စဉ်ထဲက ကြားဖူးနားဝ ရှိခဲ့တာ ကြာပါပြီ။ သို့သော် အဲဒီစကားကို အရင်တုန်း ကတော့ သာမန် အပေါ်ယံ အတွေးလေးနဲ့ တွေးမိခဲ့ ဖူးပါတယ်။ အပ်ကလေး တချောင်း ပျောက်တာများ ဆင်စီးပြီး ရှာစရာလား ဆိုတဲ့ အတွေးထက် ပိုပြီး နက်နက်နဲနဲ မတွေးမိ မစဉ်းစားမိခဲ့ဘူး။

နောက် တဖြည်းဖြည်းနဲ့ စာပေ ဗဟုသုတတွေ ဖတ်မှတ် လေ့လာရင်း အမြင်မှန် ရသွားခဲ့ပါတယ်။ အပ်ပျောက်ရင် ဆင်နဲ့ရှာ ဆိုတဲ့ ဝေါဟာရ စကားလေးဟာ အင်မတန်မှ လေးနက်ပြီး အဓိပ္ပါယ် ပြည့်ဝတဲ့ ပညာရှိ သူတော်ကောင်းတို့ရဲ့ စကားဆိုတာ ရှင်းလင်း သွားခဲ့ပါတယ်။

တကယ်တော့ အပ်ဆိုတာ လူတွေရဲ့ အသုံးအဆောင် တခု ဖြစ်တဲ့ အဝတ်ချုပ်တဲ့ အပ်ကို ဆိုလိုတာ မဟုတ်ပါဘူး။

ပညာရှိတွေ ပြောတဲ့ အပ် ကတော့ လူတယောက်အတွက် နေ့စဉ် ကြုံတွေ့ ကြရတဲ့ လူမှုကိစ္စတွေ များစွာ ထဲက မိမိမှာ ပြောစရာကိစ္စ ရှိလာတဲ့အခါ ပြောအပ် မပြောအပ်၊ သွားစရာ ကိစ္စ ကြုံလာတဲ့ အခါမှာ သွားအပ် မသွားအပ်၊ နေစရာ ကိစ္စများနဲ့ ကြုံတဲ့အခါ နေအပ် မနေအပ်၊ မိမိတို့ လိုအင်ဆန္ဒရဲ့ ပါတ်သက်တဲ့ အခါ လိုအပ် မလိုအပ် အစရှိတဲ့ လူမှုဝန်းကျင်မှာ နေ့စဉ် ထိတွေ့ ကြုံတွေ့ နေရတဲ့ အပ်ပေါင်း များစွာ တွေပါ။

တခါတရံ မိမိတို့မှာ လုပ်အပ် မလုပ်အပ်၊ သွားအပ် မသွားအပ် စသည်တွေကို ဆုံးဖြတ်ရ ခက်ခဲနေတတ် ပါတယ်။ အဲဒီလို အခက်အခဲ ကြုံလာရင် တနည်းအားဖြင့် အပ် ပျောက်နေရင် ခုနက ပြောတဲ့ ဆင်ဆိုတဲ့ အရာနဲ့ ရှာရပါမယ်တဲ့။ ဆင်ဆိုတာကလည်း ဆင်ကောင်ကြီးကို ဆိုလိုတာမဟုတ်ပါဘူး။ နည်းမှန် လမ်းမှန် သင့်တင့် လျှောက်ပတ်တဲ့ တွေးတောမှုလို့ ခေါ်ရမယ့် ဆင်ခြင်တုံတရားကို ဆိုလိုတာပါ။

အပ် ပျောက်နေရင် တနည်းအားဖြင့် မိမိမှာ လုပ်အပ် မလုပ်အပ်နဲ့ ပြောအပ် မပြောအပ် စသည် ဝေခွဲရ ခက်နေရင် ဆင်ခြင်တုံ တရားလေးနဲ့ စဉ်းစား ဆုံးဖြတ်ပါ။ ဆင်ခြင်တုံတရားကို ဖြစ်ပေါ်စေဖို့ ပံ့ပိုးပေးတဲ့ အဓိက အကြောင်းတရား ကတော့ သတိနဲ့ ဉာဏ်ပညာပါ။

အဲဒီတရား ၂ ပါး ကသာ မိမိတို့ရဲ့ ပျောက်နေတဲ့ အပ်ကို ရှာဖွေပေးနိုင်မှာပါ။ ဒါကြောင့်မို့ ပျောက်နေတဲ့ အပ်ကို ရှာဖွေဖို့ မိမိတို့မှာ ဆင် ရှိဖို့ လိုပါတယ်။ နည်းမှန် လမ်းမှန် သမာ သမတ်ကျကျ စဉ်းစား တွေးခေါ် ချင့်ချိန်သုံးသပ်နိုင်မှု (အခံ) ရှိရပါမယ်။

အဲဒီ နည်းမှန်လမ်းမှန် တွေးခေါ် သုံးသပ်နိုင်စွမ်း ဆိုတဲ့ အခံကို ရရှိဖို့ရာမှာ မိမိတို့ အနေနဲ့ (ကလျာဏ) မိတ်ဆွေ သူတော်ကောင်း မိတ်ဆွေ ရှိရပါမယ်။ ပညာရှိ သူတော်ကောင်း ဆရာများ ထံမှာ ကောင်းမြတ်တဲ့ လေ့လာ သင်ယူမှုတွေ ပြုလုပ်ရပါမယ်။

အဲဒီလို လေ့လာသင်ယူ နိုင်အောင်လည်း နည်းမှန် လမ်းမှန်တွေကို လက်ဆင့်ကမ်း ပြောပြ ဟောပြ နိုင်တဲ့ သူတော်ကောင်း ပညာရှိတွေကို ပေါင်းဖော် ဆည်းကပ်ရပါမယ်။ ပညာရှိ သူတော်ကောင်းတွေနဲ့ အဆွေခင်ပွန်း ဖြစ်ရတာဟာ မိမိတို့အတွက် လက်ရှိဘဝ မှာရော တမလွန် ဘဝတွေ အထိပါ ကောင်းကျိုး ချမ်းသာကို ဖြစ်စေပါတယ်။

ဒါကြောင့် မြတ်စွာဘုရားရှင်က အဆွေခင်ပွန်းကောင်း ရှိသူဟာ မြင့်မြတ်တဲ့ စရိုက်လက္ခဏာ၊ မြင့်မြတ်တဲ့ အကျင့်သီလတွေ ဖြစ်ထွန်းစေရန်အတွက် ပြီးပြည့်စုံ စေတယ် လို့ သဂါထာဝဂ္ဂသံယုတ်ပါဠိကလျာဏမိတ္တ သုတ်မှာ ဟောကြားတော် မူခဲ့ပါတယ်။

ထို့ကြောင့် ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်း တို့မှာလည်း ကောင်းမွန်သော ကလျာဏမိတ္တတို့ဖြင့် ပေါင်းမှီဝဲပြီး တခါတရံ ပျောက်နေတတ်တဲ့ မိမိတို့ အပ်ကို ဆင်စီးပြီး ရှာဖွေ တွေ့ရှိနိုင် ကြပါစေ လို့ တောင်းဆုပတ္ထနာ အခါခါ ပြုလိုက်ပါတယ်။

Crd

Post a Comment

0 Comments