ဆရာငြိမ်း၏ ၂၇.၁.၂၀၂၂ မှ ၂.၂.၂၂၀၂၂ အထိ ၇ ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ဒီကာလအတွင်း အဆင်ပြေတိုးတတ် လာပါလိမ့်မယ်။ မိမိလုပ်သမျှ အောင်မြင်အကျိုးပေးပါလိမ့်မယ်။ အသင်းအဖွဲ့နှင့်လုပ်ရသော၊ groupနဲ့ လုပ်ရသော အလုပ်များလဲ အထူးအဆင်ပြေနိုင်တာကို တွေ့ပါတယ်။ မိမိဆိုင်လူ ဝင်ခြင်း၊ ဖောက်သည်သစ် တိုးခြင်းများလဲ အထူးကြုံနေရတတ်ပါတယ်။ လုပ်ငန်းခွင်ထဲမှာလဲ လူအများရဲ့ အားပေး ထောက်ခံခြင်းကို ရရှိပါလိမ့်မယ်။ အလုပ်ခွင်မှာ မျက်နှာပေးခြင်း ခံရပါလိမ့်မယ်။

ဘာသာရေးကိုင်းရှိုင်းသူများ ကံ အကျိုးပေး ပိုကောင်းနိုင်တဲ့ကာလပါ။ မွေးနေ့မှာ သားသတ်လွတ်စားနိုင်ရင် ပိုကောင်းပါတယ်။ အကျိုးဆောင် ပေးခြင်းများ၊ ဝန်ဆောင်မှုပေးခြင်းများ အထူးဆောင်ရွက်လို့ ကောင်းတဲ့ကာလပါပဲ။ ကိုယ်ပိုင်အလုပ်များ အလုပ်တိုးတတ်မဲ့ အချိတ်အဆက်တွေ ရလာတတ်ပါတယ်။ အနုပညာဆိုင်သောအလုပ်များ၊ စာပေရေးသားခြင်းများကို အားစိုက်လုပ်လို့အထူး ကောင်းပါတယ်။

ကျန်းမာရေးကတော့ အကောင်းဘက်ကို များနေတတ်ပါတယ်။ ခံစားနေရတဲ့ ဝေဒနာ တွေ တဖြည်း ဖြည်းနဲ့ သက်သာခွင့်တွေ ရလာပါလိမ့်မယ်။ အချစ်ရေးမှာတော့ ရလဒ်ကောင်းတွေ ရလာတတ် ပါတယ်။ ချစ်ခွင့်ပန် ထား သူများ ကောင်းမွန်သော အဖြေတွေ ရလာတတ်ပါတယ်။ အိမ်ထောင်ရေးအညံ့အဆိုး ကင်းနေ ပါလိမ့်မယ်။ အိမ်ထောင်ဘက်ဆီက လက်ဆောင်ကောင်း တွေရလာတတ်ပါတယ်။ ပညာရေးအကြောင်း ပြောရရင်တော့ မိမိကြိုးစားထားသမျှ အရာထင် တိုးတတ်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၂/ ၉ /၆

အထူးဟော ကံမြင့်မားနေပါလိမ့်မယ်။

ယတြာ သီလရှင်ကို ကြက်သွန်လှူပါ

တနင်္လာ

ဒီကာလအတွင်း ခရီးသွားလုပ်ငန်းများ၊ ကုန်သည်အလုပ်များလဲ အကျိုးအမြတ် နည်းနိုင်ပါတယ်။ ဆရာအလုပ်များ၊ သင်ကြားရေးနှင့်ပတ်သက်သော လုပ်ငန်းများအထူးတိုးတတ်မဲ့ ကာလပါပဲ။ ကျန်းမာရေးလဲ အများအားဖြင့် နေကောင်းကျန်းမာနေတာကို တွေ့ရပါတယ်။ တစ်ခုသတိထားရမှာက လည်ချောင်းနာတာ၊ အာသီရောင် တာ၊ လေပြွန်ရောင်တာမျိုးတွေ ဖြစ်လွယ်ပါတယ်။ မိမိအယူအဆတွေက အများနဲ့မတူ ကွဲထွက်နေတတ်ပါတယ်။ ဒါကလဲ ကောင်းတဲ့လက္ခဏာ တစ်ချက်ပါပဲ။

အတွေးအမြင်မတူတဲ့ စိတ်ကူးတွေ ရလာတတ်ပါတယ်။ သူတစ်ပါးကို ကူညီ ချင်စိတ်တွေ များနေတတ်ပါတယ်။ အရာရာအများအတွက် စဉ်စားပေးတတ်တာကြောင့် မိမိကို အထင်မကြီးသူ တွေတောင် အထင်ကြီးလေးစားခြင်းကိုခံရပါ လိမ့်မယ်။ တရားအားထုတ်တာကို စိတ်ပါသူများ ဒီကာလတွေမှာ တရားအရသာကို ကောင်းစွာခံစားမိပါလိမ့်မယ်။ ဝန်ထမ်းရင်တော့ မိမိက အမှန်အတိုင်းပြောဆိုလုပ် ကိုင် တတ်တာကြောင့် အချို့လူတွေ မကြိုက်တာမျိုးတွေ ကြုံရတတ်ပါတယ်။

အချစ်ရေးမှာ အထင်လွဲနေတာတွေ ပြေလည် သွား မည်။ စန်းအားကောင်းနေတာမို့ မင်္ဂလာကိစ္စတွေ ကြုံရတတ်ပါတယ်။ လူပျို/ အပျိုဟိုင်းကြီးများ အောင်သွယ်ကြောင့် ချစ်သူရတတ်ပါတယ်။ အိမ်ထောင် ရေးမှာလဲ အပေးအယူတည့်တည့်နဲ့ စိတ်ချမ်းသာရပါလိမ့်မယ်။ ပညာရေးကံ လဲ ကောင်းနေမည်။

အကျိုးပေးဂဏန်း ၃/ ၇ /ဝ

အထူးဟော စိတ်ချမ်းသာ ကြည်နူးစရာတွေ များမယ်

ယတြာ နို့စိမ်းခေါက်ဆွဲ ဘုရားကပ်လှူပေးပါ

အင်္ဂါ

ရှေ့တိုးဆောင်ရွက်စရာကိစ္စတွေကို လျှို့ဝှက်ပြီးလုပ်ပါ။ သူများကိုပြောပြလိုက်ရင် အဖျက်ဝင် သွားတတ်ပါ တယ်။ အချစ်ရေးနဲ့ပတ်သက်တဲ့ အတွင်းရေးတွေပေါက်ကြားတတ်ပါတယ်။ အလုပ်နဲ့ဆိုင်သော အရေးကြီးတဲ့ သတင်း အချက် အလက်တွေ ရောင်းစားခံရနိုင်ပါတယ်။ အဲဒါတွေကို အထူးသတိထားပါ။ ဘာလုပ်လုပ် အကျိုးဆက်ကို ကြည့်ပြီးလုပ်စေချင်ပါတယ်။ ခရီးကိစ္စတွေကိုတော့ အစီအစဉ်ဆွဲလို့ မကောင်းသေးပါဘူး၊ ရက်ရွှေ့ လိုရမယ် ဆိုရင်တော့ ရက်ရွှေ့ပါ။

အပျော်ခရီးများ၊ အပန်းဖြေခရီးများ မထွက်သင့်ပါဘူး။ တတ်နိုင်သမျှ ရေလမ်းခရီးမျိုး ရှောင် လိုက် စေချင်ပါတယ်။ ကျန်းမာရေးကတော့ ထိုင်နေရင်အကောင်း ထသွားမှကျိုးမှန်းသိ ဆိုသလို တစ်နေရာရာကို ခရီးထွက်လိုက်ရင် မြေပြောင်း၊ ရေပြောင်းကြောင့် ကျန်းမာရေး ညံ့သွားနိုင်ပါတယ်။ အရေး ကြီးတဲ့ ကိစ္စတွေကို နှုတ်ကတိနဲ့ မလုပ်ဘဲ စာချုပ်စာတန်းနဲ့လုပ်တာ အကောင်းဆုံးပါပဲ။

အချစ်ရေးမှာတော့ စိတ်ချမ်း သာရပါလိမ့်မယ်။ ဒါပေမဲ့ ချစ်သူရဲ့ အိမ်တွင်း‌ရေးကိစ္စတွေကို ဝင်ရောက်စွက်ဖက်ပြောဆိုတာမျိုး မလုပ်မိပါစေနဲ့။ အိမ်ထောင်ရေးကတော့ အထူးညံ့နေပါလိမ့်မယ်။ စီးပွားရေးကြောင့် အိမ်ထောင်ရေးအပေါ် ဂရုမစိုက်နိုင် ဖြစ်ရပါ လိမ့်မယ်။ ပညာရေး မှာတော့ အနည်းငယ် စိတ်မပါသလို ဖြစ်နေရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၁/ ၄/ ၈

အထူးဟော အပျော်မရှာပါနဲ့... အေးချမ်းစွာသာ ဖြတ်သန်းပါ

ယတြာ အာလူးကြော်ပြီး ဘုရားကပ်ပါ

ဗုဒ္ဓဟူး/ ရာဟု

ဒီကာလအတွင်း သားသမီး အတွက်ပူပန်ရတာမျိုးတွေ ငွေသုံးရတာမျိုးတွေ ကြုံရတတ်ပါတယ်။ လူမှုရေး ကိစ္စများ၊ သာရေးနာရေးကိစ္စတွေ ကြောင့်လဲ အချိန်ကုန်လူပန်းရတတ်ပါတယ်။ မိမိအတွက် လုပ်ငန်းခွင်အတွင်း ဖွဲ့စည်းပုံ တွေ၊ သီအိုရီတွေ ပြောင်းလဲသင့်ပါတယ်။ meeting တွေပြုလုပ်ပြီး ပိုမိုတိုးတတ်စေမဲ့လမ်းကြောင်းကို ရှာဖွေပါ။ ဒီကာလဟာ အလုပ်နဲ့ပတ်သက်ပြီး လက်ရှိအနေအထားထက် ပိုမိုကောင်းတဲ့ရလဒ်ကို ရရှိပါလိမ့်မယ်။

staff level တောင်မှ မိမိအတွက်အခွင့်အလမ်းကောင်းတွေ ပေါ် လာနိုင်ပါတယ်။ ကိုယ်ပိုင်စီးပွားများ လုပ်ငန်းချဲ့ ထွင် နိုင် သလို နားလည်တတ်ကျွမ်းသူတွေကို မေးမြန်းအကြံယူသင့် တဲ့နေ့ရက်တွေပါပဲ။ ကျန်းမာရေးကတော့ အထူး ကောင်း နေပါလိမ့်မယ်။ မိမိဖြစ်ချင်တာတွေကိုလဲ အားစိုက်လုပ်နိုင်ပါလိမ့် မယ်။ အိမ်ဝယ်ချင်သူများ ၊တိုက်ခန်း ဝယ်ချင်သူများ ဒီကာလမှာ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

အချစ်ရေးကိစ္စတွေမှာတော့ မိမိကိုယ်တိုင်က ချစ်သူ အပေါ်စိတ်ကုန် လွယ်ပါလိမ့်မယ်။ အရင်ကတည်းက ပြဿနာ အကြီးအကျယ်ဖြစ်ပြီးစကားများထားတဲ့ ချစ်သူစုံတွဲ များ ဒီကာလမှာ အပြီးအပိုင်ပြတ်စဲ သွားတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ အဆင်ပြေစိတ် ချမ်းသာရမဲ့ နေ့ရက် တွေပါပဲ။ ပညာရေးမှာတော့ စီးပွားရေး နဲ့ဆိုင်သောသင်တန်းများ တက်ရောက်လို့ အထူးကောင်းတဲ့ ကာလပါပဲ။

အကျိုးပေးဂဏန်း ၂ /၅ /၄

အထူးဟော အလုပ်အပေါ်သာ စိတ်နှစ်ထားပါ

ယတြာ ငှက်ပျော်ကြော် ဘုရားလှူဒါန်း ဆုတောင်းပါ

ကြာသပတေး

ဒီကာလအတွင်း ငွေကြေးနဲ့ အစုလိုက်ဝင်တာမျိုးတွေ ကြုံနေရတတ်ပါတယ်။ ကြန့်ကြာနေတဲ့ ငွေကြေးရှိရင်တော့ ပြန်လည်ရရှိ လာပါလိမ့်မယ်။ မိမိရောင်းစရာရှိတဲ့ အရောင်းပစ္စည်းများ ရောင်းထွက်ပါလိမ့်မယ်။ စိတ်ထဲလိုချင် တာလေးတွေ အပြင်လက်တွေ့မှာ ရလာတတ်ပါတယ်။ မိမိတောင်းတတာလေးတွေ ပြည့်ဝရနိုင်ပါတယ်။ လုပ်ငန်းကြီးများ သိသိသာသာ တိုးတတ်လာနိုင်ပါတယ်။ ကြော်ငြာခြင်း၊ promotion ပေးခြင်းဖြင့် ဒီကာလမှာ မိမိလုပ်ငန်းကို လူသိများအောင် လုပ်ဆောင်သင့်ပါတယ်။

ဘာသာရေးနဲ့ ပတ်သက်ရင်လဲ မိမိလှူချင်တဲ့ အလှူအတန်းတွေ လှူခွင့်ရ လာ တတ်ပါတယ်။ စိတ်ချမ်းသာစရာ အတွေးတွေကို တွေးပါ။ လူအများကိုတတ်နိုင်သ၍ ကူညီလိုက်ပါ။ အကျိုးဆက် အနေနဲ့ မိမိလဲ အဆင်ပြေ တိုးတတ်သွားပါလိမ့်မယ်။ ကျန်းမာရေးကတော့ ဂရုစိုက်ရလိမ့်မယ်။ အအေးပတ်တတ် တယ်။ ညဘက်နွေးနွေးထွေးထွေး မအိပ်မိတာကြောင့် နှာစေး၊ ချောင်းဆိုး၊ ဖျားနာ ဖြစ်တတ်ပါတယ်။ အအေးမခံပါနဲ့။ နွေးနွေးထွေးထွေးနေပါ။

အချစ်ရေးမှာတော့ အထူးအဆင်ပြေမယ်။ မေတ္တာတောင်းခံလို့ကောင်းပါတယ်။ မပြေ လည် တာတွေကို ပြေလည်နိုင်အောင်စွမ်း ဆောင် ခွင့်ရပါလိမ့်မယ်။ အိမ်ထောင်ရေးကတော့ အိမ်ထောင်ဘက် ခရီးများနေတာ တွေ့ရတယ်။ ပညာရေးအထူးကောင်းတဲ့ ကာလပါပဲ။

အကျိုးပေးဂဏန်း ၃/ ၆ /၅

အထူးဟော အလုပ်စီးပွားကံ အားကောင်းနေချိန်ပါ

ယတြာ သပြေပန်းဘုရားကပ်လှူပါ

သောကြာ

ဒီကာလအတွင်း လောင်းကစားလုပ်ခြင်းမျိုး အထူးရှောင်ပါ။ ရှိတာလေး ကုန်သွားပါလိမ့် မယ်။ စိတ်ကူးအယူ အဆအသစ်တွေ ရရှိရင်တောင်မှ ဒီကာလမှာအကောင်အထည် မဖော်လိုက်ပါနဲ့။ စက်ပစ္စည်း အဟောင်းဝယ်တာ၊ တစ်ပတ်ရစ် ဝယ်တာဆိုရင်တော့ သေချာစစ်ဆေးပြီးမှ ဝယ်ယူပါ။ အလုပ်နဲ့ပတ်သက်တဲ့ ခရီးတွေသွားနေရတတ်ပါ တယ်။ ငွေနောက်လိုက်ရင်တော့ လိုက်လေဝေးလေ ဖြစ်ရတတ်ပါတယ်။ လောဘတကြီး ငွေမရှာလိုက်ပါနဲ့။

အလုပ်နဲ့ ပတ်သက်ရင်တော့ ဝန်ထမ်းဆို အရာရာ ရှေ့ထွက်လုပ်ဆောင်ခြင်း မပြုပါနဲ့။ မိမိစလိုက်တဲ့ ကိစ္စတွေက အဆုံး မသတ်ဘဲ အခက်အခဲ များသွားနိုင်လို့ ပါပဲ။ ဒီအတိုင်း အနေအထားလေး ကိုပဲ တိုးတတ်အောင် လုပ်လိုက်ပါ။ အလုပ်သစ်ဆိုတာမျိုးတော့ တတ်နိုင်သလောက် ရှောင်လိုက်စေချင်ပါတယ်။ ကျန်းမာရေးကတော့ အညံ့အဆိုးသိပ် မများ ပါဘူး။ ကျန်းမာရေးကောင်းတဲ့သူ များပါလိမ့်မယ်။

စက်ပစ္စည်းများနဲ့ ကိုင်တွယ်လုပ်ကိုင်ရသူများ ထိခိုက်မိ တတ် ပါတယ်။ လျှပ်စစ်အန္တရာယ် ၊မီးအန္တရာယ် သတိပြုပါ။ အချစ်ရေး ကံကောင်းပါတယ်။ ဒါပေမဲ့ ချစ်သူနဲ့အနေဝေး နေရ တတ်ပါတယ်။ အိမ်ထောင်ရေး သာယာအဆင်ပြေပါလိမ့်မယ်။ အိမ်ထောင်ဘက်ရဲ့ အကြံ ဉာဏ်က မိမိအတွက် လက်တွေ့ အသုံးတည့်ပါလိမ့်မယ်။ ပညာရေးနဲ့ပတ်သက်ရင်တော့ ဆရာသင်ပြတာကို နားလည်ရ ခက်ခဲနေတတ် ပါတယ်။

အကျိုးပေးဂဏန်း ၄/ ၀ /၆

အထူးဟော ကံအညံ့ များနေတာတွေ့ရတယ်

ယတြာ ထန်းလျက်ခဲ လမ်းဘေးခွေးတွေကို ကျွေးပါ

စနေ

ဒီကာလအတွင်း ခရီးကိစ္စများ အကြောင်းအမျိုးမျိုးကြောင့် ပျက်ရတတ်ပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းများ၊ စက်မှု လုပ်ငန်းများ အထူးတိုးတတ် လာနိုင်ပါတယ်။ လုပ်ငန်းခွင် အနည်းငယ် အလုပ်များပြီး ပင်ပန်းရတတ်ပါ တယ်။ အရင်နေ့တွေ ကတည်းက အလုပ် အကြွေးတွေ မတင်အောင် လုပ်တတ်ဖို့လိုပါတယ်။ စိတ်ရှုပ်ထွေးစရာ လေးတွေများ နေတတ်ပါတယ်။ တွေဝေဒွိဟ ဖြစ်စရာလေးတွေ ကြုံနေရ တတ်ပါတယ်။

အလုပ်နဲ့ပတ်သက်ပြီး အပို ကိစ္စတွေ တတ်နိုင်သလောက်ရှောင်ပါ။ အပိုတွေလုပ်ပြီး အချိန်ကုန်တာကြောင့် တကယ်လုပ်ရမဲ့အလုပ်တွေ မပြီးဘဲ ဖြစ်ရတတ်ပါတယ်။ social media သုံးတာကိုလဲ တတ်နိုင်သလောက် လျော့ချလိုက်ပါ။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လဲ အလွန်အားနည်းချက်များပါတယ်။ ရာသီအကူးအပြောင်းကြောင့် ဖြစ်တဲ့ရောဂါတွေ ကြုံရတတ် သလို၊ အစားမှားဆေးမှား ဆိုတာမျိုးလဲ ဖြစ်ရတတ်ပါတယ်။

ငွေလက်ထဲ မထားပါနဲ့။ လက်ဝတ်ရတနာ ဖြစ်ဖြစ် ဝယ် ထားပါ။ လက်ထဲ ငွေထားရင် ကုန်စရာ ပေါ်လာတတ်ပါတယ်။ အချစ်ရေးကံကတော့ ဒီကာလမှာ အဆင်ပြေတတ်ပါ တယ်။ ချစ်သူက မိမိပင်ပန်းမှုတွေကို ပျော်စရာတွေနဲ့ ချွေးသိပ်ပေးပါလိမ့်မယ်။ အိမ်ထောင်ရေးမှာလဲ စိတ်ချမ်းသာရမဲ့ ကာလလို့ သိရပါတယ်။ ပညာရေးမှာ ထင်သလောက် မထွန်းပေါက်သလို ဖြစ်လိမ့်မည်။

အကျိုးပေးဂဏန်း ၁/ ၅/ ၇

အထူးဟော ကံသင့်တဲ့ကာလပါပဲ။

ယတြာ ကြက်ဥပေါင်မုန့်ကြော် ဘုရားကပ်ပါ

၇ ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ (ဗေဒင်သုတေသီ)

Post a Comment

0 Comments