ကြိုးကြာငှက်နှင့် မြွေ

တခါတုန်းက တောကြီးတခုထဲတွင် ညောင်ပင်ကြီးတပင် ရှိသည်။ ထိုအပင်ထိပ်တွင် ကြိုးကြာငှက်များသည် သူတို့ နေထိုင်ရန် အသိုက်များကို ဆောက်လုပ်ထားကြသည်။ အပင်၏ ခြေရင်းရှိ တွင်းတတွင်းတွင် မြွေမည်းတကောင် နေထိုင်သည်။

ထိုမြွေမည်းသည် နှစ်တိုင်းနှစ်တိုင်း ဥမှ ပေါက်ဖွားလာသော အရွယ် မရောက်သေးသည့် ကြိုးကြာ ငှက်ပေါက်လေး များကို စားပစ်လေ့ ရှိသည်။ ထို့ကြောင့် ကြိုးကြာငှက်များ သည် အလွန်ပင် စိတ်ဆင်းရဲ ဖြစ်ကြရလေသည်။ သူတို့ ဘာလုပ်ရမှန်း မသိကြပေ။

တနေ့တွင် သားငယ် သမီးငယ်များ ဆုံးရှုံးသည့် ကြိုး ကြာငှက်မကြီးသည် အနီးအပါးရှိ ကန်ရေပြင်နံဘေးတွင် ရပ်နေပြီး ဝမ်းနည်းကြေကွဲစွာ ငိုကြွေးနေရှာသည်။ ထိုအခါ ရေကန်ထဲတွင် နေသည့် ဂဏန်းက ကြိုးကြာငှက်ကြီးကို မြင်ပြီး အော်မေးလိုက်တယ်။ "အရှင်ကြိုးကြာ၊ ဒီနေ့ ဘာလို့ ဒီလောက် ဝမ်းနည်းငိုကြွေးပြီး မပျော်မရွှင် ဖြစ်နေရာတာလဲ"

ထိုအခါ ကြိုးကြာငှက်မကြီးက "မိတ်ဆွေ၊ ငါ ဘာလုပ်ရမလဲ၊ သစ်ပင်ခြေရင်းက တွင်းမှာ နေတဲ့ မြွေဟာ ငါ့ကလေးတွေကို စားပစ်လိုက်တယ်။ ဒါကြောင့် ငါ ဒီမှာ ပူဆွေး ငိုကြွေးနေတာပါ။ ငါ့ကို ကူညီပါ မိတ်ဆွေ" ဟု ပြန်ပြောလိုက်တယ်။

"ဟုတ်ကဲ့၊ ကျွန်တော် ကူညီနိုင်မယ်ထင်ပါတယ်" လို့ ဂဏန်းက ပြန်ပြောလိုက် ပါတယ်။ ဂဏန်းက ဆက်ပြောတယ်။ "ကျွန်တော်တို့ ဒီကောက်ကျစ်တဲ့ မြွေကို ဖမ်းပြီး သတ်ပစ်ရမယ်။

ကြိုးကြာငှက်မကြီးက "ဒါပေမယ့် ငါတို့ ဒီမြွေကို ဘယ်လို ဖမ်းမလဲ။ သူက အင်မတန် စဉ်းလဲတယ်။ သူ့ကို ဖမ်းဖို့ ခက်လိမ့်မယ်။ သူ အမြဲ လွတ်သွားမှာပဲ။ သူ့ရဲ့ တွင်းထဲမှာ သူပုန်းနေတယ်" ဟု ငှက်မကြီးက ပြောလျှင် "ကောင်းပြီလေ၊ သူ့ကို ကိုယ်တိုင် မသတ်နိုင်ရင် သတ်နိုင်တဲ့ တခြားတယောက်ကို ရှာရမယ်" လို့ ကဏန်းက ပြောတယ်။ "ဟုတ်တယ်၊ ဟုတ်တယ်၊ ဒါပေမယ့် ငါတို့ ဘယ်လို လုပ်မလဲ။

"နားထောင်ပါ၊ ကျွန်တော် ပြောပြမယ်။ ဒီနေရာနဲ့ သိပ်မဝေးတဲ့ နေရာမှာ မြွေပါ တကောင်နေတယ်။ သူ့တွင်းက ဟိုမှာ။ အဲဒီ သစ်ပင်ကြီးနဲ့ နီးတယ်။ မြွေ ဆိုတာ မြွေပါ အားလုံးရဲ့ ရန်သူပဲ။ သူဟာ မြွေကို မြင်တိုင်း သတ်ဖို့ အမြဲ ကြိုးစားတာပဲ။ ကျွန်တော်တို့ မြွေပါက ရန်သူမြွေကို သတ်အောင် လုပ်ရမယ်။

မြွေပါ ဆိုတာ ခင်ဗျား သိတဲ့အတိုင်းပဲ ငါးကြိုက်တယ်လေ။ ဒါပေမယ့် သူက ငါးဖမ်းဖို့ ရေထဲကို မဆင်းနိုင်ဘူး။ ခင်ဗျားက သူ့အတွက် ငါးဖမ်းပေး နိုင်တယ်။ ငါး လေးငါးကောင် ဖမ်းပြီး မြွေပါရဲ့ တွင်းဝနားမှာ တကောင်ချပါ။ ပြီးရင် နည်းနည်းဝေးဝေးမှာ နောက်တကောင် ချပါ။ ပြီးတော့ မြွေတွင်း မလှမ်းမကမ်းမှာ တကောင်ချ။ ဒီလို ချချသွားရင်းနဲ့ နောက်ဆုံးတကောင် ကိုတော့ မြွေတွင်းနဲ့ တော်တော်နီးတဲ့ နေရာမှာချ။

မြွေပါက ပထမတကောင်ကို တွေ့လိမ့်မယ်။ သူပြေးပြီး စားလိမ့်မယ်။ ပြီးတော့ နောက်တကောင်။ ပြီးတော့ နောက်တကောင်။ အဲလိုမျိုး တကောင်စီ စားပြီး နောက်ဆုံး မြွေတွင်းနားမှာ ရှိတဲ့ ငါးဆီကို သူလာလိမ့်မယ်။ ပြီးရင် သူမြွေကို အနံ့ခံလိမ့်မယ်။ မြွေနံ့ရရင် သတ်ချင် လာလိမ့်မယ်။ နောက်တော့ ရန်ပွဲကြီးတခု ဖြစ်လာပြီး မြွေကို သတ်လိုက်လိမ့်မယ်။ ဒီလိုဆိုရင် ခင်ဗျားရဲ့ ရန်သူ ဇာတ်သိမ်းပြီပေါ့။

"ဟာ ဒါဟာ အရမ်းကောင်းတဲ့ အကြံပဲ။ မင်း ပြောသလို ငါလုပ်မယ်" ဟု ကြိုးကြာငှက်က ဝမ်းသာအားရ ပြောလိုက်တယ်။ သို့နှင့် ကြိုးကြာငှက်လည်း ငါး လေး ငါးကောင် ဖမ်းပြီး အထက်က နည်းအတိုင်း ငါးများကို ချသည်။

ထိုနေ့ နံနက်တွင် မြွေပါတွင်းထဲက ထွက်လာသောအခါ ပထမငါး တကောင်ကို တွေ့တော့ မြွေပါက ငါးကို အငမ်းမရ စားလိုက်တယ်။ ဒီနေ့ တယ်ကံကောင်းပါလား ဟုတွေး၍ ဝမ်းသာအားရနှင့် ကခုန် ပျော်မြူးနေသည်။ ထို့နောက် ငါးတကောင်ကို ခပ်လှမ်းလှမ်းတွင် တွေ့မြင်ပြန်သည်။ စားလိုက်ပြန်ပါတယ်။

ထို့နောက် တကောင်၊ ထို့နောက် နောက်တကောင်။ တကောင်ပြီး တကောင် စားလာရာ နောက်ဆုံးတွင် မြွေတွင်းဝဆီ ရောက်လာခဲ့လေသည်။ သူ မြွေနံ့ ရလိုက်သည်။ ချက်ချင်းပင် မြွေပါသည် တွင်းထဲသို့ ဝင်သွားသည်။ အထဲသို့ ရောက်လျှင် ရန်ပွဲ အကြီးအကျယ် ဖြစ်ပြီး မကြာမီ ရန်ပွဲ ပြီးဆုံးသွားသည်။

မြွေပါက မြွေသေကောင်ကို ဆွဲထွက်လာတာကို မြင်တော့ ကြိုးကြာငှက်များမှာ အလွန်ပင် ပျော်ရွှင်နေကြသည်။ သူတို့ကို အမြဲတစေ ဒုက္ခပေးနေသော ယုတ်မာသည့်ရန်သူ သေသွားသောကြောင့် ဖြစ်သည်။

ထိုနေ့က စားစရာတွေကို သက်သက်သာသာနှင့် ရလိုက်သည့် မြွေပါဟာ နောက်တနေ့မှာ သစ်ပင်၏ ခြေရင်းသို့ ရောက်လာ ပြန်သည်။ ထို့နောက် မြွေပါသည် ကြိုးကြာငှက်သံများကို ကြားလိုက်ရသည်။ မြွေပါ ဝမ်းသာ သွားသည်။ သူ့အတွက် စားစရာ ရှိသော နေရာကို သူတွေ့ရှိသွား၍ ဖြစ်သည်။ မြွေပါသည် သစ်ပင်ပေါ်တက်ပြီး ကြိုးကြာငှက်ငယ် လေးများကို တကောင်ပြီး တကောင် စားလေသည်။

နောက်ဆုံးတွင် မြွေ မစားနိုင်၍ ကျန်ခဲ့သည့် ကြိုးကြာငှက် အားလုံးပင် သေဆုံးသွား ကြရှာသည်။ ကျန်သော ကြိုးကြာများလည်း ထိုနေရာမှ ပြောင်းပြေး ကုန်ကြသည်။ ဒုတိယ ရန်သူသည် ပထမ ရန်သူထက် ပိုဆိုးနေသည် မဟုတ်ပါလော။ ထိုနည်းဖြင့် ဂဏန်းသည်လည်း သူ့ရန်သူ ကြိုးကြာငှက်များကို အဝေးသို့ နှင်ထုတ်ပစ် နိုင်ခဲ့ပေသည်။

ကျားကြောက်လို့ ရှင်ကြီးခိုး၊ ရှင်ကြီး ကျားထက်ဆိုး။ ရှေ့လူက တချက်ခေါက်၊ နောက်လူက နှစ်ချက် ခေါက်တတ်တယ်။ ထို့ကြောင့် သင် အကူအညီတောင်းမည့် သူကို သတိထားပါ။

DrKhinMgNyo

Post a Comment

0 Comments