သင့်ကလေး ဖုန်းကို အလွန်အကျွံအသုံးမပြုအောင် ကန့်သတ်ပေးနိုင်မယ့် နည်းလမ်း (၇) ခု

တချို့မိဘတွေက ကလေးတွေကို ငြိမ်အောင်လို့ ဖုန်းတွေ၊ tablet တွေ ပေးထားတတ်ကြပါတယ်။ အဲဒီအခါ ကလေးက ဖုန်းကို အလွန်အကျွံ သုံးမိသွားတတ်ပါတယ်။ တကယ်တော့ ကလေးတွေမှာ ဖုန်းကို အလွန်အကျွံ သုံးတဲ့အကျင့်က မကောင်းပါဘူး။ အဲဒါကြောင့် သင့်ကလေးကို ဖုန်းသုံးချိန်ကို ဘယ်လိုကန့်သတ်ပေးနိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ အသက်အရွယ်

အသက် ၁၈ လနဲ့အောက် ကလေးတွေကိုတော့ လုံးဝကို ဖုန်းမသုံးခိုင်းသင့်ပါဘူး။ အသက် ၁၈ လကနေ ၂၄ လရောက်တဲ့အခါ နည်းပညာတွေနဲ့ ရင်းနှီးစေချင်ရင် နည်းနည်းပါးပါးလောက် သုံးခွင့်ပြုလို့ရပါပြီ။ အသက် ၂ နှစ်ကနေ ၅ နှစ်အထိဆိုရင် တစ်နေ့ကို တစ်နာရီ၊ အသက် ၆ နှစ်ကနေ ၁၂ နှစ်အထိ ဆိုရင် အချိန်အကန့်အသတ်နဲ့ သုံးခွင့်ပြုလို့ ရနေပါပြီ။ ဒါပေမယ့် အဲဒီအချိန်တွေကလည်း ကလေးတွေရဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေ၊ ကျန်းမာရေးတွေ၊ စာလေ့လာတာတွေ၊ ဝါသနာတွေကို မထိခိုက်သွားစေဖို့ အရေးကြီးပါတယ်။

၂။ ကောင်းကျိုးဆိုးကျိုး

သင့်ကလေးကို ဖုန်းအသုံးပြုခြင်းရဲ့ ကောင်းကျိူးဆိုးကျိုးတွေကို ပြောပြထားဖို့ အရေးကြီးပါတယ်။ ဖုန်းကို သေသေချာချာ သုံးတတ်ရင် အကျိုးရှိနိုင်သလို နည်းပညာရဲ့ ဆိုးကျိူးတွေကိုလည်း ပြောပြထားသင့်ပါတယ်။

၃။ စံပြဖြစ်စေဖို့

ကလေးတွေက မိဘတွေကို လိုက်ကြည့်ပြီး အမြဲအတုယူပါတယ်။ အဲဒါကြောင့် သင်ကိုယ်တိုင် ဖုန်းကို အချိန် အကန့်အသတ်နဲ့နဲ့ သုံးရင် ကလေးကလည်း သင့်ကို အတုယူပြီး အချိန်အကန့်အသတ်နဲ့ပဲ သုံးတော့မှာပါ။

၄။ အတူတကွ အသုံးပြုခြင်း

တစ်ခါတရံမှာ သင်က ကလေးတွေနဲ့အတူ ဖုန်းကို အသုံးပြုပေးရင် ပိုပြီးပျော်စရာ ကောင်းသလို ရင်းနှီးမှုလည်း ပိုရမှာပါ။ ပြီးတော့ ကလေးတွေရဲ့ ဖုန်းသုံးတဲ့အချိန်တွေကိုလည်း ထိန်းချုပ်နိုင်သွားမှာပါ။

၅။ ကလေးတွေရဲ့ဖုန်းကို အိပ်ခန်းအပြင်ဘက်မှာပဲ ထားဖို့ပြောပါ။

ကလေးတွေကို ညဘက်မှာ ဖုန်းကို အိပ်ခန်းထဲထိ ယူသွားခွင့် မပြုသင့်ပါဘူး။ ကလေးတွေက ညဘက်မှာ မအိပ်ဘဲ ဖုန်းကို အချိန်ပြည့် သုံးနေနိုင်ပါတယ်။

၆။ Parental control

Parental control ကို သုံးရင် ကလေးတွေအတွက် မသင့်တော်တဲ့ အရာတွေကို တားမြစ်ပေးနိုင်သလို ကလေးရဲ့ ဖုန်းအသုံးပြုချိန်တွေကိုလည်း ကန့်သတ်ပေးနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ အချိန်ရောက်ရင် ဖုန်းကို ပိတ်ပေးတဲ့အထိ parental control က ပြုလုပ်ပေးနိုင်ပါတယ်။

၇။ အခြားပျော်စရာများ ဖန်တီးဖို့ အချိန်ပေးပါ။

ဖုန်းမပါဘဲ ကစားနိုင်တဲ့ game တွေ၊ လှုပ်ရှားမှုတွေနဲ့လည်း သင့်ကလေးကို အချိန်ကုန်ဆုံးစေသင့်ပါတယ်။ စာဖတ်တာ၊ စစ်တုရင်ကစားတာ၊ ဘောလုံးကန်တာ စသဖြင့် ကစားနည်းတွေက ကလေးရဲ့ ကိုယ်ရောစိတ်ပါ ကျန်းမာစေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments